သျှမ်း/မြောက် အားပြိုင်ပွဲ - ဒိုင်စားမယ့်ပွဲ
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးတာနဲ့ သျှမ်းပြည် မြောက် ပိုင်းမှာ မကြုံစဖူး ဖြစ်ရပ်ထူးတွေ ဖြစ်ပေါ်လာပါတယ် ။ အဲဒါကတော့ သျှမ်းပြည်သား လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းဖြစ်တဲ့ TNLA တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် နဲ့ RCSS/SSA သျှမ်းပြည်တပ်မတော် တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာနေလို့ပါဘဲ ။
နှစ်ဘက်နယ်မြေစိုးမိုးရေးအားပြိုင်မှုကြောင့် အငြင်းပွားရာကနေ ဖြစ်ပွားလာတဲ့ တိုက်ပွဲကြောင့် ကျောက်မဲ ၊ နမ့်ဆန် ၊ မန်တုံ ၊ နမ့်ခမ်း မြို့နယ်က ဒေသခံသောင်းချီ စစ်ဘေးစစ်ဒဏ်ထိပါတယ် ။ ဒေသခံ ၅၀၀၀ ကျော် နေရပ်ကနေထွက်ပြေး တိမ်းရှောင်နေရပါတယ် ။ လူထု အသက် အိုးအိမ် စည်းဇိမ် ကာလတန်ဖိုးသန်းပေါင်းများစွာ ပျက်စီး ဆုံးရှုံးရ ပါတယ် ။
မပြေလည်တဲ့ ဝမ်းရေးအခက်အခဲကို လူသားတွေက ဘ၀ဆန်ဆန် အပြုံးနဲ့ ဖြေရှင်းနိုင်ပေမယ့် လက်ရှိ ကြုံတွေ့နေတဲ့ စစ်ဘေး စစ်ဒဏ်ကတော့ အမြဲတမ်း အတူတူနေလာတဲ့ မောင်နှမရင်းချာက အခု ကျမှ ရန်သူလို မြင်လို မြင်လာ ၊ ဘ၀မှာမကြုံစဖူး မိသားစု တကွဲတပြဲ ၊ ချစ်ခင်ကြင်နာသူတွေက တယောက် တလမ်း ၊ သေကွဲကွဲ ၊ ရှင်ကွဲကွဲခဲ့ကြတာကြောင့် လောင်ကျွမ်းနေတဲ့ နှလုံးသားနဲ့ စီးဆင်းလာတဲ့ သောက မျက်ရည်ပူတွေ နာကျည်းနေတဲ့စိတ်တွေကို ဘယ်သူကဖြေသိမ့် ပေးမှာလဲ…….? ဘယ်သူက ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်မလဲ…….?
နယ်မြေခံ သမိုင်းကြောင်း
သျှမ်းပြည်မှာ ခရိုင် ၁၃ ခု ၊ မြို့နယ် ၅၅ မြို့နယ် ၊ မြို့ ၂၉ မြို့ ရှိတဲ့အနက် သျှမ်းပြည်မြောက်ပိုင်း အတွင်း မှာ ခရိုင်ကြီး ၅ ခု ၊ မြို့နယ် ၂၅ ခု ရှိပါတယ် ။ အဲဒီအထဲမှာ ဟိုပန် ပန်ဝိုင် နားဖန်း ၊ မိုင်းမော ၊ ပန်ဆန်း ၊ မက်မန်း ကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခု အဖြစ်သတ်မှတ်ပြီး ၊ လောင်ကိုင်း ( လောက်ကိုင်) နှင့် ကုန်းကြမ်းကို စုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ခွင့်ရဒေသ နှင့် နမ့်ဆန် ၊ မန်တုံ နှစ်မြို့နယ်ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် စစ်အစိုးရ တာဝန်ယူရေးဆွဲ ထည့်သွင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ က ပြဌာန်းသတ်မှတ်ထား ပါတယ် ။
ဒီပြဌာန်းချက်က ပြဿနာမဟုတ်လောက်ဘူးလို့ မြင်မိပါတယ် ။ ဘာလို့လဲ ဆိုတော့ ၁၉၆၂ စစ်အာဏာ မသိမ်းခင်အထိ ဖက်ဒရယ်သျှမ်းပြည်ထောင်စုမှာ စော်ဘွားပြည်နယ် ၃၄ နယ် နဲ့ ဖွဲ့စည်းထား လို့ ပါဘဲ ။ ထိုစဉ်က တိုင်းရင်းသားလူမျိုးနာမယ်ခံတဲ့ ပြည်နယ်က ပအိုဝ်းဒေသကို အုပ်ချုပ်တဲ့ စော်ဘွား နယ် ၂ နယ် ၊ ပလောင် (တအာင်း) နယ် - တစ်နယ် ၊ ၀ တစ်နယ် ၊ ကိုးကန့် တစ်နယ် ၊ ဓနု ၇ နယ် နှင့် သျှမ်းနယ် ၂၂ နယ် စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ် ။
စော်ဘွားခေတ်တုန်းက သိန္နီစော်ဘွားနယ် အတွင်းမှာ ကချင်တွေ ပုန်ကန်တာတွေ ရှိသလို တောင်ပိုင်း မှာလဲ ပအိုဝ်းတွေ ပုန်ကန်တာတွေရှိဖူးပါတယ် ။ ထို့နည်းတူ သံလွင်အရှေ့ခြမ်း မှာလဲ ၀ တွေရဲ့ ပုန်ကန် မှုလဲ ရှိပါတယ် ။ ထိုစဉ်ပုံကန်မှုက သီးခြားတိုင်းပြည်ထူထောင်လိုလို့ ပုန်ကန်တာမဟုတ်ဘဲ ထီးရှင် နန်းရှင် အုပ်ချုပ်မင်းလုပ်တဲ့ စော်ဘွားကို မကျေနပ်လို့ပါဘဲ ။
အာဏာသိမ်းခံရတဲ့နောက်ပိုင်း သျှမ်းပြည်တိုင်းရင်းသားတွေရဲ့ဘ၀ဟာ အတူတူပါဘဲ ။ ၁၉၆၄ သျှမ်းပြည်တပ်မတော်ကို ညောင်ရွှေစော်ဘွား မဟာဒေဝီ စဝ်နန်းဟိန်းခမ်း စတင်တည်ထောင် ပါတယ် ။ အဲဒီမှာဘဲ ပလောင် (တအာင်း) ၊ ကိုးကန့် နဲ့ ၀ တော်ဝင် မိသားစုကနေ ပါဝင်ဖွဲ့စည်းထားတဲ့ တပ်ရင်းတွေလဲ ရှိပါတယ် ။
သီးခြားပြည်နယ် ထူထောင်လိုခြင်း
၁၉၈၈ ပြည်လုံးကျွတ်အုံကြွမှုနောက်ပိုင်း သျှမ်းပြည်နယ်အတွင်းနေ တိုင်းရင်းသားလူမျိုးစုတွေ သီးခြားပြည်နယ်ထူထောင်လိုမှု ဆန္ဒပိုမိုပြင်းပြလာပါတယ် ။ ၁၉၉၃ ခု စစ်အစိုးရ န၀တ မှ ဦးစီးကျင်းပသည့် အမျိုးသားညီလာခံမှာ လူမျိုးတိုင်းက ပြည်နယ်တောင်းဆိုကြပါတယ် ။ အဲဒီ ကနေ တဆင့် အခွင့်ကြုံတိုင်း တောင်းဆိုမှုတွေ ပြုလုပ်လာပါတယ် ။
တောင်းဆိုမှုတွေကတော့ -
သျှမ်းပြည်မြောက်ပိုင်းရှိ မူစယ် ၊ နမ့်ခမ်း ၊ ကွတ်ခိုင် ၊ သိန္နီ ၊ လားရှိုး ၊ နမ့်တူ ၊ မဘိမ်း၊ မိုးမိတ် …. စတဲ့မြို့နယ် ကိုစုစည်းပြီး ကချင်ပြည်နယ်ခွဲ Sub-State အဖြစ်သတ်မှတ်ပေးရန် ။
ထို့နည်းတူ ပလောင် ခေါ် တအာင်းမျိုးနွယ်စုကလည်း သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန် ၊ မန်တုံ ၊ မိုင်းလုံ ၊ မိုးမိတ် ၊ နောင်ချို ၊ ကျောက်မဲ ၊ သီပေါ ၊ နမ့်တူ ၊ လားရှိုး ၊ သိန္နီ ၊ ကွတ်ခိုင် ၊ မူစယ် ၊ နမ့်ခမ်း …… စတဲ့ မြို့နယ် တွေကို စုစည်းပြီး ပလောင် ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် ၊
ထို့အပြင် ၀ လူမျိုးတွေကလဲ သျှမ်းပြည်အရှေ့ပိုင်းလက်ရှိဒေသတွေ အပြင် ကျိုင်းတုံ ၊ တာချီလိတ် ၊ မိုင်းဆတ် ၊ မိုင်းတုံ အပါအဝင် သံလွင်အနောက်ခြမ်း တန့်ယန်း လားရှိုးတို့ ကို စုစည်းပြီး ၀ ပြည်နယ် အဖြစ်သတ်မှတ်ပေးရန် ၊
သျှမ်းပြည်တောင်ပိုင်းအတွင်းမှာမူ ပအိုဝ်းလူမျိုးစုတွေကလဲ လက်ရှိရထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအပြင် တောင်ကြီး ၊ ဟဲဟိုး ၊ အောင်ပန်း မှ အစ မောက်မယ် ၊ လင်းခေး ၊ မိုးနဲ ၊ မိုင်းပန် လဲချား ၊ မိုင်းကိုင် စတဲ့ မြို့နယ်တွေကို တောင်းဆိုပါတယ် ။
ဆိုတော့ သျှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုခြင်းမပြုမိတဲ့ မြို့နယ်က ကျေးသီး ၊ မိုင်းရယ် ၊ မိုင်းရှူး သုံးမြို့နယ်ဘဲ ကျန်ပါတယ် ။
သျှမ်းစော်ဘွားတွေရဲ့ ဩဇာတိက္ကိမ
၁၉၄၇ မတိုင်ခင်အထိ သျှမ်းစော်ဘွားတွေရဲ့ ဩဇာတိက္ကိမ က သျှမ်းပြည် တိုင်းရင်းသား အပြင် ၊ သျှမ်းပြည်ပြင်ပရှိ တခြားတိုင်းရင်းသားတွေအတွက်လဲ အားကိုးစရာဖြစ်ပါတယ် ။
ဥပမာ - ကယားပြည်နယ် ခေါ် ကန္တာရ၀တီတိုင်းဟာ အင်္ဂလိပ်ခေတ်က သီးခြားလွတ်လပ်တဲ့ တိုင်းပြည်၊ ကရင်နီ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ် ။ သီးခြားနိုင်ငံဖြစ်ရာကနေ တောင်တန်း - မြေပြန့် ပူးပေါင်း ပြီး လွတ်လပ်ရေးရယူချိန် သျှမ်းစော်ဘွားတွေရဲ့ လုပ်နည်းလုပ်ဟန်အတိုင်းလိုက်လျှောလို့ လက်ရှိ သျှမ်းကဲ့သို့ မြန်မာလူမျိုးကြီးဝါဒ တွေရဲ့ ကျွန်ဘ၀ ရောက်ရှိသွားပါတယ် ။
သျှမ်းတွေကို ပစ်မှတ်ထားပြီးချေမှုန်း
သမိုင်းကြောင်းအရ ပြည်ထောင်စုတဝှမ်းလုံးမှာ မြန်မာ ခေါ် ဗမာတိုင်းသားလူမျိုးပြီးရင် သျှမ်းလူမျိုးက လူမျိုးစုအကြီးဆုံးပါ ။ သျှမ်းမျိုးနွယ်စုတွေဟာ မြန်မာအပြင် အရှေ့တောင်အာရှမှာ သီးခြားတိုင်းပြည် ထူထောင်နေတဲ့ နိုင်ငံ နှစ်ခုရှိပါတယ် ။ အဲဒါကတော့ လာအို (ခေါ်) လောဝ် နိုင်ငံ နဲ့ ထိုင်းနိုင်ငံ တို့ပါပဲ ။ ဘာသာစကားမှာ အဖေ ၊ အမေ ၊ တစ် နှစ် သုံး (၁၊ ၂၊ ၃၊) က အစ ထမင်းစားရေသောက် အဆုံး ၅၀% မက သျှမ်းနဲ့ ဘာသာစကား တူပါတယ် ။
သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် ထိုင်းတွေဟာ မြန်မာတွေရဲ့ ရန်သူ ၊ မြန်မာကလဲထိုင်းရဲ့ရန်သူ လို့ ထိုင်းက သတ်မှတ်ထားပါတယ် ။
ဒီ့အတွက် သျှမ်းနဲ့ လောဝ် နီးစပ်မှု အခရာမကျပေမယ့် သမိုင်းတလျှောက်လုံး ရန်သူဖြစ်လာတဲ့ ထိုင်းနဲ့တော့ နီးစပ်မှာကို မဟာဗမာအုပ်စုက အထူးစိုးရိမ်ပုံရပါတယ် ။ ဒါ့ကြောင့် သျှမ်းတွေကို နည်းအမျိုးမျိုးနဲ့ နှိပ်စက် ၊ အစုအပုံလိုက်သတ်ဖြတ် ၊ လူမျိုးသုဉ်းသတ်ဖြတ်တာတွေ လွတ်လပ် ရေးရတဲ့နောက်ပိုင်း ဆက်တိုက်ကျူးလွန်လာခဲ့ပါတယ် ။
၁၉၉၆ - ၁၉၉၈ အတွင်း သျှမ်းပြည်အလယ်ပိုင်းက မြို့နယ် ၁၁ ခု ၊ ကျေးရွာပေါင်း ၁၅၀၀ ကျော် ၊ လူထု သုံးသိန်းကျော် ရပ်ရွာမှာမနေနိုင်အောင် မြန်မာစစ်တပ်ခေါ် ဗမာ့တပ်မတော်က ခြေမှုန်း တိုက်ဖျက် ပါတယ် ။ ဘုန်းကြီးပါမကျန်သတ်ဖြတ်တဲ့ အချိန်ပါ ။ သျှမ်းသံတော်ဆင့်သတင်းတိုက် တည်ထောင် သူလက်ရှိ ပြည်ထောင်စုအင်စတီကျု ဒါရိုက် တာဦးခွန်စိုင်းက ‘ ဖက်ဆစ်ဂျပန်ရိုင်းတယ်ဆိုတာ သီလ ရှင်ကို အဓမ္မပြုကျင့်တာ မရှိဖူးဘူး ။ ၁၉၅၂ မြန်မာတပ်တွေ သျှမ်းပြည်ထဲ ဝင်လာဒါနဲ့ ဒီမိုက်ရိုင်းမှုတွေ စတော့ဒါဘဲ ’- လို့ ပြောဖူးပါတယ် ။
မြန်မာနိုင်ငံရေးမှာ သျှမ်းတွေမရှိမဖြစ်လိုအပ်နေ
မြန်မာ့နိုင်ငံရေးမှာ သျှမ်းတွေက ခေတ်အဆက်အဆက် အရေးပါလာနေပါတယ် ။ လွတ်လပ်ရေး စရချိန်ကတည်းက ခုထက်ထိပါဘဲ ။ ၁၉၄၈ လွတ်လပ်ရေးရတာနဲ့ သျှမ်းစော်ဘွားကို သမ္မတရာထူး တန်းပေးပါတယ် ။ စစ်အစိုးရ မှ လူထုအစိုးရ သို့ အသွင်ကူးပြောင်းတာနဲ့ သျှမ်းပြည်နယ်လုံးဆိုင်ရာ သျှမ်းစာပေယဉ်ကျေးမှုကော်မတီ ဉက္ကဌ ဒေါက်တာစိုင်းမောက်ခမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဝင်ဖို့ တွန်းအားပေးပြီး ဒု သမ္မတ ရာထူး ပေးပါတယ် ။ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စု နဲ့ ပလဲနံပသင့်အောင် ၊ ကမ္ဘာမှာ မျက်နှာပန်းလှအောင် ပြရုပ်အဖြစ် ရှေ့တန်းတင်ထားတာဖြစ်ပါတယ် ။ လာမည့် NLD အစိုးရ သစ်မှာလဲ ဘယ်သျှမ်းကို မြောက်ပင့်ဦးမည် ဆိုတာ မြင်တွေ့ရမည်မလွဲပါ ။ NLD ကတော့လူထု ရွေးကောက်တင်မြောက်ထားသည့်အလျှောက် ဟန်ပြအဖြစ် ရွေးချယ်တင်မြောက် မည်မဟုတ်ဘဲ ထိုက်တန်တဲ့တိုင်းရင်းသားခေါင်းဆောင် ၊ လူထုအကျိုးပြုမည့် တိုင်းရင်းသားပုဂ္ဂိုလ် ကို လုပ်ပိုင်ခွင့်အပြည့်အ၀ နဲ့ အတူ ဒုတိယ သမ္မတ ရာထူး အပ်နှင်းလိမ့်မယ်လို့ ယုံကြည်မိပါတယ် ။
သျှမ်းပြည်တိုင်းရင်းသားတွေ သျှမ်းနဲ့အတူ ဘာ့ကြောင့်မနေချင်တာလဲ
အစောပိုင်းက တင်ပြသလို သျှမ်းပြည်တွင်းနေ တိုင်းရင်းသားလူထု တိုင်းရင်းသားခေါင်ဆောင်တွေဟာ သျှမ်းတွေနဲ့ ပူးပေါင်းနေထိုင်လိုစိတ် တဖြည်းဖြည်းပျောက်ကွယ်လာပြီး ဗမာ ဗဟိုအစိုးရ နဲ့ တိုက်ရိုက် ဆက်သွယ်မိတ်ပြုကာ သီးခြားပြည်နယ်ထူထောင်လိုစိတ် တစတစတိုးပွားလာနေတာတွေ့ရပါတယ် ။ အခွင့်ကြုံတိုင်း တောင်းဆိုမှုတွေ ပြုလာပါတယ် ။
အခုလို ဖြစ်ရတာဟာ ပထမ အချက်က သျှမ်းတွေကို ခိုကိုးနိုင်ဖို့ အလားအလာမရှိတော့ခြင်း ၊ ဒုတိယ အချက် လွတ်လပ်ရေး အတွေ့အကြုံအရ ဗမာနဲ့ပူးပေါင်းယူတာ လွတ်လပ်မှုတန်းတူမှု ပိုမိုဆုံးရှုံးပြီး ဗမာဆီက ပြန်တိုက်ယူနေရခြင်း ၊ သျှမ်းနဲ့ ပူးတွဲနေထိုင်ရင် တန်းတူအခွင့်အရေးကို အင်္ဂလိပ်မှ ဗမာသို့ ၊ ဗမာမှ သျှမ်းတို့ထံ မတိုက်ယူလိုတော့ခြင်း စတဲ့ စိုးရိမ်မှုတွေ ရှိပုံရပါတယ် ။
သျှမ်းတွေကိုယ်၌ကလည်း တခြားတိုင်းရင်းသားတွေ အားကိုးအားထားပြုနိုင်ဖို့ အခြေအနေ ရှိမနေ သည့် အပြင် သျှမ်းပါတီအချင်းချင်း ၊ သျှမ်းစစ်တပ်အချင်းချင်း ဝေဖန်သွေးထိုးနေမှုတွေ ၊ စည်းလုံး ညီညွှတ်မှုပျက်ပြားလာနေတယ် ။ ဒီလိုမျိုးဖြစ်လာနေတာ တခြားတိုင်းရင်းသားလူမျိုးစုတွေမဆိုထားနဲ့ သျှမ်းလူမျိုးတွေပင် အားကိုးအားထားပြုနိုင်ဖို့ မလွယ်လှတဲ့အနေအထားဖြစ်လာနေလို့ပါဘဲ ။
လက်နက်ကိုင်ဆောင်ရေးနှင့် တန်းတူအခွင့်အရေး
နိုင်ငံရေးစကားဝိုင်းမှာ မျက်နှာပန်းလှပြီး ဟိတ်ဟန်ကောင်းကောင်းနဲ့ တန်းတူအခွင့်အရေးဆိုနိုင်ဖို့ လက်နက်အင်အား တပ်ထုအင်အား အားကောင်းဖို့လိုအပ်တယ်လို့ လူမျိုးစု တိုင်းက ယုံကြည်ပုံရ ပါတယ် ။ ၂၀၁၁ ခု ဗိုလ်ချုပ်ကြီးဟောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေးကမ်းလှမ်း တဲ့နောက်ပိုင်း သျှမ်းပြည်နယ်မှာ ပလောင် ခေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် အင်အားပြန် ကောင်းလာပါတယ် ။ ထို့အတူ ၂၀၁၅ အတွင်းမှာလဲ ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက လည်း သျှမ်းနီတပ်မတော် ထပ်မံပေါ်ပေါက်လာပြန်ပါတယ် ။ ဒါတွေဟာ တန်းတူအခွင့်အရေးရဖို့ အဖိနှိပ်မခံဖို့ မိမိလူမျိုးကိုကာကွယ်ဖို့ ပေါ်ထွက်လာတဲ့ တပ်တွေဆိုတာ သိထားသင့်ပါတယ် ။
သျှမ်းပြည်မြောက်ပိုင်းမှာ PSLF/TNLA နဲ့ RCSS/SSA ဘာ့ကြောင့်ပဋိပက္ခ ဖြစ်ရသလဲ ။
သျှမ်းပြည်မြောက်ပိုင်းမှာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နဲ့ သျှမ်းပြည်တပ်မတော် RCSS/SSA ကြား နိုဝင်ဘာလနှောင်းပိုင်းက စပြီး တိုက်ပွဲဖြစ်ပွား လာခဲ့ပါ တယ် ။ TNLA ဘက်က RCSS/SSA ကို နယ်မြေ ကျူးကျော်တယ်လို့စွပ်စွဲပါတယ် ။ RCSS/SSA ကလဲ ဒါကသျှမ်းပြည်နယ် ဘယ်နေရာမဆို သွားလာလို့ရတယ်လို့ ဆိုပါတယ် ။
ဆွေးနွေးညှိနှိုင်းဖို့အတွက် အားလုံးကဖိအားပေးတိုက်တွန်းရာမှာလည်း TNLA ဘက်က - ဆွေးနွေးဖို့မလိုဘူး - RCSS က တောင်ပိုင်းကို တပ်ဆုတ်ပြန်ဖို့ဘဲလိုတယ် - လို့သာပြောပါတယ် ။ ဆွေးနွေးမှုမရှိရင်ပြဿနာဘယ်လိုဖြေရှင်းမှာလဲ ။
ဒီလို နှစ်ဘက် ပြောဆိုမှုတွေက ပဋိပက္ခ ဖြစ်ဖို့ လမ်းစ ပါဘဲ ။
ဒါ့အပြင် NCA လက်မှတ်ထိုးတဲ့အုပ်စု နဲ့ NCA လက်မှတ်မထိုးတဲ့ မဟာမိတ်အုပ်စု တို့ အားပြိုင်နေမှု ၊ အပြစ်ပုံချမှုတွေကြောင့်ပါဘဲ ။ ကချင်ပြည်နယ်အတွင်းမှာ သျှမ်းနီလက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ RCSS/SSA ချိတ်ဆက်မှု မရှိအောင် KIA က TNLA ကို အထောက်အပံ့ ၊ လစာတွေပေးပြီး အကာ အကွယ်ပြု စေတယ်လို့သတင်းတွေ ထွက်နေပါတယ် ။
၂၀၀၁ - ၂၀၀၂ ကတကြိမ် ၂၀၀၅ တုန်းကတကြိမ် ဗမာစစ်တပ်မြောက်ပင့်ပေးမှုနဲ့ သျှမ်းပြည် တပ်မတော်ကို အင်အား အလုံးအရင်းနဲ့ တက်တိုက်ဖူးတဲ့ ၀ တပ်ဖွဲ့က ဗမာတပ်နဲ့ RCSS ပေါင်းပြီး သူတို့ကို ပြန်လာတိုက်ဖို့ ပြင်ဆင်တာဖြစ်တယ်လို့ တွေးထင်နေပုံရပါတယ် ။ ဒါကြောင့် TNLA ကို လိုအပ်တဲ့ လက်နက်အင်အားတွေ ၊ စစ်ပညာတွေ ထောက်ပံ့ပေး နေတယ် - ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိနေပါတယ် ။
ဒါတင်မကပါဘူး ဗမာတပ်မတော် ကလည်း RCSS/SSA အသုံးချပြီး သျှမ်းပြည်မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့ တိုင်းရင်းသားမဟာမိတ်အုပ်စုတွေကို တိုက်ခိုက်နေ တယ် လို့လည်း TNLA ဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ် ။
လက်ရှိလှမ်းမြင်နေရတဲ့ မျှော်လင့်ချက်ရောင်နီလေးတခုကတော့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC နဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ / သျှမ်းပြည်တပ်မတော် SSPP/SSA က ကြားဝင် ဖြေရှင်း ပေးဖို့ လုပ်နေတယ်ဆိုတဲ့သတင်း ထွက်နေတာပါဘဲ ။ ထိုင်းနယ်စပ်မှာမဟုတ်ရင် တရုတ် နယ်စပ်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း သတင်းထွက်နေပါတယ် ။
စစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့နယ်မြေက သျှမ်းပြည်သားတွေရဲ့နယ်မြေ
စစ်ရေးပဋိပက္ခဖြစ်တဲ့နယ်မြေမှာ TNLA က သူ့နယ်မြေပါလို့ ဆိုပါတယ် ။ လက်နက်ကိုင်ပြီး ဦးစွာရောက်တိုင်း သူ့နယ်မြေဖြစ်သွားရောလား ။ ထို့အတူပါဘဲ သျှမ်းပြည်တပ်မတော် RCSS အနေနဲ့လဲ သျှမ်းပြည် အတွင်း မည်သည့်နေရာမဆို သွားလို့ရတယ်ဆိုပါလျှင် လက်နက်ကိုင်ပြီး တောင်ကြီးမြို့တို့ လားရှိုးမြို့တို့ကို ဝင်ကြည့်ပါလား ။ ဗမာတပ်မတော်က RCSS ကို NCA ချိုးဖေါက် တယ်လို့ ဆိုပြီး ဆီးကြိုတိုက်ခိုက်မှာ မြေကြီး လက်ခတ် မလွှဲပါ ။
သျှမ်းပြည်တဝှမ်းလုံးဟာ အတူတကွ ပူးတွေနေထိုင်တဲ့ သျှမ်းပြည်သားအားလုံးရဲ့ နယ်မြေ ဖြစ်သလို ပြည်ထောင်စုကြီးအပေါ် ကြီးစိုးနေတဲ့ ဗမာအုပ်စုတွေ အနေနဲ့လဲ ပင်လုံမြေမှာ တိုင်းရင်းသားတွေ စုပေါင်းတည်ဆောက်လို့ ဖြစ်လာတဲ့ ပြည်ထောင်စုကြီးပါ ဆိုတာ လက်ခံရပါမယ် ။
နယ်မြေဒေသအလိုက် သက်ဆိုင်တဲ့ လူမျိုးတွေအတွက် အာဏာခွဲဝေပေးသင့်ပါတယ် ။ လူမျိုးစုတွေ ကလဲ သမိုင်းကြောင်းကိုလေ့လာပြီး အမှန်ကို အမှန်အတိုင်း လက်ခံသင့်ပါတယ် ။ မဖြစ်နိုင်တာတွေ ကို တွေးတောပြီး အကောင်အထည်ဖေါ်နေရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာမှာ မလွှဲပါ ။
လွှတ်တော်ကို တပ်မတော်က အသုံးချ
သျှမ်းပြည်မြောက်ပိုင်းက TNLA နဲ့ RCSS ပြဿနာမှာ TNLA က RCSS ဟာ အစိုးရတပ်မတော် နဲ့ ပူးပေါင်း ပြီး သူတို့ကို တိုက်ခိုက်တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် 24/2/2016 မြန်မာ့အလင်း သတင်း စာမှာ ကာကွယ်ရေးဝန်ကြီးဌာနက - TNLA ကို အကြမ်းဖက်အဖွဲ့လို့ အမည်တပ်ခေါ်ဆိုပြီး RCSS ကိုလဲ SSA (ရွက်စစ်) က NCA စာချုပ်ကို ချိုးဖေါက်ပြီး ဒို့တာဝန်အရေးသုံးပါး ကို ထိပါးနေတယ် ။ ဒီ့အတွက် နယ်မြေ ရှင်းလင်းသွားမယ် - လို့ ဆိုပါတယ် ။
ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့တုန်းက ကျောက်မဲမြို့ကိုယ်စားလှယ်က လွှတ်တော်မှာ အရေးကြီးအဆိုတင် သွင်းပါတယ် ။ တပ်မတော်ကနေ သွားရောက် ရှင်းလင်း ပေးပါလို့ မတောင်းဆိုပါဘူး ။
သို့ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာန ကတော့ ‘ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ပြုလုပ်သော ပြည်သူ့ လွှတ်တော်အစည်းအဝေးနှင့် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး က … အရေးအကြီး အဆို တင်သွင်း … ဆွေးနွေးဆုံးဖြတ်ချက်အရ … တပ်မတော်မှ … ဝင်ရောက်လှုပ်ရှား ရှင်းလင်းလျက်ရှိ… ’ လို့ ဆိုပါတယ် ။
ဒီကိစ္စက တပ်မတော်က လွှတ်တော်ကို ခုတုံးလုပ် တိုင်းရင်းသားတွေကို တိုက်ခိုက်ဖို့ လုပ်နေတာ ၊ လာမယ့်အစိုးရသစ်မှာလည်း တပ်မတော်ဟာမရှိမဖြစ်လိုအပ်တယ် - လို့ပြချင်တာလည်းဖြစ်နိုင်တယ် လို့မြင်မိပါတယ် ။
အင်အားသုံးတိုက်ခိုက် ရှင်းထုတ်နိုင်မလား
လွှတ်လပ်ရေးရပြီး ၁၉၄၉ မှာ ကရင်လက်နက်ကိုင်တော်လှန်ရေးစတင်ပါတယ် ။ ပေးထားတဲ့ ကတိ ကဝတ် (တောင်တန်း - မြေပြန့် မပူးပေါင်းလိုက ၁၀ နှစ်ပြည့်မှ ခွဲထွက်နိုင်ဆိုတဲ့အချက်) ကို စောင့်ထိန်းလို့ သျှမ်းတော်လှန်ရေးကတော့ ၁၉၅၈ မှ စတင်ပါတယ် ။ အခုထက်ထိ အင်အား ၄ သိန်း ရှိတဲ့ ဗမာ့တပ်မတော်က ဘာ့ကြောင့် တိုင်းရင်းသား တွေကို အပြတ်မချေမှုန်းနိုင်တာလဲ ။ စဉ်းစားစရာပါ ။
ဗမာ့တပ်မတော်က သျှမ်းလက်နက်ကိုင်တပ် ၊ ကရင် ၊ ကချင်လက်နက်ကိုင်တပ်တွေကို အပြတ်မချေမှုန်း နိုင်သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကော လက်နက်အား လူအား နဲ့ အချင်းချင်း ချေမှုန်းနိုင်မလား ။ တိုင်းရင်းသားလူထုတရပ်လုံး ဆင်းရဲမွဲတေပြီး မိတကွဲ ဖတကွဲ နေရပ်မှ ထွက်ပြေး တိမ်းရှောင် တိုင်းတပါးထံမှာကျွန်ခံရဦးမှာလည်း မလွှဲပါဘူး ။
ဘယ်သူတွေ ပတ်သက်မှုရှိနေပါသလဲ ။ (သို့) အရှေ့အုပ်စု နှင့် အနောက်အုပ်စုအားပြိုင်မှု
ဒီ ၂၁ ရာစုမှာ အင်အားကြီးမားလာနေတဲ့ ကမ္ဘာ့အရှေ့ခြမ်းနေ တရုတ်နဲ့ ကမ္ဘာ့အနောက်ခြမ်းနေ အမေ ရိကန်တို့က ကမ္ဘာ့နိုင်ငံ အသီးသီးအပေါ် နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး လွှမ်းမိုးမှုအား ပြိုင်လာနေပါ တယ် ။ ဒီအားပြိုင်မှုမှာ မြန်မာ့နိုင်ငံရေးကလည်း အဓိက အခန်းကဏ္ဌက ပါဝင်လာနေပါတယ် ။ အာဏာ ရလာ မယ့် ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရအတွက်လဲ ဒီအားပြိုင်မှုဟာ သူ့အတွက် စိန်ခေါ်မှု တရပ်ဖြစ်နေပါတယ် ။
သျှမ်းပြည်အရေးကတော့ တရုတ်နယ်စပ်နေ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ မိုင်းလား အမည်ရ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA ၊ မြန်မာအမျိုးသား ဒီမိုက ရက်တစ်မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ရက္ခိုင့် တပ်မတော် AA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့လဲ ဒီအားပြိုင်မှုမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်နေတာအမှန်ပါဘဲ ။
၂၀၁၅ ခုတုန်းက ပန်ဆန်းမြို့မှာ အိမ်ရှင် UWSA က ကမကထ ပြုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ထိပ်သီးအစည်းအဝေး ၂ ကြိမ် ကျင်းပပါတယ် ။ နိုင်ငံရေးရပ်တည်ချက်နဲ့ ပတ်သက်ပြီး UWSA ထုတ် ပြန်ကြေငြာချက်တွေတိုင်းမှာ တရုတ်လွှမ်းမိုးမှု အနံ့အသက် လေးပါဝင်နေတာကိုလဲ တွေ့ရပါ တယ် ။ အဲဒီတပ် ဖွဲ့တွေထဲက အင်အားကြီးတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းတချို့ကိုလဲ ကူမင်းမြို့မှာ ဘီကင်းအစိုးရ ကိုယ်စားလှယ်က မကြာခဏခေါ်တွေ့တယ်လို့ ကိုယ်စားလှယ်တော် တချို့က ပြောပါတယ် ။
တရုတ်အစိုးရက North to South မဟာဗျူဟာ ချပြီး စီးပွားရေးတိုးချဲ့နေသလို အနောက်အုပ်စု နဲ့ ဂျပန် တို့ကလဲ ထိုင်းနိုင်ငံကနေတဆင့် အိန္ဒိယ နိုင်ငံသို့ Look to the west မဟာဗျူဟာ နဲ့ သွားနေပါတယ် ။
ဒီအားပြိုင်မှုမှာ သျှမ်းပြည်သားလက်နက်ကိုင်အုပ်စု တချို့က အခွင့်အရေးအနေနဲ့ မြင်ရင်မြင် ပါလိမ့်မယ် ။ သို့ပေမယ့် သျှမ်းပြည်သားအချင်းချင်း သတ်ဖြတ်ရေးသို့ ဦးတည်တဲ့ လမ်းကြောင်းကို ရှောင်ရှားပြီး မည်သို့ လက်တွဲဖေါ်ဆောင်မလဲ ဆိုတာ စဉ်းစားသင့်ပါတယ် ။
ရဲရဲရင့်ရင့်နဲ့ မိမိလူမျိုးကိုချစ်ပါ ၊ အမုန်းတရားတွေတိုးပွားအောင် တခြားလူမျိုးတွေကိုတော့ မနှိပ်စက်ပါနဲ့
သဗ္ဗေညုတဉာဏ်တော်ရတဲ့ မြတ်စွာဘုရားက - စရိယ (၃) ပါး ၊ (၁) လောကတ္ထစရိယ = လောကလူသား သတ္တဝါများအတွက် ကျင့်တော်မူခြင်း ။ (၂) ဉာတတ္ထစရိယ = ဆွေမျိုးသားချင်းများအတွက် ကျင့်တော် မူခြင်း ။ (၃) ဗုဒ္ဓတ္ထစရိယ = သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း - စတဲ့ စရိယသုံးပါးကို ကျင့်ကြံတော်မူပါတယ် ။
ဒီ့အတွက် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မဆို မိမိလူမျိုးတန်းတူရေးအတွက် တိုက်ပွဲဝင်ရင်း ပြည်ထောင်စုအတွင်းနေထိုင်နေတဲ့ တခြားသော မိတ်သဟာ လူသားမျိုးနွယ်စုတွေကို တန်ဖိုးထား ရပါမယ် ။ ငြိမ်းချမ်းတဲ့ နည်းနဲ့ စားပွဲဝိုင်းမှာ လက်တွဲဖြေရှင်းရပါမယ် ။ ဘယ်သူသေသေ ငတေမာရင် ပြီးရော စိတ်ထားမျိုးနဲ့ဆိုရင်တော့ မည်သို့သောအခါမျှ ပဋိပက္ခချုပ်ငြိမ်းမှာ မဟုတ်ဘဲ အမှန်းတရား တွေ ပြည့်နေမယ် ၊ ဆင်းရဲမွဲတေမှုဘ၀ကနေလဲ မည်သို့သောအခါမျှ လွတ်မြောက် မှာမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့လဲ ကင်းဝေးနေဦးမှာမလွဲပါဘူး ။
Tags: Feature




