သျှမ်းလူမှု အဖွဲ့အစည်းနှင့် UNHCR တို့တွေ့ဆုံ သျှမ်းပြည် စစ်ဘေးရှောင်များ အကြောင်းဆွေးနွေး
ဒီဇင်ဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံရောက် သျှမ်းလူမှုအဖွဲ့အစည်းနှင့် ကုလသမဂ္ဂများဆိုင်ရာ ဒုက္ခသည် များ မဟာမင်းကြီးရုံး UNHCR တို့တွေ့ဆုံကြရာ သျှမ်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည် ။
UNHCR ကုလသမဂ္ဂများဆိုင်ရာ ဒုက္ခသည်များ မဟာမင်းကြီးရုံး မှ ကိုယ်စားလှယ်များနှင့် သျှမ်းလူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Young Come ဟိုတယ်တွင် တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်ပြီး သျှမ်းလူမှု အဖွဲ့ အစည်းမှကိုယ်စားလှယ်များ အပြင် လက်နက်ကိုင်အဖွဲ့အစည်းမှ ကိုယ်စားလှယ် တချို့လည်း ပါဝင်သည်ဟု သိရသည် ။
မြန်မာနိုင်ငံမှလာသည့် ကိုယ်စားလှယ်အပါအဝင် UNHCR ဘက်က ၈ ယောက်ရှိကြောင်း ၊ ပြီးခဲ့သည့်ရွေး ကောက်ပွဲ အကြောင်းနှင့် အပစ်ရပ်ရေး အကြောင်းများအပြင် စစ်ဘေးရှောင်သူများ ၊ နယ်စပ်ရောက် စစ်ဘေးရှောင်သူများအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သျှမ်းလူမှု အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က သျှမ်းသံတော်ဆင့်အား ပြောပြသည် ။
“ သဘောတူညီချက်ကတော့ ယူအဲန် ဘက်ကနေ စစ်ဘေးဒဏ်ထိနေသူတွေကို ကူညီပေးဖို့ ပေါ့ ။ သျှမ်းပြည်မြောက်ပိုင်း မှာဖြစ်နေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ စစ်ဘေးရှောင်တွေ အကူအညီကောင်း စွာ ရရှိနိုင်ရေးအတွက် အစိုးရနဲ့တပ် မတော်ကို ဖိအားပေး ပြောဆိုပေးဖို့။ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေလည်း စစ်ရှောင်လူထုထံကို လွတ်လပ်စွာ ဝင်ရောက် ကူညီခွင့်ပေးဖို့ စတာတွေကိုတင်ပြ တော့ သူတို့က မှတ်သားသွားတယ် ။ ” - ဟု စိုင်းခေးဆိုင်က ပြောသည် ။
ထို့အပြင် လက်ရှိ နေရပ်စွန့်ခွါတိမ်းရှောင်နေရသည့် ဒေသခံများ နေရပ်ပြန်နိုင်အောင် ၊ အစိုးရသစ်တက်လာပြီး နောက် တိုက်ပွဲများထပ်မံမဖြစ်ပွါးအောင် ၊ တန်းတူညီမျှသော လူ့အခွင့်အရေးများရရှိ လာအောင်အစရှိပြုပြင်ပြောင်း လဲမှုများ လိုအပ်နေ သဖြင့် လက်ရှိအစိုးရအနေဖြင့် အတွေးအခေါ် ပြောင်းလဲပြီး ဆောင်ရွက်ပေးရန် ၊ ထိုသို့မဟုတ်ပါက အစိုးရ အားဖိအားပေးနိုင်အောင် နိုင်ငံတကာ အင်အား လိုအပ်ကြောင်း အစရှိသည်တို့ ကိုပါဆွေးနွေးခဲ့သည်ဟု သိရသည် ။
UNHCR ၏မြန်မာနိုင်ငံ ကိုယ်စားလှယ်ကလည်း အဆိုပါဆွေးနွေးချက်များ အားမှတ်ယူပြီး တပ်မတော်နှင့် မြန်မာ အစိုးရအား တင်ပြဆွေးနွေးမည်ဟု ဆိုပါသည် ။
အစိုးရတပ်မတော်သည် အောက်တိုဘာလ ၆ ရက်နေ့ကတည်းက သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မ တော်အား အင်အားသုံးပစ်ခတ် တိုက်ခိုက်ခဲ့သည် ။ ထို့ကြောင့် ဒေသခံလူထု သောင်းကျော်နေရပ်မှစွန့်ခွါကာ ဘေးကင်းရာဒေသသို့ စစ်ရှောင်နေရကြောင်း ၊ တိုက်ပွဲကာလ ကြာမြင့်သည်နှင့်အမျှ ဒေသခံလူထုတို့မှာ ဖမ်းဆီးရိုက်နှက်ခြင်း ၊ သတ်ဖြတ်ခံရခြင်းအစရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများလည်း များပြားလာကြောင်းလည်း စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် လူငယ်အဖွဲ့က စစ်တမ်းကောက်ယူရာမှ သိရှိရသည်ဟုလည်း ဆိုပါသည် ။
Tags: General, News