မိုးသက်လေပြင်းကြောင့် သက်တမ်းနှစ် ၁၀၀ ကျော်ရှိပင်လောင်းဟော်နန်း လုံးဝ ပြိုကျပျက်စီး



သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တွင် မေလဆန်းပိုင်းအတွင်း လေပြင်း ၂ ကြိမ်တိုက်ခတ်ရာ နှစ်သက်တမ်း ၁၀၀ နီးပါးရှိ ပင်လောင်းစော်ဘွားဟော်နန်းဟောင်း လုံးဝ ပြိုကျပျက်စီးခဲ့ရပါသည် ။


မေလ ၁ ရက်နေ့ညနေ ၆ နာရီခန့်က မိုးသက်လေပြင်းကျရောက်သဖြင့် ယိုင်နဲ့နေသော ပင်လောင်းစော်ဘွား ဟော်နန်းမှာ တဝက်ခန့်ပြိုကျပျက်စီးသွားခဲ့သည် ။ မေလ ၂ ရက် နံနက် ၁ နာရီ မိနစ် ၂၀ အချိန်တွင် လေပြင်း ထပ်မံတိုက်ခတ်ရာ ဟော်နန်းကြီးမှာ လုံးဝ ပြိုကျပျက်စီးသွားပြီး ဘုရားခန်းတခန်းသာကျန်တော့ကြောင်း စော်ဘွားမျိုးဆက်တဦးဖြစ်သည့် ယိင်းနောင့်လျဲန်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။


“ ဟော်ဦး ဘုရားခန်းဘဲကျန်ပါတယ်။ ကျန်တာတော့ လုံးဝ ပျက်စီးသွားပါပြီ ။ ဒါပေမယ့် ဟော်နန်းပေါ်က စော်ဘွား ကြီး ရဲ့ လက်ကျန်အသုံးအဆောင်တွေတော့ ထိခိုက်ပျက်စီးတာမရှိပါဘူး ။ အရင်ကတည်းက အဲလိုဖြစ်မှာ ကြောက်လို့ ဟော်နန်းအောက်ထပ်ကို ကျမတို့ ပြောင်းရွှေ့ထားလိုက်ပြီလေ ။ ” - ဟု နောင့်လျဲန်း ကပြောသည် ။


အဆိုပါဟော်နန်းမှာ သျှမ်းစော်ဘွားနယ်မြေ ၃၃ ခုတွင် ပါဝင်သည့်ပင်လောင်း စော်ဘွား နေထိုင်စံမြန်းခဲ့သည့် ဟော်နန်းဖြစ်ပြီး ယခုကဲ့သို့စော်ဘွားဟော်နန်းပျက်စီးခဲ့မှုမှာ သျှမ်းတိုင်းရင်းသားများအတွက်သာမကေ ဒသခံများအတွက်ပါ ဆုံးရှုံးမှုဖြစ်ကြောင်း သျှမ်းရေးရာ လေ့လာနေသူ ခွန်ယုံးချို ကပြောသည် ။


“ အဲဒီစော်ဘွားဟော်က အရင်ကတည်းက ပြင်ဆင်ထိန်းသိမ်းမှုအားနည်းတော့ခပ်ယဲ့ယဲ့ ဘဲဖြစ် နေ တာကြာပြီ ။”  ဟု ၎င်းက ပြောသည် ။


မေလ ၁ ရက်နှင့် ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပင်လောင်းဒေသရှိ လူနေအိမ်များ အိမ်ခေါင်မိုးလှန်ခြင်း ၊ ပြိုကျပျက်စီးခြင်းများလည်းဖြစ်ပေါ်  ခဲ့သည် ။


“ ဟော်ကနဂို ခေတ်အဆက်ဆက်အစိုးရတွေကပြင်ဆင်ထိန်းသိမ်းမှုမလုပ်ပေးတဲ့ အပြင် ဒေသခံ တွေ ကနေ ကိုယ်တိုင်ထလုပ်နိုင်ဖို့ဆိုတာကလည်း အဆင့်ဆင့်သွားရတယ်လေ။အဲ့ကြောင့် မပြင်နိုင်ဘဲ ထားခဲ့ရတာ ခုလိုပြိုကျတဲ့အချိန်အထိ ။ အရမ်းကိုနှမြောဖို့ကောင်းပါတယ် ။”  - ပင်လောင်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


နိုင်ငံတဝှမ်း လတ်တလောဖြစ်ပွားနေသည့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် နေအိမ်များ ထောင်နှင့် ချီပျက်စီးခဲ့ရပြီးလူသေဆုံးမှုများလည်းရှိခဲ့ကာ တောင်ကြီးမြို့နယ် ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူ စေတီတော်ရှိထီးတော်များမှာလည်း မြေခခဲ့ပျက်စီးခဲ့ပါသည် ။


ပင်လောင်းဟော်နန်းကိုပြန်လည်မွမ်းမံရာတွင်ကူညီမှုပေးမည်ဟု  RCSS ဥက္ကဌက ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလ ပင်လောင်းသို့ရောက်ရှိလည်ပတ်စဉ် ကတိပေးပြောဆိုခဲ့ဖူးပါသည် ။


ပင်လောင်းဟော်နန်း မူလပုံအတိုင်းပြင်ဆင်နိုင်ရေးအတွက် အလှူငွေများကောက်ခံနေသည်ဟုလည်း ပင်လောင်းဒေသခံများထံမှသိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates