လားရှိုးကျေးလက်ဒေသခံ ရွာသား ၇ ဦးသေဆုံးမှု ရမခ ဒုတိုင်းမှူးကွင်းဆင်းကြည့်ရှု



လားရှိုးကျေးလက်ဒေသခံ ၇ ဦး သေဆုံးခဲ့ရသည့် အခင်းဖြစ်ပွားရာနေရာသို့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ဒုတိုင်းမှူး မှ ကျန်ရစ်သူမိသားစုအား သွားရောက် တွေ့ဆုံကာ ထောက်ပံ့ကြေးငွေ နှင့် ထိုသို့ နောက်တကြိမ်မဖြစ်စေရ ဟူသည့်နှုတ် ကတိဖြင့် ပြောဆိုလိုက်သည်ဟု ဒေသခံများ ပြောပြချက် အရသိရသည် ။

 သေဆုံးသူအလောင်းများပြန်လည်တူးယူပြီး ပြန်လည်သဂြိုဟ်ပေးစဉ် - (ဓါတ်ပုံ-SNLD)

ဂျူလိုင်လ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ ဒုတိုင်းမှူး ဗိုလ်ချုပ် ကျော် ကျော်စိုးက ရွာသား ၇ ဦးသေဆုံးခဲ့ရသည့် အခင်းများဖြစ်ပွါးရာ လားရှိုးမြို့နယ် မိုင်းယော်တိုက် နယ်သို့ ရောက်ရှိကာ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များအား ခေါ်ယူတွေ့ဆုံ ကြောင်း ၊ တမိသားစု ကျပ်ငွေ သုံးသိန်း ထောက်ပံ့ပေးခဲ့ကြောင်း ၊ ထို့အတူ ထိုကဲ့သို့ ဖြစ်ရပ်မျိုး နောက် တကြိမ် မဖြစ်စေရ ဆိုသည့် နှုတ်ကတိအားလည်း ပြည်သူလူထု နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ ကြောင်း မိုင်းယော်ဒေသခံများကပြောသည် ။


ဗုံးစထိမှန် ဒဏ်ရာရသူအချို့အားလည်း လားရှိုးသို့ ဆေးဝါးကုသခွင့်ရရန် အာဏာပိုင်များအား ဒု တိုင်းမှူး က ညွှန်ကြားထားသည်ဟုလည်းသိရသည် ။


သေဆုံးသူများ အနက် စိုင်းဆိုင်၏ ဇနီးဖြစ်သူ က - “ ဒုတိုင်းမှူးကြီးက မိုင်းယော်ကို ရောက်လာတယ်။ သေဆုံးသူ တယောက် အတွက် ကျပ် ၃ သိန်း စီပေးတယ် ။ လျော် ကြေးတော့မဟုတ်ဘူးတဲ့ ။ တိုင်းမှူးကြီးက သနားသဖြင့် ပေးတာ လို့ ပြောတယ် ။ နောက်ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုပေးဖို့ခေါ်သွားတယ် ” - ဟု ပြောသည် ။

 သေဆုံးသူ၏ ကျန်ရစ်သူမိသားစု (ဓါတ်ပုံ-SNLD)

သေဆုံးသူ စိုင်းဆိုင်တွင် ဇနီးနှင့်အတူ သား ၂ ဦး ကျန်ရစ်ကြောင်း ၊ ၎င်းတို့ မိသားစု ဝမ်းစာအတွက် တနေ့လုပ်အားခ ကျပ်ငွေ ၄၀၀၀ ဖြင့် ခြံ အလုပ် သွားလုပ်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပြောသည် ။


ရွာသားများ၏ ပြောပြချက်အရ ဂျွန်လ ၂၅ ရက်က လားရှိုးမြို့မှ မိုင်းယော်သို့ ဦးတည်သည့် အစိုးရ တပ်မတော်စစ်ကြောင်းသည် မိုင်းယော်အဝင်တွင် ဆိုင်ကယ်သမားအားတားဆီးခဲ့ ကြောင်း ၊ ဆိုင်ကယ်သမားက  ရပ်မပေးသောကြောင့် အဆိုပါ စစ်ကြောင်းမှ ပစ်ခတ်ခဲ့ကြောင်း ၊ ဆိုင်ကယ်မောင်းသူ နှင့် ကပ်စီးလာသူ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ရကြောင်း ၊ အဆိုပါ ဆိုင်ကယ် ပစ်ခတ်ခံရစဉ် လမ်းဘေးတလျှောက်ရှိ စစ်သားများက လက်နက်ကြီး လက်နက်ငယ် မျိုးစုံအား ဦးတည်ရာမဲ့ ပစ်ခဲ့ခတ်ကြောင်း ၊ အနီးအနားရှိ ခြံလုပ်သား ၃၀ ကျော်ကိုလည်း ဖမ်းဆီးကြောင်း ၊ ထိုသူများထဲမှ ၅ ဦး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၊ လက်နက်ကြီး ကျည်စ ထိမှန်မှုကြောင့်လည်း ပြောင်းခြံသမ သုံးဦး ဒဏ်ရာရရှိကြောင်း - ရွာသားများက ပြောပြသည် ။


ဦးစွာပစ်ခတ်ခံရပြီး သေဆုံးသွားသူ ဆိုင်ကယ်သမား ၂ ဦး၏ မိဘများဟု ယူဆရသည့် လားရှိုးမြို့ နမ့်ယော်ကျေးရွာအုပ်စု အီနှိုင်းကျေးရွာသားများကလည်း လားရှိုးရဲစခန်းသို့ ယနေ့ ဂျူလိုင်လ ၄ ရက်တွင် လာရောက်တိုင်တမ်းမှုရှိကြောင်း ၊ အမှုတွင် ကူညီဖြေရှင်းပေးနေသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။


ပစ်သတ်ခံရမှုကြောင့် သေဆုံးသွားသူ ၅ ဦးအတွက် ဆွမ်းသွတ်အလှူကို ဂျူလိုင်လ ၂ ရက်နေ့ က မိဘဆွေမျိုးများနှင့် ရွာသားများကစုပေါင်းပြုလုပ်ပေးခဲ့ပြီး ဂျူလိုင်လ ၃ ရက်နေ့တွင်မူ သေဆုံးသူများအေးချမ်းသောဘုံဘ၀တွင်ရောက်ရှိစေရန်နှင့် နှင့်ရပ်ရွာအေးချမ်းမှု ရရှိသေရန် အတွက်ရည်ရွယ်ကာ ကချင်လူမျိုးများ ခရစ်ယာန် နှစ်ခြင်းအသင်းတော်ကလည်း ဆုတောင်း ပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည် ။


ဂျွန်လ ၂၅ ရက်က အစိုးရစစ်ကြောင်းမှဖမ်းဆီးပစ်သတ်ခံရသော ရွာသား ၅ ဦးမှာ မန်ကစ်ရွာမှ စိုင်းအိုက်ဆိုင် (အသက် ၂၃ နှစ်) စိုင်းအိုက်လွတ် ၃၉ နှစ် ၊ အိုက်မောင် ၂၇ နှစ် ၊ မန်တပ်ရွာမှ စိုင်းရွှေလူ ၁၇ နှစ်နှင့် အိုက်မောင်၂၃ နှစ်တို့ဖြစ်ကြောင်း သိရသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates