လူထုကို စာနာသောအားဖြင့် ၂ ဘက်တပ်များ တွေ့ဆုံညိုနှိုင်း အဖြေရှာကြရန် သျှမ်းလူငယ်တိုက်တွန်း
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ နှင့် တအောင်း (ပလောင်) ပြည်နယ်လွတ်မြှောက်ရေးတပ်ဦး တို့၏ လတ်တလောဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် မှ ကြေငြာချက် တစ်စောင်ထုတ်ပြန်လိုက် ပါသည် ။
အဆိုပါကြေညာချက် စာစောင် အချက် ၆ ချက်ပါရှိရာ အချက်နံပါတ် ၆ တွင် အပြစ်မဲ့ပြည်သူများ၏ လူမှုဒုက္ခများကို စာနာသောအားဖြင့် နှစ်ဖက်တပ်များ တွေ့ဆုံညိုနှိုင်းခြင်းဖြင့် အမြန်ဆုံးအဖြေရှာကြပါရန် တောင်းဆိုထားပါသည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် (Tai Youth Network) ၏ သဘောထားထုတ်ပြန်ချက်တွင် အပြစ်မဲ့ လက်နက်မဲ့သော ပြည်သူများကို လက်နက်ကိုင်ပြီး မတရားဖမ်းဆီးပိတ်ပင် ခြိမ်းခြောက်နှိပ်စက်နေသည့် လုပ်ရပ်များအပေါ် အပြင်းအထန်ရှုံ့ချပြီး ထိုလုပ်ရပ်များကို အမြန်ရပ်တန့် ပေးရန် ဆိုသည့်အချက်ကိုပါ ထည့်သွင်းဖော်ပြ ထားပါသည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက်၏ ရည်ရွယ်ချက်မှာ - တစ်နိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ရန် ၊ တစ်နိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ့်အသံ ကိုယ်စားပြုရန် နှင့် သျှမ်းလူငယ် အဖွဲ့ အစည်းများအားလုံး တစ်နိုင်ငံလုံးရှိ သျှမ်းလူငယ်ထုနှင့်ဆိုင်သော လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။
ထို့ပြင် Tai Youth Network ၏ ထုတ်ပြန်ချက်တွင် သျှမ်းပြည်တွင်းရှိသော တိုင်းရင်းသားလူမျိုးအချင်းချင်း ကြား ယုံကြည်မှုများ ငြိမ်းချမ်းစွာယှဉ်တွဲနေ နိုင်ရေးတို့ကို ထိခိုက်စေသော လူမျိုးရေးပဋိပက္ခများ ဖြစ်စေနိုင်သော လုပ်ရပ်များကို အမြန်ရပ်တန့်ပေးရန် ဆိုသောအချက်လည်း ပါရှိထားသည်ကို တွေ့ရသည်။
Tags: General, News


