သျှမ်းအမျိုးသားညီညွတ်ရေး ခေါင်းလောင်းထိုးသံ (ဆောင်းပါး)
လွန်ခဲ့သော နှစ်နှစ်ဆယ်ကာလအတွင်း မြေပြန့်ဒေသရှိ နိုင်ငံရေးအသိုင်းအဝန်းများအပါဝင် ကျန်တိုင်းရင်းသား အင်အားစုများနှင့်ပါ ဖက်လဲတကင်းမရှိလှသော ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA/UWSP အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ၄င်း၏ ဌာနချုပ်သို့ ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေး အတွက် ညီလာခံကို ၂၀၁၅ ခုနစ်အတွင်း နှစ်ကြိမ်တိတိ လက်ခံကျင်းပပေးခဲ့သည် ။
ပထမအကြိမ်မှာ ၂၀၁၅ မေလအတွင်းက ဖြစ်ပြီး ဒုတိယအကြိမ်မှာ နိုဝင်ဘာလအတွင်းက ဖြစ်ပါသည် ။ နှစ်ကြိမ်စလုံးကို ပြန်လည် သုံးသပ်ကြည့်မည်ဆိုလျှင် ပထမအကြိမ်တွင် NCA နိုင်ငံလုံးဆိုင်ရာအပစ်ခတ် ရပ်စဲ ရေး လက်မှတ်ထိုးရန် သေချာနေခဲ့ပြီဖြစ်သော KNU ၊ RCSS/SSA စသောအဖွဲ့များ ပါဝင်နေခဲ့သလို မြန်မာနိုင်ငံမြောက်ပိုင်းမှ မဟာမိတ်အဖွဲ့များဖြစ်သည့် ကေအိုင်အေ ၊ တအာင်းပလောင် ၊ SSA/SSPP ၊ MNDAA ကိုးကန့် ၊ NDAA မိုင်းလား ၊ AA ရခိုင့်တပ်မတော် စသောအဖွဲ့များပါ ပါဝင်ခဲ့ပြီး ကရင်နီ KNPP နှင့် မွန်ပြည်သစ်ကဲ့သို့ အဖွဲ့များလည်းပါဝင်ခဲ့ပါသည် ။
ပထမအကြိမ်ဆွေးနွေးပွဲများ၏ အဓိက ဆွေးနွေးချက်များကို ပြန်ချုပ်ကြည့်မည်ဆိုလျှင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် အားလုံးပါဝင်ရေးနှင့် တိုင်းရင်းသားအခွင့်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ၀ တပ်ဖွဲ့မှအားပေးထောက်ခံမှုများ ပြုလုပ်သွားရေးနှင့် အပြန်အလှန်အားဖြင့် ၀ ပြည်နယ်ရရှိရေးအတွက် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထောက်ခံရေး အတွက် ဦးတည်ခဲ့သည်ကို တွေ့ရသည် ။
ဒုတိယ အကြိမ်မြောက် ဆွေးနွေးပွဲတွင်မူ နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးတွင် လက်မှတ်မထိုးသေး သည့်အဖွဲ့များ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအပြီးတက်လာသည့် အစိုးရအဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် ၊ အားလုံးပါဝင်မှသာ လက်မှတ်ရေးထိုးရန် စသည့်အချက်များကို သဘောတူခဲ့သည်ကို တွေ့ရသည် ။
စာရေးသူအနေဖြင့် သတိပြုမိသည်မှာ တရုတ်၏ မြန်မာ့တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ သဘောထားပြောင်းလဲလာခဲ့ပြီးသည့်နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် ၀ နှင့် ပတ်သက်ဆက်နွယ်မှု ပို၍ နီးစပ်လာခြင်းပင်ဖြစ်သည် ။ အစဉ်အလာအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ လက်ထက်က လက်တွဲခဲ့ကြသည့် ၀ ၊ မိုင်းလား ၊ ကိုးကန့် MNDAA နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့မှာ မဟာမိတ်ဆက်ဆံရေးရှိသည့်အဖွဲ့များ ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ ၀ တပ်ဖွဲ့၏ သြဇာမှာ ကျန် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်ဖွဲ့ TNLA/PSLF ၊ AA ရခိုင် တို့အပါဝင် ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အဖွဲ့ အစရှိသည့်အဖွဲ့များအပေါ်တွင်ပါ သက်ရောက်မှုရှိလာခဲ့သည်ကို တွေ့ရပါသည် ။ သာဓက အားဖြင့် KIA ခေါင်းဆောင်များအကြား ပြသနာများဖြစ်ပွားပြီး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်နေစဉ်ကာလအတွင်း KIO ၏ ဒုတိယ ဥက္ကဌဖြစ်ပြီး အာဏာရှိသူတဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး အန်ဘန်လမှာ ၀ ဌာနချုပ် ပန်ဆန်းတွင် ရောက်ရှိနေခဲ့ပါသည်။ယင်းအပြင် ပလောင်အဖွဲ့မှာလည်း ကိုးကန့် စစ်ပွဲအပြီးတွင် လက်နက်ကိုင်ဆောင်နိုင်မှု ပိုမိုများပြားလာခဲ့ပြီး ပြည်နယ်အရေးတောင်းဆိုသံများမှာ ပိုမိုကျယ်လောင်လာပါသည်။ ၀ တပ်ဖွဲ့တင်မကပဲ ၀ တိုင်းရင်းသားပါတီများမှလည်း ပြည်နယ်တောင်းဆိုသံများ ထွက်ပေါ်လာခဲ့သည်။ တောင်းဆိုနေသည့် နေရာများကို ကြည့်ပါက မြောက်ပိုင်း ၆ မြို့နယ် ၊ တောင်ပိုင်း မိုင်းတုံ၊ မိုင်းဆတ် နယ်မြေများအပြင် ကျိုင်းတုံ ၊ လားရှိုး ၊ တန့်ယန်းကဲ့သို့သော နယ်မြေများပင် ထည့်တွင်းတောင်းသည်ကို တွေ့ရပါသည် ။
အင်အားအကြီးဆုံးလက်နက်ကိုင်အဖွြဲ့ဖစ်သည့် ၀ တပ်ဖွဲ့ပိုမို အင်အားတောင့်တင်းလာခြင်း ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ၀တပ်ဖွဲ့၏ သြဇာပိုမို မြင့်မားလာခြင်း ၄င်းနှင့် ဆက်စပ်အဖွဲ့များဖြစ်သည့် KIA ၊ တအာင်းပလောင် စသည့်အဖွဲ့များ၏ ပြည်နယ်တောင်းဆိုနယ်မြေများတွင် မူဆယ် ၊ နမ့်ခမ်း စသည့် နယ်မြေများ ပါဝင်လာခြင်းတို့ကြောင့် သျှမ်းပြည်နယ်နေ သျှမ်းတိုင်းရင်းသားများအတွက် သတိထားစရာ ဖြစ်လာနေပါသည် ။
တဆက်တည်းတွင်လည်း သျှမ်းတိုင်းရင်းသားအင်အားစုများကို ကြည့်မည်ဆိုပါက သျှမ်းပြည်နယ်အတွင်း တွင်ပင် SNLD ကျားခေါင်းပါတီ ၊ SNDP ကျားဖြူပါတီ ၊ သျှမ်းအရှေ့ပါတီ ESSDDP ၊ SSPP/SSA သျှမ်းပြည် တပ်မတော်မြောက်ပိုင်း ၊ RCSS/SSA သျှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ရှိနေပါသည်။ အခြား ပြည်နယ် ပြင်ပမှ သျှမ်းမျိုးနွယ်စုများကို ကြည့်လျှင်လည်း သျှမ်းနီပါတီ နှစ်ပါတီရှိနေသလို အဆိုပါ သျှမ်းမျိုးနွယ်စု များမှာ လည်း ကချင် ၊ စစ်ကိုင်းအထက်ပိုင်း စသဖြင့် တစ်ပါးသူလွှမ်းမိုးမှုအောက်တွင်သာ ရှိနေဆဲ အနေ အထား ဖြစ်နေပါသည်။ လတ်တလော ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တအာင်းပလောင် ၊ ပအိုဝ်း ၊ ၀ ၊ သျှမ်းနီ စသဖြင့် ပြည်နယ်သစ်တောင်းဆိုမှုများရှိခဲ့ရာ အားလုံးသည် သျှမ်းမျိုးနွယ်စုများနှင့် သက်ဆိုင်သော ကိစ္စရပ်များဖြစ်နေသည်ကိုလည်း တွေ့ရပါသည် ။
သျှမ်းပြည်နယ်အတွင်းကိုပဲ ကြည့်မည်ဆိုလျှင် မိုင်းလားကဲ့သို့ သျှမ်းအများစုရှိခဲ့သော နယ်မြေမှာ ( အခါများက နောက်မှ ရောက်လာ ) NDAA မိုင်းလားအဖွဲ့၏ အုပ်ချုပ်မှုဖြင့် အခါကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတောင်းခံနေပြီး ၊ ၀ မှာလည်း မူရင်းဒေသတွင်သာမက ထိုင်းနယ်စပ်တွင်လည်းရှိနေကာ သံလွင်အရှေ့ခြမ်းတခြမ်းလုံး ၄င်းတို့နှင့် သက်ဆိုင်သည့် သဘောများ ပြောနေပြီဖြစ်ပါသည် ။ တအာင်းပလောင်အင်အားစုများအနေဖြင့်လည်း တအာင်းပလောင်မျိုးနွယ်စုနေထိုင်ရာ ဒေသအားလုံကို ပလောင်ပြည်နယ်အဖြစ်သတ်မှတ်နိုင်ရေး ရှေ့ရှူနေ သည်ကို တွေ့ရပါသည် ။ ဥပမာအားဖြင့် တောင်ပေါ်နေ တအာင်းပလောင် ၊ မြေပြန့်နေ သျှမ်းမျိုးနွယ်စုများနေ ထိုင်ရာ နမ့်ခမ်းမြို့ ( အရေအတွက် သျှမ်းမျိုးနွယ်စု ပိုများ ) ကို ပလောင်ပြည်နယ်အတွင်းထည့်သွင်းရန် တောင်း ဆိုနေရုံမက ပလောင်ဒုက္ခသည်များကိုပါ နမ့်ခမ်းမြို့အတွင်း TNLA/PSLF မှ မောင်းသွင်းခြင်းများလည်း ပြုလုပ် နေပါသည် ။
ယင်းအပြင် ယခင်က ကေအိုင်အေ၏ ထောက်ပံ့မှုဖြင့် အဓိက ရပ်တည်ခဲ့ရသော တအာင်းပလောင် TNLA/PSLF မှာ အတည်မပြုနိုင်သော သတင်းများအရ ၀ တပ်ဖွဲ့မှ ကူညီပံ့ပိုးပေးနေဖွယ်ရှိသဖြင့် ( သေချာ သည်ကတော့ တအာင်းပလောင်အဖွဲ့အနေဖြင့် စစ်လက်နက်ပစ္စည်းများ ပိုမို သုံးစွဲလာနိုင် ) မြစ်အရှေ့ ဘက်ကမ်းတွင် ၀ ၊ အနောက်ဘက်ကမ်းတွင် တအာင်း (ပလောင်) ဆိုသောအနေထားမှာ သျှမ်းမျိုးနွယ်စုများ အတွက် သတိပြုဖွယ် အခြေနေပင်ဖြစ်ပါသည် ။
ပွင့်လင်းစွာပြောဆိုရမည်ဆိုလျှင် သျှမ်းခေါင်းဆောင်များအနေဖြင့် တိုင်းရင်းသားအရေး ကြိုးပမ်းနေသည်မှာ မှန်သော်လည်း တဖြည်းဖြည်းချင်း မိမိမျိုးနွယ်စု၏ နယ်မြေပိုင်ဆိုင်မှုများ ကျဉ်းမြောင်းလာသည်ကို ဂရုပြုသင့် သည့် အချိန်ကာလကို ရောက်ရှိနေပြီဖြစ်သည် ။
သျှမ်းပြည်နယ်အတွင်း အဓိက အင်အားစု လေးစုဖြစ်နေသည်မှာလည်း သျှမ်းပြည်သူများအတွက် လတ်တလောတွင် မနှိပ်လှသည့်ကိစ္စပင်ဖြစ်သည်။ ပါတီချင်း လက်နက်ကိုင်အချင်းချင်း ပေါင်းစည်းရန် အချိန်အခါကျရောက်နေပြီဖြစ်သည် ။
ပါတီချင်းပေါင်းစည်းရေးအတွက်လည်းရွေးကောက်ပွဲအနိုင်ရ SNLD ပါတီအနေဖြင့် သဘောထားကြီးစွာ လမ်းဖွင့်ပေးရမည်ဖြစ်ကာ ကျားဖြူပါတီတာဝန်ရှိသူများဘက်မှလည်း ယခုအချိန်သည် ပြည်သူများအတွက် တဘက်နှင့်တဘက် အပြစ်ပြောရမည့်အချိန် မဟုတ်တော့သည်ကို သတိပြုသင့်ပေသည်။ယင်းအပြင် သျှမ်းပြည်နယ်ရှိအဓိက ပါတီများအနေဖြင့် အခြားသျှမ်းမျိုးနွယ်စုများဖြစ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်မှ သျှမ်းမျိုးနွယ်စုများအရေးကိုလည်း မမေ့သင့်ပေ ။
လက်နက်ကိုင်ပေါင်းစည်းရေးမှာ အနည်းငယ်ခက်ခဲဖွယ်ရှိသော်လည်း တဘက်နှင့်တဘက် လမ်းဖွင့်ပေးနိုင် သည့် နည်းလမ်းများရှိနိုင်ပါသည် ။ သျှမ်းတပ်မတော်မြောက်ပိုင်းအနေဖြင့်လည်း တချိန်လုံး ၀ ကို မှီခိုနေရခြင်း သည် အဖြေမဟုတ်ပဲ တန့်ယန်း ၊ လားရှိုးကဲ့သို့ ဒေသများကိုပါ ၀ များက ပြည်နယ်သတ်မှတ်ပေးရေးတောင်း ဆိုလာသည်ကို သတိပြုသင့်ပါသည် ။ မကြာမှီတက်လာမည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ဆက်ဆွေးနွေးမည်လား မျက်လုံးမှိတ်၍ တိုက်နေမည်လား ဆိုသည်ကိုလည်း စဉ်းစားရန်လိုပါသည် ။ သျှမ်းတပ်မတော်တောင်ပိုင်းအနေဖြင့်လည်း အတိတ်က နှစ်ဖွဲ့အကြားဖြစ်ခဲ့သည့် ကိစ္စရပ်များကို မေ့ပစ်ရန် အချိန်ကျရောက်ပြီဖြစ်ပါသည် ။ အင်အားတောင့်တင်းသည့် သျှမ်းတပ်မတော်တောင်ပိုင်းအနေဖြင့်လည်း သဘောထားကြီးစွာဖြင့် မြောက်ပိုင်းနှင့် ဆွေးနွေးရန် ညီအရင်း အစ်ကိုပမာ ကမ်းလှမ်းသင့်ပါသည် ။
ပကတိလိုအပ်နေသည့် အကြောင်းအရာ တရပ်မှာ သျှမ်းအင်အား စုပေါင်းစုံပါဝင်သည့် ဆွေးနွေးပွဲတရပ် ကျင်းပရန် ဖြစ်ပါသည် ။ တိုင်ပင်ဆွေးနွေးပူးပေါင်းဆောင်ရွက်ကြမှာသာ အနာဂတ်နိုင်ငံရေးအခင်းကျင်းတွင် သျှမ်းအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာဖြင့် ပြည်သူ ပြည်သားအကျိုးသယ်ပိုးနိုင်ကြမည်ဖြစ်ပါသည် ။
တရုတ်၏ တိုင်းရင်းသားအရေး မူဝါဒသစ်အရ ၀ ၊ မိုင်းလားစသည့် တရုတ်နယ်စပ်အဖွဲ့စည်းများဗဟိုပြု၍ ကူညီ ပံ့ပိုးမှု ၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပန်ဆန်းဗဟိုပြုလှုပ်ရှားလာမှု ၊ ယင်းအဖွဲ့ များ နှင့် ဆက်နွယ်တိုင်းရင်းသားများ၏ နယ်မြေတောင်းခံမှုများတွင် သျှမ်းလူမျိုးများနှင့် သက်ဆိုင်သော နယ်မြေများ ပါဝင်နေမှုမှာ သျှမ်းအင်အားစုများအတွက် ညီညွတ်ကြရန် အချက်ပေးခေါင်းလောင်းသံပင်ဖြစ် ပါသည်။သျှမ်းအမျိုးသားများ မညီညွတ်လျင် သျှမ်းပြည်တိုင်းရင်းသားများညီညွတ်ရေးကို တည်ဆောက်နိုင်မည်မဟုတ် ။ လူမျိုးကြီးဝါဒ အာဏာရှင်စနစ်အောက်မှလည်း လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ ။
Tags: Feature