တအာင်းနှင့်ဖြစ်နေသော ပဋိပက္ခဖြေရှင်းရေး သျှမ်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော တအာင်းတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော်ကြား ပဋိပက္ခများဖြေရှင်းနိုင်ရေးအတွက် သျှမ်းပြည်ညီညွှတ်ရေး ကော်မတီဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC မှ ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့်အဖွဲ့ တို့ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးကြသည် ။
![]() |
| သျှမ်း / မြောက်ပဋိပက္ခဖြေရှင်းနိုင်ရေး ချင်းမိုင်မြို့တွင် သျှမ်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ- NMG) |
“ လာရောက်တွေ့ဆုံမှုမှာ CSSU အဖွဲ့ဝင်ဖြစ်တဲ့ SSJAC အနေနဲ့ CSSU ဥက္ကဌကို လာတွေ့ တာဖြစ်တယ် ။ ကိုယ့်အဖွဲ့အစည်းအနေနဲ့ တွေ့ဆုံတာမဟုတ်ဘူး ။ အဲဒီမှာဆွေးနွေးဖြစ်တာက တအာင်းနဲ့ ဖြစ်နေတဲ့ ပြသနာနဲ့တင် မဟုတ်ပါဘူး ။ သျှမ်းအမျိုးသားအရေး သျှမ်းနိုင်ငံရေးတွေ အတွက်ပါဆွေးနွေးခဲ့ကြပါတယ် ။” ဟု တွေ့ဆုံဆွေးနွေးမှုတွင်ပါဝင်သူ လူငယ်တဦးကလည်း ပြောသည် ။
အနာဂတ်နိုင်ငံရေးတွင် ပူးပေါင်းလက်တွဲ ဆွေးနွေးသွားကြရန် ၊ သျှမ်းပြည်မြောက်ပိုင်းရှိ စစ် ဘေး ဒုက္ခသည်များအား ပူးပေါင်းကူညီမှုပေးနိုင်ရန် ၊ တအာင်းတပ်ဖွဲ့ TNLA နှင့် သျှမ်းတပ် RCSS/SSA အကြားဖြစ်ပွါးနေသော တိုက်ပွဲအဆုံးသတ်နိုင်ရေး အစရှိအချက်များ ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုပါသည် ။
တအာင်းတပ်နှင့်ဖြစ်ပွါးနေသော ပဋိပက္ခတွင် ငြိမ်းချမ်းစွာဆွေးနွေး အဖြေရှာရေးအတွက် RCSS ဘက်မှ အဆင်သင့်ဖြစ်နေကြောင်း ၎င်းတို့၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါသည် ။
သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ကို ၂၀၁၃ အောက်တိုဘာလ ၁၅ ရက်နေ့၌ သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Shan State Joint Action Committee အဖွဲ့ဝင်များ (သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA) နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းပြီး ဖွဲ့စည်းထူထောင်ခဲ့ သည် ။ လက်ရှိတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဥက္ကဌအဖြစ်တာဝန် ယူထားပါသည် ။
သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Shan State Joint Action Committee ကို မူ ၁၉၉၆ ဂျွန် ၆ ရက် နေ့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၊ သျှမ်းပြည်အမျိုးသား တပ်မ တော် ပါဝင်သည့် သျှမ်းပြည် ငြိမ်း ချမ်းရေးကော်မတီတို့ မှ စုပေါင်းဖွဲ့စည်း ထားသည်မှာ ယခု ၂၀၁၆ တွင် နှစ် ၂၀ ပြည့်ပြီဖြစ်ပါသည် ။
Tags: News, politic


