RCSS/SSA နှင့် PSLF/TNLA တို့အကြား စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ၂၃ ဦး ပျောက်ဆုံး နေ



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်း လွှတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ကြား နယ်မြေ အငြင်းပွားမှု ပြသနာကြောင့် ကျေးရွာလူထု ၂၃ ဦး ဖမ်းဆီး ထိမ်းသိမ်းခံထားရသည်ဟု နမ့်ခမ်းမြို့ခံများ က ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ နှင့် လူမှုညီညွှတ်ရေးအသင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ (၆) ရက်နေ့ ရက်စွဲဖြင့် ပူးတွဲ ထုတ်ပြန်ကြေငြာချက် တစ်စောင်ထုတ်ပြန်ရာ - နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ နမ့်ခမ်းမြို့နယ် မိုင်းဝီး နှင့် ဟိုပန်ကျေးရွာအုပ်စု အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ နှင့် တအာင်းလွှတ် မြောက်ရေးတပ်မတော် PSLF/TNLA တို့ထိတွေ့တိုက် ပွဲဖြစ်ပွား စဉ်က PSLF/TNLA တပ်ဖွဲ့ မှ ဖမ်း ဆီး ထားသော အပြစ်မဲ့ပြည်သူ (၂၃) ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည် ။


ပူးတွဲကြေငြာချက် ထုတ်ပြန်ရခြင်းအကြောင်းမှာ  PSLF/TNLA ဘက်မှဖမ်းဆီးထားသော သူများမှာ RCSS/SSA နှင့် မပတ်သက်သော အပြစ်မဲ့ပြည်သူများသာဖြစ်ကြောင်း ၊ မတရား သဖြင့်ဖမ်းဆီးခံရ ကြောင်း မိုင်းဝီးဒေသခံများက နမ်ခမ်းမြို့ရှိ SNDP နှင့် လူမှုညီညွှတ်ရေး အသင်း အဖွဲ့ထံတိုင်ကြား ထားသဖြင့် ပူးတွဲကြေငြာချက်ကိုထုတ်ပြန်ရပါသည်ဟု UP လူမှုညီ ညွှတ်ရေးအသင်း အလုပ် အမှုဆောင် အဖွဲ့ဝင် စိုင်းမောက်ဆိုင် ကဆိုသည် ။


“ RCSS/SSA အဖွဲ့သည် သျှမ်းစစ်သားဖြစ်သလို PSLF/TNLA သည်လည်း တအာင်းစစ် သား ဖြစ်ပြီး သျှမ်း ပြည်နယ် အတွင်း အတူတကွ နေထိုင်လာကြသော တိုင်းရင်းသားအချင်းချင်း ဖြစ်ကြောင်း ၊ အချင်းချင်း တိုက်ပွဲဖြစ်နေသည်ကိုလည်း မလိုလားကြောင်း ၊ PSLF/TNLA ဘက်မှ ဖမ်းဆီးထား သော ဒေသခံရွာသားကိုအမြန်ဆုံးလွှတ် ပေးစေလိုကြောင်း ” - လူမှု ညီညွှတ်ရေးအသင်းအလုပ် အမှုဆောင်အဖွဲ့ဝင် စိုင်းမောက်ဆိုင် က သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။


တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA ကလည်း ဒီဇင်ဘာ ၆ ရက်နေ့ က အချက် ၅ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်ရှင်းလင်းခဲ့သည် ။


အမှတ် ၅ အချက် တွင် - တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA  နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA အကြားဖြစ်ပွားနေသည့် နှစ်ဘက်ထိတွေ့မှုတိုက်ပွဲများသည် အဖွဲ့အစည်းနှစ်ခု  အကြား လက်နက်ကိုင်ပဋိပက္ခသာဖြစ်ကြောင်း ၊ တအာင်းလူမျိုးနှင့် သျှမ်း လူမျိုးအကြား လူမျိုးရေး ပဋိပက္ခ မဟုတ်ကြောင်း ၊ ထို့အပြင် တအာင်းတပ်မတော် TNLA သည် လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲ များတွင် အပြစ်မဲ့ ဒေသခံ ပြည်သူလူထုအား ဖမ်းထိန်း သိမ်း ထားခြင်း ရိုက်နှက်နှိပ် စက်ခြင်း လုံးဝ မပြုရကြောင်း - ထုတ်ပြန်ကြေငြာထားသည် ။


ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် မိုင်းဝီးဒေသ အထင်ကရ ဆရာတော် ကြီး ဘဒ္ဒန္တ နန္ဒာစရိယ ဆရာတော် နှင့် တအာင်း ပလောင် စာပေ နှင့် ယဉ်ကျေးမှု မိုင်းဝီး ၊ ကချင်စာပေ ယဉ်ကျေးမှု မိုင်းဝီး အပါဝင် တရုတ် ၊ သျှမ်း ၊ နှင့် ဒေသခံရပ်မိရပ်ဖများစုပေါင်းကာ ဖမ်းဆီးခံထားရသည့် မိုင်းဝီးရွာသား ၃ ဦး ၊ ဟိုပင်ရွာသား ၉ ဦးအား လွှတ်ပေးရန် တအာင်းတပ်ဖွဲ့၏ အမှတ် ၄၇၈ တပ်ရင်းမှူးထံ လိပ်မူကာ အထူးမေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါသေးသည် ။


၂၀၁၅ နိုဝင်ဘာလ (၂၇) ရက်နေ့မှ စပြီး RCSS/SSA တပ်ရင်းအမှတ် (၇၀၁) နှင့် PSLF/TNLA တအာင်း လွှတ်မြောက်ရေးတပ်မတော်တို့ နယ်မြေအငြင်းပွားမှုကြောင့် တိုက် ပွဲစတင်ဖြစ်ပွားပြီး ယနေ့အထိစစ်ပြေးရှောင် ၂၆၀ ကျော်ရှိနေကြောင်း ၊ ၄င်းတို့သည် မိုင်းဝီး ကျေးရွာထဲတွင်လာ ရောက်ခိုလှုံနေကြရပြီး အရေးပေါ်အကူအညီများလဲ လိုအပ်နေကြောင်း  ဒေသခံများထံမှ သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates