ဂိတ်ရှောင်ကုန်တင်ကားကြီးများကြောင့် လမ်းများပျက်စီး မူစယ်ဒေသခံများအခက်တွေ့



သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မူစယ်မြို့နယ်ဘက်မှ လိုင်စင်မဲ့ တန်ချိန်ပိုကုန်ကား ကြီးများ ရွှေလီမြစ်တဖက်ကမ်းသို့ နေ့စဉ် ဖြတ်သန်းနေသဖြင့်  ကားလမ်းပျက်စီးမှု ကားလမ်းပိတ်မှု များ ဖြစ်ပွါးကာ ဒေသခံကားများသွားလာမှုခက်ခဲကြောင်းသိရသည် ။


ဩဂတ်စ် ၁၂ ရက်နေ့က မူစယ်မြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော် အမှတ် ၁ စိုင်းကျော်သိန်းမှ ဒေသခံအကြီးအကဲ ၈၀ ကျော်အား တွေ့ဆုံကာ ကုန်တင်ကားကြောင့် ပျက်စီးနေသည့်လမ်းကိစ္စများ၊ ယာဉ်အသွားအလာကြပ်မှုများ ဖြေရှင်းဖို့ရန် ဆွေးနွေးခဲ့၏ ။


ရွှေလီမြစ်တဘက်ကမ်း စယ်လန့်သို့ ကူးရန် ကုန်ကားများမှာ နေ့စဉ် ကူးတို့ဆိပ်တွင် ပြည့်နှက်နေ သည့်ကြောင်း သျှမ်းလူငယ်အဖွဲ့မှ စိုင်းမောဝ်းကပြောသည် ။


“မူစယ်ဘက်ကနေ တရုတ်ဘက်ခြမ်းသွားဖို့  အသုံးများတာက နောင်မွန်း ကူးတို့ဆိပ်ပေါ့။ ဒီ ဆိပ် သွားဖို့ ရွာတွေဖြတ်သွားရတယ်။ ပန်ခမ်းရွာ ၊ နောင်ယန်း ရွာ ၊ တင်းလုံရွာ ၊ တုံးဟွန်းချိုရွာ ၊ စန်းဆာရွာ ၊ နောင်မိုရွာ ၊ ဆိုင်းခေါဝ်ရွာ နဲ့ စယ်လန့် ရွာ တွေပေါ့။  ကုန်ကားကြီးတွေ နေ့စဉ် ဖြတ်သန်းသွားလာတာကြောင့် ရွာခံတွေက အခက်အခဲတွေ ရင်ဆိုင်ရတယ်။ ရွာလမ်းပျက်စီးတာ၊ ပတ်ဝန်းကျင်လေထု ညစ်ညမ်းတာ၊ ရွာတွင်း ကလေး သူငယ်တွေအတွက် လုံခြုံရေး၊ ကားလမ်း ကျပ်ပိတ်မှု စတာတွေပေါ့နော်  ” ဟု စိုင်းမောဝ်း ကဆက်ပြောပါသည် ။


အဆိုပါကုန်တင်ကားကြီးများမှာ တရားဥပဒေနှင့်အညီ တင်ပို့သွားလာနေသည့် ကားများ မဟုတ်ကြောင်း၊ သျှမ်းပြည်ဘက်မှ ထွက်ကုန်များနှင့် သယံဇာတများ၊ သစ်များ ဝါးများနှင့် မြေကြီးများတင်ဆောင်သည့်ကားကြီးများလည်းပါဝင်ပြီးတော်တော်များများ မှာ လိုင်စင်မဲ့ ကားကြီးများဖြစ်နေကြောင်း မူစယ်ဒေသခံ စိုင်းအိုက်ယီ့ ကလည်းပြော သည် ။


“၂၀၁၂ ခုနှစ် နောက်ပိုင်းမှာအခုလို တင်ပို့မှုတွေ များလာတာ။ တရုတ်ဘက်ကလာတာ အဲဒီကုန် ကားကြီးတွေက။ ၆ ဘီးကားတွေ ၁၂ ဘီးကားတွေ။ ရွာလမ်းက ဘယ်ခံနိုင်ပါ့ မလဲ။ သူတို့က တရုတ်ပြည်ဘက်ကဂိတ်တွေကိုရှောင်တာလေ။ အခွန်အရမ်း များတယ် ပြောတယ်။” - ဟု ကားသမားများအသိုင်းအဝိုင်းမှ စိုင်းအိုက်ယီ့က ဆက်လက်ပြောပြ သည် ။


မြန်မာနိုင်ငံဘက်ခြမ်း မူစယ်မြို့၌ ၂၀၁၅ ခု နှစ်ကုန်ပိုင်းကစပြီး ၂၀၁၆ နှစ်ဦးပိုင်းအထိ တရုတ် ပြည်မှ တရားမဝင် ၀င်ရောက်လာသော တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားကြီး (ကဲ့ကား) များကို မြန်မာအာဏာပိုင်များက ဖမ်းဆီး ဒဏ်ငွေရိုက်နေသည်ဟု ဆိုသော်လည်း ထိရောက် သည့်အရေးယူမှုများမရှိဘဲ ကုန်ကားကြီးများမှာ မှော်ခိုပစ္စည်းများအား ယနေ့တိုင် သယ်ဆောင်မှုရှိနေ သေးကြောင်းမူစယ်မြို့ခံများကပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates