“ ရွေးကောက်ပွဲအလွန်မျှော်လင့်ချက် ” ဆွေးနွေးပွဲ လားရှိုးမြို့တွင်ကျင်းပ



သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် USAID ၊ BNI  တို့၏ပံ့ပိုးမှုဖြင့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ “ ရွေးကောက်ပွဲအလွန် မျှော်လင့်ချက် ”  ဟူသည့် ဒီဘိတ်ဆွေးနွေးပွဲကို မေလ ၃ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည် ။


အဆိုပါ ဒီဘိတ်ကို CS ဟော်တည်တွင် နံနက် ၉ နာရီက ၁၁ နာရီအထိကျင်းပရာ အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များအပြင် ဒေသခံလူငယ်များ စုစုပေါင်း ၈၀ နီးပါး တက်ရောက်နားထောင်ဆွေးနွေးခဲ့ပါသည် ။


ပင်တိုင်ဆွေးနွေးသူများမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ သိန္နီမြို့နယ် ပြည်နယ်အမှတ် ၂ ကိုယ်စားလှယ် စိုင်းစိန်လူ ၊ လားရှိုးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  NLD ကော်မတီဝင် စိုင်းတူး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် ပြောခွင့်ရ စိုင်းနော်ဆိုင် နှင့် ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့  CBO မှ ပြောခွင့်ရှိသူ နန်းခိမ်ဝမ်း တို့ဖြစ်သည် ။


ဒီဘိတ်ဖြစ်မြောက်ရေးစီစဉ်သူ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ စိုင်းမိဏ်းက -  “ ရွေးကောက်ပွဲအလွန်မျှော်လင့်ချက် ဆိုတဲ့ ခေါင်းစဉ်က ကျယ်ပြန့်ပါတယ်။ ဆွေးနွေးခဲ့ပြီးတာကိုပြန်ကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရမယ် ။ ငြိမ်းချမ်းရေးအစစ် အမှန်ရရှိရမယ်။ အခွင့်အရေး တန်းတူရရှိရမယ် ။ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာထက် အဓိက ပြသနာက တိုင်းရင်းသားပြသနာဖြစ်တယ် ဆိုတဲ့အဓိကအချက်ကြီးတွေကိုဆွေးနွေးခဲ့ကြပါတယ် ” ဟုပြောဆိုသည် ။


ဖွဲ့စည်းပုံပြင်ဆင်ရေးခေါင်းစဉ်တွင်  - “ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်နေပြီ ။ ရှင်းရှင်းပြောရင် သူမဟာ အိမ်ကြီးအိမ်ကောင်းမှာ တက်နေနေတဲ့သူဖြစ်နေပြီလို့ ဆိုနိုင်ပါတယ် ။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် သူ့ရဲ့အိမ်ကြီးကိုဖြိုပြီး အိမ်သေးသေးမှာ ဆင်းနေပါ့မလားဆိုတဲ့ သံသယ ရှိဖွယ် စဉ်းစားဖွယ်ဖြစ်တယ် ။  ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် တိုင်းရင်းသားတွေဘယ်လောက်ထိ မျှော်လင့်ချက်ရှိနိုင်သလဲ ။ NLD ပါတီအတွက် အထူး အရေးပါတဲ့အချက်တွေကိုတော့ ပြင်ဆင်သွားဖွယ်ရှိတယ် - လို့ဆွေးနွေးသွားခဲ့ပါတယ် ”  ဟု  ပြန်လည်ပြောပြသည် ။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းစိန်လူက - “ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကိုပြင်မယ် လို့ယုံကြည်တယ် ။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ဆောင်သွားခဲ့တဲ့ ပင်လုံစာချုပ်အတိုင်း လိုက်သွားဖို့ဆိုတာ ၂၀၀၈ မပြင် ရင် ၊ အမျိုးသားရင်ကြားစေ့ရေးမရခဲ့ရင်တော့ ဘယ်လိုမှ လိုက်လုပ်နိုင်မှာမဟုတ်ဘူး ” - ဟုဆွေးနွေးခဲ့သည် ။


စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးဟူသည့်အချက်တွင်မူ - စစ်မှန်သောငြိမ်းချမ်းရေးမရရှိပါက ဒေါ်အောင်ဆန်းစုကြည် ပြောဆို သော ဒုတိယပင်လုံညီလာခံလုပ်ဆောင်ရန်အတွက် မဖြစ်နိုင်ကြောင်း ၊ ထို့ကြောင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ အာဏာလက်ကိုင်ထားသောသူမအနေဖြင့် ဖြူစင်သောစေတနာထားရှိကာ စစ်တပ်နှင့်ညှိနှိုင်း၍ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တဖွဲ့မကျန် လက်မှတ်ရေးထိုးခွင့်ရရန်နှင့်  လူစုံတက်စုံပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်မှသာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည် ။


တန်းတူညီမျှသောအခွင့်အရေး ဟူသည့်ခေါင်းစဉ်တွင်မူ - တန်းတူအခွင့်အရေးဟူသည် ပင်လုံစာချုပ်မှ စတင်ပေါက်ဖွား လာ ကြောင်း ၊ ထိုစဉ်က နိုင်ငံတော်တည်ထောင်ရာတွင် ၈ ပြည်နယ်သာဖြစ်သင့်ကြောင်း ၊ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၈ ပြည်နယ် လက်မခံဘဲ ပင်လုံစာချုပ်အတိုင်း မလုပ်ဆောင်ပါက  တန်းတူညီမျှမှု ဆောင်ရွက်ရာတွင်လည်းကောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတည်ဆောက်ရာတွင်လည်းကောင်း အခက်အခဲကြုံတွေ့ရမည်မှာမလွဲဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ သည် ။


အချက်နံပတ် ၄ ဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာ၏ အဓိကပြသနာမှာ တိုင်းရင်းသားပြသနာဖြစ်နေကြောင်း ဆွေးနွေး ချက်တွင်မူ - ပထမဆုံးခြေလှမ်းကိုကြည့်ပါက တိုင်းရင်းသားပြည်နယ်များ၏ ဝန်ကြီးချုပ်များကိုရွေးချယ်တင်မြောက်ရာတွင် သက်ဆိုင်ရာတိုင်းရင်းသားပါတီမှပုဂ္ဂိုလ်များကိုမရွေးချယ်ဘဲ NLD ပါတီမှပုဂ္ဂိုလ်များကိုသာရွေးချယ်တင်မြောက် ထားခြင်းမှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်စေကြောင်း ဆွေးနွေးပြောဆိုကြပါသည် ။


ဒုတိယပင်လုံညီလာခံနှင့်ပတ်သက်၍ဆွေးနွေးရာတွင် - စစ်မှန်သောငြိမ်းချမ်းရေးကိုမရရှိပါက ဒုတိယပင်လုံ တတိယပင်လုံ ညီလာခံကြီး ဖြစ်လာရန် များစွာခက်ခဲမည်ဖြစ်ကြောင်းလည်းဆွေးနွေးခဲ့သည် ။


ထိုသို့သော ပြသနာများဖြင့်ပြည့်နှက်နေသည့်နိုင်ငံရေးအခြေအနေတွင် ၁ - တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက် ရန် ၊ ၂-  ငြိမ်းချမ်းရေးတည်ဆောက်ရေးကို ဖြစ်မြောက်အောင် ပံ့ပိုးပေးရန် ၊ ၃- အတူတကွ နေထိုင်နိုင်ရေးအတွက်အထောက် အကူဖြစ်စေမည့်နည်းလမ်းကောင်းများရှာဖွေရန် စသည်တို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည် ။


ဒီဘိတ်ဆွေးနွေးပွဲကို သျှမ်းဘာသာဖြင့်သာ ပြောဆိုကျင်းပခဲ့ပြီး သျှမ်းလူထု နိုင်ငံရေးနှင့်ဆိုင်သည့်အတွေးအခေါ်များ ပိုမိုနားလည် လာအောင်၊ မိခင်ဘာသာစကားဖြင့် ဒီဘိတ်ကျင်းပမှု တွင်ကျယ်လာအောင်ရည်ရွယ်သည်ဟု  ဒီဘိတ်ဖြစ်မြောက်ရေးစီစဉ်သူ စိုင်းမိဏ်းကပြောသည် ။


“ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ပါတယ်လေ ။ တိုင်းရင်းသားတွေ မိခင်ဘာသာစာပေနဲ့စကားကို မြင့်တင်ခွင့်ရှိတယ်ဆိုတာလေ ။ ၂၀၀၈ ဖွဲ့စည်းပုံပါအချက်နဲ့ကိုက်ညီအောင်လုပ်ပါတယ် ။ နောက်ပြီးတော့ သျှမ်းပြည်မြောက်ပိုင်းမှာ ကျနော်တို့လာပြီး ဒီဘိတ်ကျင်းပ တာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ် ။ လာရောက်နားထောင်ဆွေးနွေးတဲ့ သူတွေလည်း လားရှိုး သီပေါ  သိန္နီ မိုင်းရယ်ဘက်က လာကြပါတယ် ။ ပြောရမယ်ဆိုရင်တော့ ဒီဆွေးနွေးပွဲဟာလည်း အခက်အခဲအမျိုးမျိုးကြားကနေ အောင်မြင်စွာကျနော်တို့ ကျင်းပနိုင်ခဲ့ပါတယ် ။ ”


ယခုကျင်းပခဲ့သည့် ဒီဘိတ်ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသော သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီမှ ကိုယ်စားလှယ်က ဝင်ရောက်ဆွေးနွေးခြင်းမပြုဘဲ တက်ရောက်နားထောင်သူအဖြစ်သာ တွေ့ရပါသည် ။ ထိုနည်းတူ NLD ပါတီကလည်း  ဖိတ်ကြားထားသူမှာ တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ ။


သျှမ်းသံတော်ဆင့်အနေဖြင့် ထိုသို့သော ဒီဘိတ်ဆွေးနွေးမှုမျိုးကို လက်ရှိအကြိမ်အပါအဝင် ၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည် ။ ၂၀၁၅ ခုနှစ်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ “ ရွေးကောက်ပွဲနှင့်လုံခြုံရေး ” ဟူသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ “ ရွေးကောက်ပွဲနှင့်ကတိကဝတ် ” ဟူ၍လည်းကောင်း ၊ ၂၀၁၄ ဧပြီလတွင် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ “ မူးယစ်ဆေးဝါး ကင်းစင်ရေးထွက်ပေါက် ” ဟူ၍လည်းကောင်း ၊ လက်ရှိ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် “ ရွေးကောက်ပွဲအလွန်မျှော်လင့်ချက် ” ဟူ၍လည်းကောင်း ကျင်းပခဲ့ပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates