မူစယ် - မန္တလေး ပြည်ထောင်စုလမ်း အဆင်းအတက်ကားကြီးများ အလှည့်ကျ ဆင်း - တက်နေရ



သျှမ်းပြည်မြောက်ပိုင်း မန္တလေး - လားရှိုး - မူစယ် ကားလမ်းတွင် မိုးတိတ်သွားသည့်နောက်ပိုင်း လမ်းပြန်ပွင့် သွားပြီဟု ဆိုသော်လည်း တရုတ်ဘက်မှ တန်ချိန်လွန် ကုန်ကားကြီးများကြောင့် ခရီးဖင့်နွဲနေ ဆဲဖြစ်ကြောင်း လားရှိုးမှကား သမား များအသိုင်းအဝိုင်းက ပြောသည် ။


ပြီးခဲ့သည့် ဂျန္နဝါရီလနှောင်းပိုင်းက ရာသီဥတု အအေးလွန်ကဲမှုနှင့် မိုးရွာသွန်းမှုတို့ကြောင့် မန်းတလေး လားရှိုး မူစယ် ကားလမ်း တွင် ကားကြီးများ မကြာခဏတိမ်းမှောက်ရာ လားရှိုး - မူစယ်ခရီးသည်တင်ကားများ လမ်းတွင် ညအိပ်ခဲ့ရကြောင်း ၊ သို့သော် ဖေဖော်ဝါရီလဆန်းမှစပြီး အစိုးရတာဝန်ရှိသူများက အဆင်းနှင့်အတက် ကားများအား သတ်မှတ်ချိန်အတွင်းသာ တက်ဆင်းရန် စီစဉ်ပေးရာ လမ်းတွင်ညအိပ်ရခြင်းမှ လွတ်ကင်းခဲ့သော်လည်း ကားကြီးများကြောင့် လမ်းကျဉ်းကွေ့များတွင် အခက်အခဲရှိနေသေးကြောင်း လားရှိုးကားဆရာ စိုင်းအောင်က ပြောသည် ။


“ ဒီရက်ပိုင်းတော့..ကြပ်ကြပ်မတ်မတ်နဲ့ ရှင်းပေးတော့ပိတ်တာတော့ မရှိသလောက်ပါဘူး ။ ဒါပေမယ့် ဂုတ်တွင်းကတော့ မထူး ခြားဘူး ။ အရင်အတိုင်းဘဲ ။ ဘာလို့လဲဆိုတော့ အတက် အဆင်းကား တွေထဲမှာ ရ၀ ရာခိုင်နှုန်းက တရုတ်ဘက်က တန်ချိန် လွန်ကုန်ကားကြီးတွေ ဖြစ်နေတယ် ။ နောက်ပြီး လမ်းနဲ့ယာဉ်အရေတွက်လည်းမမျှဘူး...လမ်းရဲ့ကြံ့ခိုင်မှုကလည်း အလွန် ညံ့ဖျင်းလို့ ကားလမ်းတွေပိတ်နေတုန်းဘဲ ။ ကုန်ကားကြီးတွေက မြို့တွင်းမြို့ပြင် မထားဘူး ။ တအားမောင်းတော့ ယာဉ် တိုက်မှုလည်း နေ့တိုင်းဖြစ်နေတယ် ။”- ဟု စိုင်းအောင်က ပြောသည် ။


နောင်ချိုမြို့နယ် ရဲစခန်းမှညွှန်ကြားချက်အရ မူစယ် မှ လားရှိုးအဆင်းကားများအား မနက် ၆ နာရီမှ ၁၀ နာရီအထိတကြိမ် ၊ ညနေ ၆ နာရီမှ ည ၈ နာရီအထိ တကြိမ် ၊ ကွတ်ခိုင်မှ မူစယ် အတက်ကားများအားမွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တကြိမ် ၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ တကြိမ် လွှတ်ပေးမည်ဟုပါရှိကြောင်း ကားသမား စိုင်းထွေးကလည်း ပြောပါ သည် ။


“ သို့သော် ယာဉ်ငယ်များနှင့် ခရီးသည်တင်ဘတ်စ်ကားများအတွက် မပါဟုဆိုသော်လည်း ကားအတက်အဆင်း လမ်းကျဉ်း သည့်နေရာတွင်မူ အချိန်ပေး တိမ်းရှောင်ခဲ့ရကြောင်းလည်း ကားသမားများကပြောပါသည် ။ ကျနော်တို့ ကားသမားအမြင်ပြော ရရင်တော့..သျှမ်းမြောက်လမ်းဟာ ၂၂ ဘီးတွေသွားလို့ရတဲ့အရည်အသွေး..လုံးဝမရှိဘူး.ပြေးဆွဲခွင့်မပေးသင့်သေးဘူး ။”- ဟု စိုင်းအောင်က ပြောသည် ။


တရုတ် - မြန်မာ တိုက်ရိုက်ကုန်သွယ်မှု အထူးပြုလုပ်နေသော မန်းတလေး - မူစယ် ပြည်ထောင်စု ကားလမ်းသည် ၂၀၁၅ ခုနှစ်လယ်ပိုင်းကစပြီး တရက်လျှင် ပျှမ်းမျှ ကားကြီးငယ်ထောင်ဂဏန်း သွားလာနေသဖြင့် ယခုနှစ် ဂျန္နဝါရီလလယ်ပိုင်းက မကြုံစဖူးကားလမ်းပိတ်ခြင်းကြုံတွေ့ခဲ့ရပြီး တရက်သာသွားရသည့်ခရီးမှာ ၅ ညထက်မနည်း လမ်းတွင်ညအိပ်ခဲ့ရကြောင်း ၊ ကုန်စိမ်းသည်များအထူးနစ်နာဆုံးရှုံးမှု ရှိခဲ့ကြောင်း ကုန်သည်များနှင့်ကားသမားများက ပြောပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates