အမျိုးသမီးသတင်းထောက်များအား အကာအကွယ်ပေးသည့်ဥပဒေ အစိုးရသစ် ပြဌာန်းပေးဖို့ EMC မှ တိုက်တွန်း
ရခိုင်ပြည်နယ်မြောက်ဦးမြို့၌ ၃ ရက်ကြာကျင်းပနေသည့် စတုတ္ထအကြိမ် မြောက် တိုင်းရင်းမီဒီယာ ညီလာခံမှ အစိုးရသစ်လက်ထက်တွင် အမျိုးသမီးသတင်းထောက် များအတွက် အကာအကွယ်ပေးသည့် ဥပဒေပြဌာန်းပေးဖို့ တောင်းဆိုသွားမည်ဟု BNI နိုင်ငံတကာမြန်မာသတင်း ဘုတ်အဖွဲ့ဝင် နန်းဖော့ဂေ ကပြောသည် ။
“ အမျိုးသမီးသတင်းထောက်တွေ သတင်းလိုက်ရာမှာ ခွဲခြားဆက်ဆံမှု နှောင့်ယှက်မှု ကန့်သတ်မှုတွေရှိနေတယ်။ ဒီအတွက် လာမယ့်အစိုးရသစ်လက်ထက်မှာ ဒီသတင်းထောက်တွေကို ကာကွယ်နိုင်မယ့် ဥပဒေတွေကို သေသေချာချာ တဆင့်ပြီးမှ တဆင့် ပြဌာန်းသွားပေးဖို့ ။ အလားတူဘဲ အမျိုးသမီးသတင်းထောက်တွေကို အရှက် တရား အသတ်တရားတွေကို ကာကွယ်တဲ့ဥပဒေတွေကို သေချာ ကာကွယ်ပြဌာန်းပေးဖို့ ဒီညီလာခံမှာ ကျမ တိုက်တွန်းချင်ပါတယ် ။” ဟု ကရင်သတင်းစဉ် အယ်ဒီတာလည်းဖြစ် BNI ဘုတ်အဖွဲ့ဝင်လည်းဖြစ်သည့် နန်းဖော့ဂေ ကပြောသည် ။
တိုင်းရင်းမီဒီယာကွန်ဖရဲန့် ကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပပါသည် ။
ကရင်သတင်းဌာန အယ်ဒီတာချုပ် နန်းဖော့ဂေ ၊ ကချင်- မြစ်ကြီးနားသတင်းဌာန ဆိုင်းမိုင် ၊ ရခိုင်သတင်းဌာန အယ်ဒီတာ ဒေါ်မြတ်နိုးသာ နှင့် မွန် အလွတ်တန်း သတင်း ထောက် မိရင်စနိုင်းတို့က သီးသန့်ခေါင်းစဉ်ဖြင့် ပြောဆိုဆွေးနွေးကြသည် ။
“ ကျမတို့ မွန်ပြည်နယ်မှာ အမျိုးသမီးသတင်းထောက်တွေ တအားနည်းတယ် ။ နည်းတော့ သတင်းလိုက်တဲ့အခါ ယောကျားလေးတွေနဲ့အတူသွားရတယ် ။ တချို့ဆိုရင် ကိုယ်မလိုက်နိုင်တဲ့နေရာတွေလည်းရှိတယ် ။ ဆိုတော့ ယောကျားလေးတွေက မခေါ် ချင်ဘူး။ မိန်း ခလေး ပါရင်သူတို့အတွက်အလုပ်ရှုပ်တယ် ၊ သူတို့အတွက်တာဝန်တခုလို မျိုးဖြစ်နေတော့ သူတို့က မခေါ်ချင်ဘူး - အစရှိသဖြင့်ပေါ့နော် ။ အဲလိုခွဲခြား ဆက်ဆံခံရပါတယ် ။ ” မွန်အမျိုးသမီးသတင်းထောက် မိရင်စနိုင်းကပြောသည် ။
တိုင်းရင်းမီဒီယာ ညီလာခံ ပထမရက်တွင် ပြည်နယ်အသီးသီး ဒေသအသီးသီးမှ အခြေအနေများ ၊ အမျိုးသမီးသတင်းထောက်အရေး ၊ အစိုးရသစ်နှင့်သတင်းမီဒီယာ လွတ်လပ်ခွင့်တို့ကိုဆွေးနွေးခဲ့သည် ။ ကျန်ရှိ ဒုတိယနေ့နှင့် တတိယနေ့များတွင် ငြိမ်းချမ်းရေး ၊ အနာဂတ်တိုင်းရင်းမီဒီယာအရေးများ ဆွေးနွေးကြမည်ဟု သိရပါသည် ။
Tags: General, News


