လယ်ယာမြေအသိမ်းခံရ တောင်သူဦးကြီး ၁၀၀ ကျော်အား မြေယာကျူးကျော်မှုဖြင့် တောင်ကြီးစစ်တိုင်းရုံးက ပြန်တရားစွဲ
သျှမ်းပြည်တောင်ပိုင်းတွင် မြေယာကိစ္စနှင့်ပတ်သက်၍ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် ရပခက တောင်သူဦးကြီး တစ်ရာကျော်အား မြေယာ ကျူးကျော်မှုဖြင့် ပြန်လည်တရားစွဲဆိုထားသည်ဟုသိရသည် ။
၂၀၁၆ ဂျူလိုင်လ ၂၅ ရက်နေ့က တပ်မတော်မှ တရားလိုပြုကာ တောင်ကြီးမြို့နယ် ၊ ကွန်လုံကျေးရွာအုပ်စု ၊ ရေပူရွာမှ ဒေသခံတောင်သူ ၁၃၀ ဦးအား မြေယာကျူးကျော်မှု ရာဇဓတ်ကြီးပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုလိုက် ခြင်းဖြစ်သည် ။
" ကြက်ဆူစီမံကိန်းနဲ့ တပ်မတော်ဘက်စုံ စိုက်ကွင်းအတွက် အကြောင်းပြုပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဒေသခံ တောင်သူတွေဆီကနေ လယ်ယာခြံမြေ ဧကပေါင်း လေးထောင်ကျော်ကိုသိမ်းဆည်းခဲ့ တယ်။ ၂၀၀၄ ခုနှစ်လောက်ကတည်းက ။ ၂၀၁၀ နောက်ပိုင်းမှာ တစ်ဧကကို တစ်သောင်းကျပ်နှုန်းနဲ့ တောင်သူတွေ က စစ်တပ်ဆီကပိုက်ဆံပေးငှားပြီးစိုက်ပျိုးရတယ် ။ ၂၀၁၅ နောက်ပိုင်းမှာ ကာချုပ်က သီးစားချမပေးရဘူး အကျိုးတူမလုပ်ရဘူးဆိုတဲ့နောက်ပိုင်းမှာတော့ ဒီပြဿာနာတွေဖြစ်လာတာပဲ " ဟု ရေပူကျေးရွာနေ ဦးမျိုးအောင်ကပြောသည် ။
ယင်းတပ်သိမ်းမြေနေရာတွင် ယခင်ကတောင်သူများမှ ပြောင်း ၊ ပဲနှမ်း ၊ ပဲစဉ်းငုံ နှင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးခဲ့ကြောင်း သိရသည် ။
" သီးစားလဲချမပေးတော့ဘူး။ စစ်တပ်ကနေပြီး ကုမ္ပဏီတွေကိုငှားစား တာလဲရှိတယ်။ ရောင်းစားထားတာ လဲရှိတယ်၊ ၀င်ရောက်စိုက်ပျိုးတဲ့ သူတွေကို စစ်တပ်က နေတရားစွဲထားတာ ရေပူရွာမှာရွာလုံးကျွတ်နီးပါး ရှိတယ် " ဟုလက်ရှိတရားစွဲဆိုခံထားရသော ဒေါ်မော်မော်ဦးကပြောသည် ။
တောင်သူများ၏ အဆိုပါမြေယာများအား တပ်မတော်မှ တရားဝင်လုပ်ထုံး လုပ်နည်းနှင့် အညီ သိမ်းဆည်း ခဲ့ခြင်းမဟုတ်ကြောင်း၊ ထို့အပြင် ရွာသားများအား တရားစွဲပြန်သဖြင့် ရုံးချိန်းတက်ရမည့် တောင်သူများ အနေ ဖြင့် စိုက်ပျိုးရေး လုပ်ငန်းများပါပျက်ကွက်ကာ စားဝတ်နေရေး ပါထိခိုက်လာနိုင်သည့်အကြောင်းကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားသည်ဟု မြေသိမ်းခံတောင်သူများအရေး တွင်လိုက်ပါကူညီ သူများကပြောသည် ။
ရေပူကျေးရွာ၏ မြေယာကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့က တောင်သူ ဦးမြင့်အောင်မှ သိမ်းဆည်းခံမြေယာများအတွက် မိမိကိုယ်ကိုယ်မီးရှို့၍ ဆန္ဒထုတ် ဖော်ကာသေဆုံးသွားသည့် ဖြစ်ရပ် များရှိခဲ့ဖူးသည် ။
Tags: Human Right, News


