အမျိုးသား ရင်ကြားစေ့ရေးမှသည် အင်အားတောင့်တင်းသော နိုင်ငံသို့



မိန့်ခွန်းနှစ်ခု ၊ သမိုင်းအဆက်အစပ်

ယခုရက်ပိုင်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မိန့်ခွန်းနှစ်ခုကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည် ။ ပထမမိန့်ခွန်းမှာ နှစ်သစ်ကူး မိန့်ခွန်း ။ ဤမိန့်ခွန်းတွင် အရေးကြီးဆုံး လုပ်ငန်းစဉ် ငါးရပ်ကို ခင်းပြပြီး ဤအထဲမှ ‘ အမျိုးသားရင်ကြားစေ့ရေး ’ ၏ အခန်းကို အလေးထား ထောက်ပြခဲ့သည်။ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံသော ဒုတိယ မိန့်ခွန်းမှာမူ ‘ မြန်မာနိုင်ငံကို အင်အားတောင့် တင်း သောနိုင်ငံ ဖြစ်အောင် တည်ဆောက်မည် ’ ဟု ဆိုသည် ။ စာရေးသူက ဆိုခဲ့ပါ မိန့်ခွန်းနှစ်ရပ်ကို ချိတ်ဆက်ကြည့်လိုက်ရာ ‘အမျိုးသား ရင်ကြားစေ့ရေးဖြင့် အင်အားတောင့် တင်းသောနိုင်ငံ တည်ဆောက်မည်’ ဟု နားလည်လိုက်သည် ။ ဤသဘောကို သမိုင်းအဆက် ဆက်ဖြင့် ချိတ်ဆက်ကြည့်လိုက်ရာ လေးနက်ထူးခြားသော အဓိပ္ပာယ်များ ရှိလိမ့်မည်ဟုလည်း ယူဆသည် ။


မြန်မာ့ခေတ်သစ် သမိုင်းတွင် ‘ အမျိုးသားစည်းလုံးညီညွတ်ရေး ရွှေခေတ် ’ ဆို၍ ရှားရှားပါးပါး တစ်ကြိမ်တစ်ခါသာ ရှိခဲ့သည်ဟု စာရေးသူ နားလည်ထားသည်။ ဤကာလမှာ ‘ ဖက်ဆစ်တော်လှန်ရေး အကြိုကာလနှင့် ဖက်ဆစ်တော်လှန်ရေးအပြီး အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကာလ ’ ပင်ဖြစ်သည် ။ ဤကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းအနေနှင့် မြန်မာ့နိုင်ငံရေး အင်အားစုအားလုံးကို ‘ ဖဆပလ ’ ဆိုသော တပ်ပေါင်းစု အလံအောက် ဆွဲစုထားနိုင်ခဲ့သည် ။ မူလက အင်အားစုသုံးခု (မြန်မာပြည် ကွန်မြူနစ်ပါတီ ၊ ပြည်သူ့အရေးတော်ပုံ ပါတီနှင့် ဗမာ့တပ်မတော်) ဖြင့် စခဲ့သော ဖဆပလကြီးမှာ စစ်ပြီးခေတ်တွင် ထင်ရှားသော တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ အပါအဝင် ပါတီအဖွဲ့ အစည်း ၁၅ ခုဖြစ်လာသည် ။ ဤအထဲတွင် တိုင်းရင်းသား အဖွဲ့အစည်းများပါ ပါလာသည် ။ အကျိုးဆက်ကား ကမ္ဘာကျော် ဖက်ဆစ်တော် လှန်ရေးကြီးကို အနိုင်တိုက်နိုင်ခဲ့ခြင်းနှင့် စစ်ပြီးခေတ် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရလိုက်ခြင်းပင် ဖြစ်သည် ။


သို့နှင့်တိုင် အမျိုးသားရင်ကြားစေ့ရေးကို ဦးဆောင်ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်းမှာ လွတ်လပ်ရေး လမ်းခုလတ်မှာပင် ကျဆုံးခဲ့ရာ ဗိုလ်ချုပ်အားပြုခဲ့သော ဖဆပလအဖွဲ့ကြီးမှာလည်း တပ်ပေါင်းစုစခန်းမှ လျှောကျပြီး ပါတီသက်သက်အဖြစ် အရာကျသွားခဲ့ရသည် ။ အကျိုးဆက်ကား လွတ်လပ်ရေး ကြေညာအပြီး သုံးလမျှမပြည့်သေးမီမှာပင် အမျိုးသား စည်းလုံးညီညွတ်ရေး ပြိုကွဲခြင်းမှ ညီအစ်ကိုချင်း တိုက်ကြသည့် ပြည်တွင်းစစ်နှင့် ရင်ဆိုင်တိုးခဲ့ရခြင်း ဖြစ်သည် ။


ထိုအချိန်လောက်မှစ၍ မြန်မာ့နိုင်ငံရေးတွင် မကွဲဖူးသည့်ပါတီ ဆို၍ မရှိသလောက် ရှားခဲ့ရာ ယခုထက်တိုင်ပင် ဖြစ်တော့သည် ။ ဤအခြေ အနေတွင် ‘ သမီးအောင်ဆန်း ’ က ‘ အမျိုးသား ရင်ကြားစေ့ရေးကို အလေးထား တည်ဆောက်ပြီး အင်အား တောင့် တင်း သောနိုင်ငံ ဖြစ်စေရမည် ’ ဟု ကြုံးဝါးလိုက်ရာ စာရေးသူမှာ အမှန်ပင် အားတက်မိသည် ။ ‘ အမျိုးသားရင်ကြားစေ့ရေး ’ နှင့် ပတ်သက်သော စာရေးသူ စဉ်းစားမိသမျှကိုလည်း ဉာဏ်မီသမျှ ပြောပြလိုသည် ။


အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး


လက်ရှိမြန်မာနိုင်ငံတွင် ရှိနေသော ပဋိပက္ခများမှာ အနှံ့အပြားသဘော ဆောင်သည်ဟု ထင်သည် ။ ဤမျှများမြောင် ၊ ရှုပ်ထွေး ၊ ပွေလီလှသော ပြဿနာရပ်များကို အရေးကြီးသည့် အတိုင်းအတာအရ တစ်ခုချင်း ဆန်းစစ်သွားလိုသည် ။ ပထမဆုံးပြဿနာ သို့မဟုတ် ပဋိပက္ခမှာ ‘ အရပ်ဘက် ၊ စစ်ဘက်ဆက်ဆံရေး ’ ပင်ဖြစ်သည် ။ တစ်နည်းဆိုလျှင် ဆိုးဆိုးဝါးဝါး ထိခိုက်ပွန်းပဲ့နေသော အရပ်ဘက်နှင့် စစ်ဘက်ကြား ဆက်ဆံရေးကို ပြန်လည် ရင်ကြားစေ့နိုင်ဖို့ ဖြစ်သည် ။ ဤကိစ္စကို ‘ နံပါတ် (၁) ’ အဖြစ် သဘောယူရသည်မှာ ဤပြဿနာ ကိုသာ ပြေလည်အောင် မညှိနှိုင်းလျှင် လက်ရှိ ဒီမိုကရေစီအပြောင်းအလဲ ကိုယ်တိုင်သည်ပင် အချိန်မရွေး နောက်ကြောင်း ပြန်နိုင်သောကြောင့်ဖြစ်သည် ။


ရယ်ဒီကယ်အယူအဆများ ဩဇာကြီးခဲ့ဖူးသော မြန်မာ့နိုင်ငံရေးတွင် ‘ အရပ်ဘက် ၊ စစ်ဘက်ဆက်ဆံရေး ’ ဆိုသည်မှာ ဝေါဟာရအသစ်လို ဖြစ်နေသည် ။ အယူအဆအသစ်လို ဖြစ်နေသည် ။ မကြာသေးခင်ကာလ လောက်အထိ ဤပြဿနာကို ‘ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ’၊ ‘ စစ်ကျွန်စနစ် အမြစ်ဖြတ်ရေး ’ စသည် စသည်များဖြင့် သုံးနှုန်း ပြောဆိုခဲ့ကြသည် ။


တကယ့်လက်တွေ့ တွင်လည်း ၁၉၄၈ လောက်မှစ၍ ‘ လက်နက်ကိုင်တိုက်ပွဲကို ဗဟိုပြု ကျန်တိုက်ပွဲ ပုံသဏ္ဌာန်များဖြင့် ပေါင်း စပ် ’ ဆိုသော နည်းပရိယာယ် လမ်းစဉ်ကိုသာ တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြသည် ။ တကယ့်အရှိတွင်မူ စစ်အာဏာရှင် စနစ်မှာ အားနည်းသွားရုံမျှမက ပို၍ ပို၍ အားကြီးလာရာမှ နောက်ဆုံး ဒီမိုကရေစီပါ အမြစ်ပြတ်သွား ခဲ့ရတော့သည် ။ အဆိုပါ ခါးသီး သည့် သင်ခန်းစာများကို ဆင်ခြင်ပြီး ‘ ရန်သူကို မိတ်ဆွေဖြစ် အောင် ပြောင်းကြရမည့် နှလုံးရည်တိုက်ပွဲကာလတွင် ’ ဆိုခဲ့ပါ အသုံးအနှုန်းနှင့် ဝေါဟာရများမှာ ခေတ်နှင့် စရွေးကိုက် မကိုက် စဉ်းစားသင့်ပြီထင်ပါသည် ။


အခုပဲကြည့် ...။ အစိုးရသစ်တာဝန်ယူပြီး ဘာမှမကြာသေးခင် ကာလအတွင်းမှာပင် လွှတ်တော်တွင်း တပ်မတော်သား အစု အဖွဲ့နှင့် အနည်းဆုံး သုံးကြိမ်မျှ ပွတ်တိုက်မှုများ ကြုံခဲ့ရသည် ။ ဖြစ်စဉ်တစ်ခုချင်းကို သုံးသပ်ကြည့်လျှင် ဘယ်လိုမှ ရှောင်မရ၍ မလွဲမရှောင်သာ ကြုံရသော ပွတ်တိုက်မှုများမဟုတ် ။ မိမိဘက်မှ အမျှော်မြင်ရှိရှိ သဘောထားကြီးကြီးနှင့် ပို၍သိမ်မွေ့နိုင်လျှင် ရှောင်နိုင်သည့်ကိစ္စတွေသာ များသည် ။ မည်သို့ပင် ရှိစေ အချိန်တိုအတွင်း ဤမျှပွတ်တိုက်မှုတွေ ကြုံနေရသည်မှာ ရေရှည် အတွက် မကောင်းလှပါချေ ။ ဤအချက်က ဘာကိုဖော်ပြနေသနည်း ဆိုလျှင် ယခုအခါ ‘ လက်နက်ကိုင်တော်လှန်ရေး ’ ဆိုသည် ကို ဘယ်သူမှ မပြောပြ တော့သော်လည်း စစ်တပ်ကိုဆော်လျှင် စကားလုံးပြောင်ပြောင် နှင့် တွယ်လျှင် လက်ခုပ်တီးချင်ကြဆဲ လေထုကား အခိုင်အမာရှိနေဆဲဟု ဆိုချင်သည် ။ ဤသို့သော လက်ခုပ်သံကြိုက်သည့် သို့မဟုတ် လက်ခုပ်သံ ချူလိုသည့် လေထုက စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကို မည်ရွေ့မည်မျှ အကျိုးပြု မပြု စဉ်းစားကြဖို့လိုပြီ ထင်ပါသည် ။


ဖက်ဒရယ် သို့မဟုတ် လူမျိုးစုပြဿနာ


အရေးပါမှု အတိုင်းအတာအရ ဆိုရလျှင် လူမျိုးစုပြဿနာကို ဒုတိယအဖြစ် တင်ပြလိုသည်။ လူမျိုးစုပြဿနာ ၊ တစ်နည်းဖက် ဒရယ် မူကို မဖြေရှင်းနိုင်ရာမှ ပြည်တွင်းစစ် သက်ဆိုးရှည်နေရခြင်း ဖြစ်သလို ပြည်တွင်းစစ် ရှိနေသရွေ့ ဒီမိုကရေစီ အမြစ်တွယ်ခိုင်မာဖို့ ခဲယဉ်းသည့် အတွက် ဤကိစ္စကို အရေးပါမှုအရ ဒုတိယနေရာ ထားရခြင်းဖြစ်သည် ။ ယခုအခါ NLD အနေနှင့် မိမိတို့ပါတီမှာ ဗမာပါတီသက်သက် မဟုတ် ။ လူမျိုးစုတိုင်းကို ကိုယ်စားပြုသော ပြည်ထောင်စုပါတီဟု အခိုင်အမာ ပြောဆိုထားသည် ။ ဤအတွက် သက်ဆိုင်ရာပြည်နယ် များတွင် တာဝန်ပေးထားသော သက်ဆိုင်ရာ လူမျိုးစုပါတီဝင်တွေကို ထောက်ပြသည် ။ ဤသို့သော လုပ်နည်းလုပ်ဟန်မျိုး ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီလည်း လုပ်ခဲ့ဖူးသည်ဖြစ်ရာ လူမျိုးစုများဘက်မှ စဉ်းစားစရာ အမှန်ပင်ရှိပါလိမ့်မည် ။ NLD အနေနှင့် မိမိပါတီ ကို ပြည်ထောင်စုပါတီ ဟုတ် မဟုတ် အသေအချာစိစစ်ဖို့ လိုမည်ထင်သည် ။


လူမျိုးစုပါတီများ ဆိုရာတွင် တရားဝင် မှတ်ပုံတင်ထားသော လူမျိုးစု နိုင်ငံရေးပါတီများ ရှိသလို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြသော လူမျိုးစု အဖွဲ့အစည်းတွေလည်း ရှိသည် ။ NLD အနေနှင့် လူမျိုးစုပါတီ များနှင့် ညှိနှိုင်း ဆောင်ရွက်သွား မည်ဟု ဆိုထားသည့်တိုင် တကယ်လက်တွေ့ တွင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲဝင် ပါတီများက လက်ရင်း ၊ ၂၀၁၀ ရွေးကောက်ပွဲ ဝင် ပါတီများကိုမူ လက်ဖျားသဘော ဖြစ်နေသည် ။ ၁၉၉၀ ရွေးကောက်ပွဲဝင်ပါတီများ ထဲမှ SNLD နှင့်ပင် ရှမ်းပြည်နယ် ဝန်ကြီး ချုပ် ကိစ္စ အကျေအလည် ညှိနှိုင်းနိုင်သည်မဟုတ် ။ နောက်ထပ် အားနာနာနှင့် ပြောရမည့်ကိစ္စ တစ်ခုမှာ NLD တာဝန် ရှိ သူတစ်ဦး (တမင်နာမည်မဖော်ခြင်း ဖြစ်ပါသည်) နှင့် Sky Net ရုပ်သံတို့၏ အင်တာဗျူးတွင် သူက ယခုလိုပြောသွားသည် ။ ‘ ဖက်ဒရယ် ဆိုတာကတော့ဗျာ ။ ဗဟိုအစိုးရက မူဝါဒချမယ် ။ ဒေသအစိုးရက လက်တွေ့အကောင်အထည်ဖော်မယ်။ ဒီလို သဘောပါပဲ ...” ဟူ၏ ။ သူပြောသည်မှာ ‘ ဖက်ဒရယ်မဟုတ် ’။ ‘ တစ်ပြည်ထောင် ’ ဖြစ်သည် ။ NLD တာဝန်ရှိသူအနေနှင့် ဒါမျိုးမှားလို့မရ ။


မကြာမတင်ကာလအတွင်း လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့တော့မည်ဟု ကြားနေရသည်။ ဤတွင် ယခင်အစိုးရ လက်ထက်က အမှားတစ်ခုကို သတိပေးလိုသည် ။ UMFCCI တွင် လုပ်ခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် ဖြစ်သည် ။ အစိုးရတာဝန်ရှိသူ တစ်ဦးက ‘ ပြည်တွင်း သောင်းကျန်းမှု ’ ဟု အရိုးစွဲနေသော စကားလုံးဖြင့် ပြောဆိုခဲ့ရာ လက်နက်ကိုင် အင်အားစုများဘက်မှ အတော် မကျေမနပ်ဖြစ်ခဲ့ဖူးသည် ။ တကယ်လည်း လူမျိုးစုပြဿနာမှာ သောင်းကျန်းမှုမဟုတ်။ ဒီမိုကရေစီဘောင် အတွင်း ဖြေရှင်းခွင့် မရခဲ့ရာမှ ထွက်ပေါ်လာသော ပြည်တွင်းစစ်ဖြစ်သည်။ သို့အတွက် တာဝန်ရှိသော အစိုးရတစ်ရပ် အနေနှင့် ‘ သောင်းကျန်းမှု ’ ‘ အကြမ်းဖက်အဖွဲ့အစည်း ’ စသော အသုံးအနှုန်းမျိုးကို အထူးဂရု ဓမ္မထား ရှောင်ရပါလိမ့်မည် ။ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား မတူသောသဘောထား အယူအဆအချို့ကို သတိပြုမိရာ NLD အနေနှင့် ကြားဝင်စေ့စပ်ပေးဖို့ လိုပါလိမ့်မည် ။


ဒီမိုကရက်တစ် အင်အားစုများကြား ညီညွတ်ရေး


အရေးပါမှုအစဉ်အတိုင်း ဆိုရလျှင် တတိယနေရာတွင်ရှိသော ခေါင်းစဉ်တစ်ခုကိုမူ NLD ၏ ‘အမျိုးသားရင်ကြားစေ့ရေး’ တွင် မူလကတည်းက ပါဟန်မတူပါ ။ အခြားမဟုတ် ။ ‘ ဒီမိုကရက်တစ် အင်အားစုများကြား ညီညွတ်ရေး ’ ဖြစ်သည် ။ အမှန်စင်စစ် ဒီမိုကရေစီရေးအတွက် စွန့်လွှတ်အနစ်နာခံ ကြိုးပမ်း ဆောင်ရွက်နေကြသည်မှာ NLD တစ်ခုတည်း မဟုတ်ပါချေ ။ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ခေါင်းဆောင်သော ပါတီလို ၊ NLD နှင့် တစ်အူထုံဆင်း NDF လို အခြားဒီမိုကရက်တစ် ပါတီများလည်း ရှိနိုင်ပေသည် ။ (NDF မှာ NLD ကို စင်ပြိုင်လုပ်ခဲ့ သည်မဟုတ်။ NLD မှတ်ပုံတင် ကုန်ဆုံးတော့မှ မှတ်ပုံတင်ခဲ့သည့်ပါတီ ဖြစ်သည် ။ ဤသဘောကို ဆရာဦးဝင်းတင် မကွယ်လွန်မီက ပြောခဲ့ဖူးသည် ။)


NLD အနေနှင့် ဆိုခဲ့ပါ ဒီမိုကရက်တစ်ပါတီများကို ဘယ်လို သဘောထားမည်နည်း။ NLD ဘက်မှ ‘ တပ်ပေါင်းစုနိုင်ငံရေး ’ ကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီလော ...။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေသရွေ့ NLD ပါတီ စန်းတက်နေဦးမည်မှာ သေချာပါသည် ။ သို့နှင့်တိုင် မြန်မာ့ ဒီမိုကရေစီရေးမှာ မျှော်မှန်းသည်ထက် ပိုကြာနိုင်ရာ ဒေါ်အောင်ဆန်းစုကြည် အလွန် မြန်မာ့ဒီမိုကရေစီကို ဦးဆောင်ဖို့ တပ်ပေါင်းစုတစ်ခု လိုပါလိမ့်မည် ။ အရေးပါမှုအရ နောက်ဆုံးတွင်ရှိသည်မှာ ပြိုင်ဘက် USDP ပါတီနှင့် ရင်ကြားစေ့ရေးဖြစ်သည် ။ ဤကိစ္စကိုတော့ NLD က အလေးထားဟန် တူပါသည် ။ သို့တစေ ဦးသိန်းစိန်အုပ်စုနှင့်တော့ မဟုတ် ။ ဦးရွှေမန်း အုပ်စုနှင့်ဖြစ်သည် ။


အမျိုးသားစည်းလုံးညီညွတ်ရေး ပထမရွှေခေတ်ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ပါသည် ။ ဗိုလ်ချုပ်ကွယ်လွန်ပြီး ၄၁ နှစ်အကြာ ၁၉၈၈ အရေးတော်ပုံကြီးတွင် ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် ပေါ်လာသည် ။ ယခု သမီးအောင်ဆန်းက အမျိုးသားရင်ကြားစေ့ရေးဖြင့် အင်အားတောင့်တင်းသော နိုင်ငံတည်ထောင်မည်ဟု ကြွေးကြော်လိုက်ရာ အားတက်စိတ်ဖြင့် ယခုစာစုကို ရေးရခြင်းဖြစ်သည် ။ ဤစာစုကို ဆော့ခရတ္တိ၏ စကားတစ်ခွန်းဖြင့် နိဂုံးချုပ်ပါမည် ။ ယခုလို ...“ ကျွန်ုပ်သည်ကား နိုင်ငံတော်တည်းဟူသော ထွားကျိုင်းသန်မာသည့် မြင်းကောင်းကြီး လေးလံထိုင်းမှိုင်း မသွားရလေအောင် တစပ်စပ် ကိုက်ခဲနေရသည့် မှတ်ရဲ (Horsefly) တစ်ကောင်မျှသာ ဖြစ်ပါ၏ ...။ ” အမှန်စင်စစ် ‘ မှတ် ’ တစ်ကောင်မျှသာ ဖြစ်သော စာရေးသူကို ဆဲလိုက ဆဲကြပါကုန် ...။


ဆောင်းပါးရှင် - ကျော်ဝင်း





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates