၅ ရက်အတွင်း SSPP နှင့် တပ်မတော် တပ်မှူးများ ပူးတွဲကွင်းဆင်းစစ်ဆေးဖို့ ရမခ တိုင်းမှူးပြော



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လားရှိုးရွှေ လီရိပ်သာ စစ်တိုင်းရုံးသို့  သျှမ်းပြည်တပ်မတော် SSPP/SSA လားရှိုးရုံးကိုယ်စားလှယ်အား တိုင်းမှူးမှ ယနေ့ ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ပိုင်း၌ ခေါ်ယူတွေ့ဆုံကာ လာမည့် ဧပြီ ၂၇ ရက်နေ့တွင် နှစ်ဘက် တပ်မှူးများ ပူးတွဲ ကွင်းဆင်းစစ်ဆေးရေးလုပ်ဖို့ ပြောကြားလိုက်သည် ဟုသိရသည် ။


သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေး ၊ လွယ်လန်းတောင်ကြောရှိ သျှမ်းပြည် တိုးတက် ရေး ပါတီ သျှမ်းပြည်တပ်မတော်  SSPP/SSA တပ်များအား ဧပြီ ၂၂ ရက်နေ့နောက်ဆုံးထား တပ်ဆုတ်ပေး ရေးမှာ  မဖြစ်နိုင်ကြောင်း ၊ ထူးခြားသည်မှာ တပ်မတော် စစ်ကြောင်းလှုပ်ရှားမှုများလည်း ထူးထူး ခြားခြားမရှိသေးကြောင်း ၊ သို့သော် စစ်ရေးအသင့်ပြင်ဆင်ထားကြောင်း ၊ လားရှိုးတိုင်းမှူးမှ SSPP/SSA ရုံးကိုယ်စားလှယ်အားခေါ်ယူတွေ့ဆုံကာ ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း ကြားသိရသည် ။


“ ဒီမွန်းလွဲပိုင်း ကျနော်တို့တွေ့ဆုံတယ် ။ တိုင်းမှူးကြီးကတော့ တိုက်ပွဲမဖြစ်လိုဘူးတဲ့ ။ အဲဒါ့ကြောင့် အဲဒီဒေသ အတွင်းရှိနေတဲ့ ဗျူဟာမှူးတွေ နဲ့ ကျနော်တို့တပ်မှူးတွေ ပူးပေါင်းပြီး လာမယ့် ဧပြီ ၂၇ ရက်နေ့မှာ လွယ်စေး နဲ့ လွယ်လန်းဘက် ကွင်းစစ်စစ်ဆေး စေလိုတယ်ပြောတယ် ” - ဟု လားရှိုးမြို့ SSPP/SSA ရုံးတာဝန်ခံ စဝ်အောင်လတ် က ပြောသည် ။


ရှေ့တန်းရောက် တပ်မှူးကြီးတဦးက - “ တာဆမ်ပူး တပ်စခန်းကို လာတိုက်ဖို့လုပ်တုန်းကလဲ ဒီလိုဘဲ ။ ကျနော်တို့ ဖြတ်သန်းသွားလာလိုတယ် ။ တချက်လောက်လာရောက်လေ့လာခွင့်ပြုပါပြောတယ် ။ ပြီးတော့ ရက်ပိုင်း လောက်ပဲ ကြာတယ် ။ အင်အားအလုံးအရင်းနဲ့ တက်တိုက် ၊ လက်နက်ကြီးတွေနဲ့ ပစ်တော့တာဘဲ ” - ဟု ပြောသည် ။


ထို့အတူ ကျေးသီး - သီပေါ ကြားရှိ တာဖါဆောင်တံတား ၂၀၀၄ ခု က လာရောက်တိုက်ခိုက်ခြင်းမပြုမှီ အနီးဝန်းကျင်အား တပ်မတော် စစ်ကြောင်းများက လာရောက်လည်ပတ်ခွင့်တောင်း ဆိုခဲ့ကြောင်း ပြောသည် ။


“ အခု သျှမ်းတပ်ကိုတပ်ဆုတ်ခိုင်းတဲ့ လွယ်စေးလွယ်လန်းဆိုတာက တန့်ယန်းမြို့နယ်ထဲမှာရှိတယ်။ ပြီးတော့ အမြင့်ဆုံးတောင်ဖြစ်တယ် ။ ၀ နယ်ကို အထက်စီးကနေ လှမ်းမြင်နိုင်တယ် ။ ဒါကြောင့် ဒီ တောင် ထိပ်မှာ စစ်တပ်ကနေရာယူ နိုင်မယ်ဆို ရင် ၀ တပ်ဖွဲ့တခုလုံးကိုသူ ချုပ်ကိုင်နိုင်မယ့်အနေ အထား လားဆိုတာ စဉ်းစားစရာဖြစ်နေတယ် ။ ဒီတချိန် ထဲမှာဘဲ  ရခိုင်ဘက်မှာနဲ့ ကချင်ပြည်နယ် မံစီဘက်မှာလည်း အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်တို့ တိုက်ပွဲ တွေဖြစ် ပွါးနေတယ် ။ သျှမ်းပြည်ထဲမှာလည်း သျှမ်းတပ်ဆုပ်ပေးဖို့ အစိုးရတပ်က အဲလိုညွန်ကြားထား ပေမယ့် တပ်မဆုတ်ပေးဘူးဆိုရင်လည်းတိုက်ပွဲတွေဆက်ဖြစ်လာနိုင်မလားဆိုတာ တွေးတောစရာ ဖြစ်ရ ပါတယ် ။ ” - သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


နောက်ဆုံးကြားသိရသော သတင်းများအရ တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်မှ SSA/SSPP စခန်းများ ဆုတ်ခွာခိုင်းမှုအပေါ် ၀ တပ်ဖွဲ့မှလည်း သံလွင်မြစ်အရှေ့ဘက်ကမ်း တလျှောက် သတိပေးတပ်လှန့်မှုများ ပြုလုပ်နေသသည် ဟုသီးခြား အတည်ပြုချက်မရသေးသည့် သတင်းရပ်ကွက် က ဆိုသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA တွင် ပါဝင် လက်မှတ်ရေးခြင်းမရှိသေးသော်လည်း စာချုပ်ပါအချက်များရေးစွဲရာတွင် တောက်လျှောက်ပါဝင် ခဲ့ သည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်း စဉ် တုန်း ကလည်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးထား သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates