နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် TNLA ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွါး
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အဝင်တွင် သျှမ်းပြည်တပ်မတော် အမည်ရ RCSS/SSA ၏ စစ်ကြောင်းတအား တအာင်း (ပလောင်)လွတ်မြောက်ရေးတပ် TNLA မှ ခြုံခိုတိုက်ခိုက်သောကြောင့် ၃ ဦးကျဆုံးပြီး ၂ ဒဏ်ရာရရှိသည်ဟု RCSS/SSA သတင်းစာမျက်နှာဖြစ်သည့် တိုင်းဖရီးဒမ်းဝပ်ဆိုဒ်က ဒီဇင်ဘာ ၂ ရက်နေ့က ရေးသားဖေါ်ပြသည် ။
ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲပါ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်သတင်း နှင့် ပြန်ကြား ရေးဌာနကလည်း နိုဝင်ဘာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နှင့် မန်တုံမြို့ နယ်အတွင်းကျူးကျော်ဝင်ရောက်လာသည့် RCSS/SSA စစ်ကြောင်း နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ် ပွားသည်ဟု ထုတ်ပြန်ထားသည် ။
“ ကျနော်တို့ဌာနချုပ်လွယ်တိုင်းလျဲန်းမှာ NCA ဆိုင်ရာသင်တန်းလာတက်ပြီး လူထုကို ပြန်ရှင်းပြဖို့ အမှတ် ၇၀၁ စစ်ဒေသ (ရွှေလီမြစ်ဝှမ်းဒေသ) ကို ပြန်တဲ့ ကျနော်တို့ စစ်ကြောင်းကို ပလောင်တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်တာ ။ ကျနော်တို့စစ်ကြောင်း အဲဒီ့ဘက် ဖြတ်ပြန်မယ်ဆိုတာ သူတို့ဆီကိုလဲ အကြောင်း ကြားတာဘဲ။ ဘာဖြစ်လို့စောင့်တိုက် တာလဲမသိဘူး ။ ပြသနာဒီ့ထက်ပို မကြီးလာအောင် သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေပါတယ် ” - ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည် ။
နိုဝင်ဘာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ အထိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား လက်နက်ကြီးများ ကူညီ ပစ်ခတ်ပေးသည်ဟု TNLA ဘက်မှ ထုတ်ပြန်သည် ။
“ ကျနော်တို့က ဘယ်သူ့ဆီကမှ အကူအညီမယူဘူး ။ ယူဖို့လည်းအစီအစဉ်မရှိဘူး ။ ပလောင် နဲ့ အစိုးရ တပ်မတော်က နဂို ကတည်းက တိုက်ခိုက်နေတာဘဲ အဲဒီ့ဘက်မှာ ၊ အဲဒါ သူတို့ အချင်းချင်း ကိစ္စ ” - ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည် ။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်း နောင်မတာရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အမှတ် ၇၀၁ စစ်ဒေသ ဌာနချုပ်အား ၂၀၁၃ ခု နှစ်ဦးပိုင်းက မြန်မာ့တပ်မတော် မှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်သိမ်းပိုက်သည်။ ထိုစဉ်မှ စ၍ အမှတ် ၇၀၁ စစ်ဒေသ စစ်သည်များ တစုတစည်းတည်းရှိမနေတော့ဘဲ ဖြန့်ကျက်နေထိုင်ရသည် ။ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း အဆိုပါဒေသသို့နေရပ်ပြန်ဖို့ ကြိုးစားရာမှ တအာင်းလက်နက်ကိုင်တပ်ဖွဲ့နှင့် နယ်မြေအငြင်းပွားမှု ဖြစ်ပွားလာ ခြင်းဖြစ်သည် ။
Tags: News, War