SSPP/SSA နှင့် အစိုးရတပ်မတော်အကြား ၂၀၁၅ တွင်း ၁၀၁ ကြိမ် တိုက်ပွဲဖြစ်ပွား



အစိုးရတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၂၀၁၅ ခုနှစ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်မတော် အကြား တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပွားကာ နှစ်ဘက် သေကြေဒဏ်ရာရရှိမှု ၄၀၀ ထက်မနည်း ရှိသည်ဟု သိရသည် ။


ဂျန္နဝါရီ ဒုတိယ အပတ်က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ်၌ ၂၀၁၅ ခု နှစ်အတွက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပခဲ့သည် ။ အဆိုပါ အစည်းအဝေးတွင် အဖွဲ့အစည်း၏ နိုင်ငံရေး စစ်ရေးများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး မူးယစ်ဆေး ဝါးကိစ္စ ၊ ဘိန်းအစားထိုးသီးနှံကိစ္စ အပါအဝင် ဌာနလိုက်လုပ်ငန်းများ တင်ပြကြသည် ။


တိုက်ပွဲနှင့်ပတ်သက်သည့် အကြောင်းကို ဌာနချုပ်ရုံးအရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောကြားသည် ။


“ တနှစ်ပတ်လုံး တိုက်ပွဲက အောက်တိုဘာ နဲ့ နိုဝင်ဘာလက အများဆုံးဘဲ။ အဲဒီမှာ ကျနော်တို့ ရဲဘော်ရဲဘက် ၃၀ အသက်ပေးလှူခဲ့ရတယ် ။ ၆၀ ကျော် ဒဏ်ရာရတယ် ။ အစိုးရ တပ်မတော်ဘက် ကတော့ အယောက် ၃၀၀ ကျော်သေကျေဒဏ်ရ ရတယ်လို့ ကြားသိရတယ် ” - ဟု အဆိုပါ အရာရှိ ကပြောသည် ။


တိုက်ပွဲအတွင်း အစိုးရတပ်မတော်ဘက်မှ တပ်ရင်းအင်အား ၂၀ ကျော် ၊ တိုက်ဂျတ်လေယာဉ် MIG 29  နှစ်စင်း ၊ တိုက်ပွဲဝင်ရဟတ်ယာဉ် MI 35 ၆ စင်း သုံးကာ SSPP/SSA အား ၁၀ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက် သည်ဟု ၎င်းက ပြောသည် ။


တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော်ဘက်မှ တာ့ဆမ်ပူး ကူးတို့ဆိပ် စခန်း နှင့်အခြားတပ်စခန်း ငယ်အချို့စွန့်လွတ်ခဲ့ရကြောင်းလည်း သိရသည် ။


ဒီဇင်ဘာလဆန်းပိုင်းက နှစ်ဘက် သဘောတူညီချက်အရ စစ်ရေးပဋိပက္ခဖြစ်ပွားသည့် မိုင်းနောင် - မိုင်းရှူးကားလမ်းတောင်ဘက်ခြမ်းမှ တပ်နှစ်ဘက်လုံး ဆုတ်ခွါရမည်ဟု သဘောတူကြသည် ။ သို့သော် လက်ရှိအနေအထားအရ နှစ်ဦးနှစ်ဘက်စလုံး လက်တကမ်းသာ ဆုတ်ကြသည့်အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သည့်အတွက် နေရပ်ပြန်ဖို့ စစ်ဘေးရှောင်များစိုးရိမ်ဆဲ အခြေ အနေတွင် ရှိနေပါသည် ။


၂၀၁၅ အောက်တိုဘာ ၆ ရက်မှ နိုဝင်ဘာ လနှောင်းပိုင်း အတွင်း အစိုးရ တပ်မှ ထိုးစစ် ဆင် တိုက်ခိုက်မှုကြောင့် မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ် အတွင်း ရှိ ရပ်ရွာလူထု တသိန်းနီးပါး မဲပေးပိုင်ခွင့်လစ်ဟင်းခဲ့ရသည့်အပြင် ဒေသခံ တသောင်းကျော်လည်း နေရပ်မှ စွန့်ခွါခဲ့ရသည် ။ လက်ရှိတွင်တိုက်ပွဲငြိမ်သက်နေပြီဟု ဆိုသော်လည်း ဟိုင်းပါ ၊ ဝမ်ဝ နှင့် မိုင်းရှူးရှိ စစ်ဘေးရှောင် နှစ်ထောင်ခန့်က နေရပ်ပြန်ဖို့ အခက်တွေ့နေဆဲဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates