သျှမ်း / မြောက်တိုက်ပွဲရပ်တန့်ဖို့ UWSA တောင်းဆို
တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့အကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန် မျှော်လင့်ကြောင်း အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် UWSA ၀ တပ်ဖွဲ့နှင့် ၄င်း၏ မဟာမိတ် NDAA မိုင်းလားတို့မှ ကြေငြာချက် ထုတ်ပြန်လိုက်သည် ။
TNLA/PSLF ၊ RCSS/SSA ၊ UWSAနှင့် NDAA အဖွဲ့တို့မှာ ညီနောင်တိုင်းရင်းသား အဖွဲ့များ ဖြစ်ပြီး စည်းလုံးညီညွတ်ရေးနှင့် ဒေသတွင်း တည်ငြိမ်မှုရရှိရေး အတွက် တဘက်နှင့်တဘက် နယ်ကျော်ခြင်း မပြုရန် ၊ တွေ့ဆုံညှိနှိုင်းမှုဖြင့် အဖြေရှာကြရန် မျှော်လင့်ထားကြောင်း အဆိုပါ ကြေငြာချက်တွင် ဖော်ပြ ထားသည် ။
ထို့အပြင် လက်နက်ဖြင့် အင်အားသုံးဖြေရှင်းခြင်းကိုလည်း ဆန့်ကျင်ကြောင်း ဖော်ပြထားပြီး အများ ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန်လည်း သတိပေးထားပါသည် ။
အစဉ်အလာအားဖြင့် UWSA ၀ တပ်ဖွဲ့မှာ ဦးယွက်စစ်၏ RCSS/SSA သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် စစ်အစိုးရလက်ထက်တလျှောက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ဖူးပြီး ၁၉၉၀ ပြည့်နှစ်များမှ ၂၀၀၅ ခုနှစ်အတွင်း သျှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းနယ်စပ်တလျှောက် ၀ တပ်ဖွဲ့မှ သျှမ်းလက်နက် ကိုင်အဖွဲ့၏ နယ်မြေများကို အစိုးရတပ်မတော်နှင့် ပူးပေါင်းကာ သိမ်းပိုက်ခဲ့ဖူးပါသည် ။
လတ်တလောကာလအတွင်း သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တအာင်း ပလောင်နှင့် RCSS/SSA တို့၏ တိုက်ခိုက်မှုမှာ နယ်မြေအငြင်းပွားမှုအပေါ် အခြေခံ၍ ဖြစ်ပွား နေခြင်းဖြစ်ပြီး RCSS/SSA မှာ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ထားခဲ့ပြီး ကျန်ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အများစုမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေး ထိုးခြင်း မရှိသေးပေ ။
Tags: News, politic


