SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် ဒုတိယ သမ္မတလောင်း ရာထူး ရေပန်းစားနေ



ဒုတိယ သမ္မတ ရာထူးနေရာအတွက် ရေပန်းစားလာသူဖြစ်နေသည့် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်မှာ ဒုတိယ သမ္မတ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် အစုအဖွဲ့အစည်းဝေးများ စတင်မည့် မတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည် ။

SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်
ဘာကြောင့်သွားမလဲဆိုတာတော့ မသိဘူး သွားမှာတော့ သေချာတယ်ဟု အမည်မဖော်လိုသူ နီးစပ်သူက ပြောသည် ။ ကာယကံရှင်ကိုယ်တိုင်ကမူ ၄င်း၏ ပါတီဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား အစိုးရအဖွဲ့တွင် နေရာတစ်နေရာ ယူရန်သာ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး မည်သည့် ရာထူးဆိုသည်ကိုမူ အတိအကျသိရှိရခြင်း မရှိကြောင်း မီဒီယာများကို ဖြေဆိုထားသည် ။


ကမ်းလှမ်းထားသည်မှာ နှစ်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုကဲ့သို့ သမ္မတလောင်းစာရင်းများ ကြေငြာရန် ရက်နီးကပ်လာချိန်တွင် သျှမ်းပါတီမှ တာဝန်ရှိသူတယောက်မှာ ဒုသမ္မတ ဖြစ်လာရန် သတင်းများ ထွက်လာခြင်းဖြစ်သည် ။


လွန်ခဲ့သည့် နှစ်လကတည်းက သျှမ်းနိုင်ငံရေးအသိုင်းဝန်းတွင် ကျားခေါင်းပါတီ SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးအား အန်အယ်လ်ဒီမှ ဒုတိယ သမ္မတ အဖြစ်ကမ်းလှမ်းထားကြောင်း သတင်းများ သိုးသိုးသန့်သန့် ထွက်ပေါ်ခဲ့ဖူးပြီး ဦးခွန်ထွန်းဦး၏ ဂျန္နဝါရီလ မိုင်းရှူး ခရီးစဉ်တွင်လည်း သျှမ်းဘာသာဖြင့် ၄င်းအားကမ်းလှမ်းထားကြောင်း ပြောဆိုခဲ့ဖူးပါသည် ။


ဦးခွန်ထွန်းဦး၏ သမီးဖြစ်သူမှာ သြစတြေးလျနိုင်ငံသူအဖြစ် ခံယူထားသောကြောင့် ယခုကဲ့သို့ ဦးစိုင်းညွှန့်လွင်မှာ ဒုတိယသမ္မတ ရာထူးအတွက် ရေပန်းစားလာခြင်းဖြစ်ပြီး အန်အယ်လ်ဒီ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးမူဝါဒအရ မဟာမိတ်တိုင်းရင်းသားပါတီဖြစ်နေသည့် SNLD ကျားခေါင်းပါတီမှ ဒုသမ္မတ ဖြစ်ရန် ရေပန်းစားလာခြင်းဖြစ်ပါသည် ။


ယင်းအပြင် အန်အယ်လ်ဒီ၏ ကာလရှည် မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သည် ပူးလ်ကျင်ရှင့်ထန် မှာလည်း ၅၉ (စ) သမ္မတ အရည်အချင်းကန့်သတ်ချက် နှင့် ညှိစွန်းနေသည်ဟု ဇိုမီးအသိုင်းဝန်းက ဆိုနေသောကြောင့် မည်သည့် ရာထူးမျှမရသေးသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှာ အစိုးရထိပ်တန်းရာ ထူး ရယူနိုင်ရန် ရေပန်းစားလာခြင်းဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates