ရွှေလီမြစ်ရေကြီးပြီးနောက် ကုန်တင်ယာဉ်များပြား သောင်တင်ပိတ်ဆို့မှုဖြစ်ပွား



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ရွှေလီမြစ်ရေကြီးပြီးနောက် ကူးတို့ဆိပ်မှ တရုတ်ပြည်ဘက်ကမ်း သို့ ကူးမည့်ကုန်တင်ယာဉ်များ  အများအပြား သောင်တင်ပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း သိရှိရသည် ။

Photo : Tong Hwe Li Group
“ ရေကြီးပြီးနောက်ပိုင်း ကုန်တင်ကားတွေ ပိုများလာတယ် ။ ဒီလိုပိတ်နေတာ ၈ ရက်လောက်ရှိပြီ ။ ကျယ်ဂေါင် ကနေ မူစယ်ဘက်လာဖို့ ကားငယ်မပြောနဲ့ … ဆိုင်ကယ်တောင် သွားနိုင်ဖို့ မလွယ်ဘူး ။ တခါတလေ ည ၉ နာရီထိ ပိတ်နေတယ် ” ဟု မူစယ်ဒေသခံ စိုင်းရီ က ပြောပါသည် ။


မူစယ်ဘက်မှ ကားကြီးကားငယ်ပေါင်းစုံမှာ လွယ်ဆုတောင်းတောင်မှ ပန်ခမ်းအထိ လမ်းပိတ်ဆို့နေ ကြောင်း ၊ တရက် ကားအစီးရေ ၁၀၀ ထက်မနည်း ရှိကြောင်း ၊ ယာဉ်ထိန်းရဲနှင့်ပန်ခမ်းလုံခြုံရေးအဖွဲ့ ဝင်များ လမ်းကြောင်းကူရှင်းပေးနေသည်ကိုတော့ တွေ့ရကြောင်း ဆိုပါသည် ။


“ ကားတွေက လမ်းဘေးမှာ ရပ်ရင်လည်း ရပ်ချင်သလို ရပ်ထားကြတယ် ။ ကောင်းကောင်း မရပ်ကြဘူး ။ လမ်းဘေးတဖက်မှာ ကားတွေ တန်းစီရပ်ထားတော့ ကားငယ်နှစ်စီးစာဘဲ သွားနိုင်တယ်လေ ။ ကားကြီး ဆိုရင် တစီးဘဲ သွားနိုင်တယ် ။ အဲဒါကြောင့် လမ်းကြောကူရှင်းပေမယ့် သိပ်မထိရောက်ဘူး ” ဟု ပန်ခမ်းလူငယ် စိုင်းခမ်း က ပြောပါသည် ။


အဆိုပါကုန်ကားကြီးများမှာ တရုတ်ပြည်ဘက်မှ ဓာတ်မြေသြဇာများ တင်သွင်းပြီး မြန်မာပြည်ဘက်မှ ဆန်နှင့်သကြားများ တင်ပို့ကြောင်း ၊  ကုန်တင်ယာဉ်ကြီးများသည် ကျယ်ဂေါင်နှင့်ပန်ခမ်းကြားရှိ နောင်မွန်း ၊ နောင်ခို ၊ နောင်ယန်း ၊ ပန်ခမ်းကူးတို့ဆိပ်မှ တရုတ်ဘက်သို့ ကူးကြကြောင်း သိရှိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates