ဖေဖေါ်ဝါရီ ၇ ရက်နေ့ကို သျှမ်းအမျိုးသားနေ့ ဟုသာခေါ်မည်ဟု မူစယ်သျှမ်းစာ / ယဉ်ပြော



သျှမ်းပြည်နယ်နေ့ (သို့မဟုတ်) သျှမ်းပြည်အမျိုးသားနေ့ဟု တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ်အသုံးပြု လာသည့် ဖေဖော်ဝါရီလ ရ ရက်နေ့အား သျှမ်းအမျိုးသားနေ့အဖြစ်သာ ကျင်းပသွားမည်ဟု မူစယ်သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ပြောကြားလိုက်သည် ။


“ သမိုင်းအရ ကျနော်တို့ ခေါ်ဝေါ်ကျင်းပတာပါ ။ သျှမ်းအမျိုးသားနေ့ဆိုပြီး ကျင်းပရတဲ့ ရည်ရွယ်ချက်က သျှမ်းပြည်မှာ နေထိုင်လုပ်ကိုင်စားသောက်နေတဲ့  တိုင်းရင်းသားအားလုံး ၊ တော်လှန်ရေးအတွက် ပါဝင် ဆောင်ရွက်လာတဲ့ တိုင်းရင်းသားတွေအားလုံး ၊ လွတ်လပ်ရေးရယူဖို့ ပင်လုံစာချုပ် - ချုပ်ဆိုတုန်းက ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုဖို့ပါ ”- ဟု မူစယ်သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ စိုင်းမြတ်အောင် က ပြောပါသည် ။


၁၉၆၂ ခုနှစ်က ဦးနေဝင်း ခေါ်ဆိုသတ်မှတ်ခဲ့သဖြင့် ဖေဖော်ဝါရီလ ရ ရက်နေ့သည် သျှမ်းပြည်နယ်နေ့ ဖြစ်လာရခြင်းဖြစ်ကြောင်း ၊ ယခုလည်း သျှမ်းပြည်အမျိုးသားနေ့ ဟု ခေါ်ဝေါ်ပြီး အခမ်းအနား ကျင်းပ နေသည်ကိုလည်း လက်မခံနိုင်သေးကြောင်း ၊ သျှမ်းအမျိုးသားအားလုံးနှင့် သက်ဆိုင်သောနေ့ဖြစ် သဖြင့် မူစယ်သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအနေဖြင့် ၎င်းနေ့အား သျှမ်းအမျိုးသားနေ့ဟု ခေါ်ဆို ကာ ပွဲကျင်းပရခြင်းဖြစ်ကြောင်း ဆိုပါသည် ။


သျှမ်းအမျိုးသားနေ့အခမ်းအနားကို မူစယ်မြို့ ကောင်းမူးခမ်းကျောင်းတိုက်၌ ဖေဖော်ဝါရီလ ၆ ရက်နှင့် ရ ရက် ၂ ရက်တာ ကျင်းပမှာဖြစ်ကြောင်း ၊ ၆ ရက်နေ့ ညပိုင်း၌ ယဉ်ကျေးမှုအက ၊ အဆိုများဖြင့် ဖျော်ဖြေမှာဖြစ်ကြောင်း ၊ ရ ရက်နေ့ နံနက်ပိုင်း၌ အခမ်းအနားကျင်းပမှာဖြစ်ကြောင်း ဆိုပါသည် ။


၁၉၄၇ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ပင်လုံစာချုပ် လက်မှတ်မထိုးခင် သျှမ်းပြည်ကောင်စီ ဥက္ကဋ္ဌ၊ နမ့်ဆန် စော်ဘွား ခွန်ပန်းစိန် က-  ၁) ဖေဖော်ဝါရီ ရ ရက်နေ့ကို သျှမ်းပြည်အမျိုးသားနေ့ ၊ ၂) ဝါစိမ်းနီ အလယ်ဗဟို လဝန်းရှိသည့် အလံကို ရှမ်းပြည်နယ်ကိုယ်စားပြုအလံ နှင့် ၃) “ ခေးတိုင်းခေးရာဇာ ” သီချင်းကို အလံတင်သီချင်း (သို့မဟုတ်) ရှမ်းအမျိုးသားသီချင်းအဖြစ် သတ်မှတ်ပေးခဲ့သည် ။


၆၉ နှစ်မြောက် သျှမ်းအမျိုးသားနေ့တွင် သျှမ်းပြည်အတွင်း မြို့နယ်အသီးသီးတို့အပြင် ဂျပန်နိုင်ငံ ၊ အမေရိကန်နိုင်ငံရောက် သျှမ်းမိသားစုများကလည်း အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates