NCA လက်မှတ်ထိုးပြီးနောက် အစိုးရတပ် နှင့် ပထမ ဆုံးအကြိမ်တိုက်ပွဲဖြစ် RCSS တဦးကျ



သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးဒေသတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား NCA စာချုပ်ချုပ်ဆိုသည့် နောက်ပိုင်း ပထမ ဆုံးအကြိမ်တိုက်ပွဲ ဖြစ်ပွားသည် ။


ဒီဇင်ဘာ ၃၁ ရက် ၂၀၁၅  ခု မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၄၀ မိနစ်အထိ ခလရ ၂၇၈ က မိုင်းပြင်းမြို့ တောင် ဘက် မိုင်းပူးလုံကျေးရွာ အုပ်စု ဘက်တွင် အခြေချ နေထိုင် သည့် သျှမ်းပြည်တပ်မတော်အား လာရောက်တိုက်ခိုက်သည်ဟု သိရသည် ။


“ ကျနော်တို့ကို တပ်မတော် စစ်ကြောင်းက လာရောက်တိုက်ခိုက်တာ ။ ကျနော်တို့ဘက် ၁ ယောက် ကျဆုံးတယ် ။ တယောက် ဒဏ်ရာရတယ် ။ အစိုးရတပ်ဘက်ကလည်း သေကြေဒဏ်ရာရတာရှိတယ် ။ အရေအတွက်အတိအကျတော့ မသိရသေးဘူး ” - ဟု  RCSS ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည် ။


အောက်တိုဘာ ၁၅ ရက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS/SSA အား အစိုးရ တပ်မတော်ဘက်မှ ပထမဆုံး အကြိမ် တိုက်ခိုက်ခြင်းဖြစ်သည် ။


“ မိုင်းပြင်းမြို့နယ်ထဲမှာ ကျနော်တို့တပ်ခေတ် အဆက်ဆက်နေထိုင်လာတယ် ။ MTA ခေတ် ကတည်းက ဘဲ ။ ဘာကြောင့် ကျနော်တို့ကို လာပြီးတိုက်ခိုက်ရသလဲ ဆိုတာနားမလည်ဘူး ”- ဟု ဗိုလ်မှူးကြီး စိုင်းလှ က ဆက်ပြောသည် ။


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးသည့်နောက်ပိုင်း ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ရမည်ဖြစ်သဖြင့် လာမည့် ၁၅ ရက် အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မလွဲမသွေ ကျင်းပရန်ပြင်ဆင်နေချိန် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုလျော့ပါးစေသည်ဟု သျှမ်းပြည်တပ်မတော်ဘက်က သုံးသပ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates