အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ သမိုင်းပြဌာန်းစာအုပ်တွေကို ပြင်ကြစို့
သမိုင်း ဘာသာရပ်နဲ့ ပတ်သက်လို့ ၀ိဝါဒကွဲစရာ အယူအဆ ဆိုရိုးစကားတွေအများအပြားရှိပါတယ်။ သမိုင်းဆိုတာ အောင်နိုင်သူကပဲရေးတာ ဆိုတဲ့ ဆိုရိုးစကားလည်းရှိသလို ၊ သမိုင်းဆိုတာ အချက်လက်ပေါ်မှာ မှီခိုသလို ဒီသမိုင်းကို ဘယ်သူရေးသလဲ ပြောသလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေတယ်။
( History is about facts and who's telling the story ) ဆိုတဲ့ ကိစ္စရပ်တွေလည်း ရှိနေပြန်ပါတယ်။ သမိုင်းကို မအအောင်လို့ သင်တာ ဆိုတဲ့ သမိုင်းပညာရှင်ဒေါက်တာ သန်းထွန်းရဲ့ စကားလည်းရှိနေပြန်ပါတယ်။ တိုးတက်တဲ့ အမြင်ရှိတဲ့နိုင်ငံတွေနဲ့ ဒီမိုကရေစီရှိပြီး ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ တော်တော်များများမှာတော့ ရှေးပဒေ သရာဇ်ခေတ်တွေ အာဏာရှင်ခေတ်တွေက အသုံးပြုခဲ့တဲ့ လိုသလိုရေးဆွဲထားခဲ့တဲ့ သမိုင်းတွေကို တတ်နိုင်သမျှ ပြန်လည်စီစစ်ပြီး လွတ်လပ်စွာကွဲလွဲနိုင်ခွင့်အတွက် တိုင်းပြည်အတွင်းမှာပဲ နေထိုင်တဲ့ လူနည်းစု မျိုးနွယ် စုငယ် တွေရဲ့ သမိုင်းမှတ်တမ်းအချက်လက်တွေ ၊ တခြားရှုံးနိမ့်ခဲ့သူတွေရဲ့ သမိုင်းမှတ်တမ်းတွေကိုပါ ခေတ်ပြိုင် အနေနဲ့ ဖော်ပြခွင့်ပေးကာ ပြည်ထောင်စုနဲ့ အမျိုးသားနိုင်ငံတော်အဖြစ် ပေါင်းစည်းမှုတွေက ဘယ်လိုဖြစ်လာခဲ့ တယ်ဆိုတဲ့ သမိုင်းတွေကို တတ်နိုင်သမျှ တိတိကျကျ လေ့လာပြုစုပြီး ကျောင်းသင်ရိုးညွှန်းတမ်းတွေအဖြစ် သင်ယူစေခဲ့တာ နှစ်ပေါင်းကြာမြင့်နေခဲ့ပြီဖြစ်ပါတယ် ။
ဥပမာအားဖြင့် ဆွစ်ဇာလန်နိုင်ငံမှာဆိုရင် နိုင်ငံသမိုင်းနဲ့ ပတ်သက်လို့ ကျောင်းသင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲ ရာမှာ နိုင်ငံအတွင်းမှာနေထိုင်တဲ့ ဂျာမန်စကားပြော ၊ အီတာလျှံစကားပြော ၊ ရိုးမန့်စ်ရှ် နဲ့ ပြင်သစ်စကားပြော လူမျိုးတွေနိုင်ငံမှာ အခြေချနေထိုင်လာပုံ အချင်းချင်းစစ်ပွဲတွေဖြစ်လာပုံကစလို့ ဘယ်အချိန်မှာ ဖက်ဒရာယ် ပြည် ထောင်စုအဖြစ် ပေါင်းစည်းကြဖို့ ကြိုးစားခဲ့ကြတယ် ဆိုတဲ့ သမိုင်းကြောင်းဆိုင်ရာ အချက်လက်တွေကို နိုင်ငံ အတွင်းမှာနေထိုင်တဲ့ လူမျိုးစုတွေအားလုံး မနစ်နာစေရအောင်အတတ်နိုင်ဆုံးမှန်မှန်ကန်ကန်နဲ့ ရေးသားပြုစု ဖော်ပြစေတာဖြစ်ပါတယ်။ မတူညီတဲ့မျိုးနွယ်စုတွေအကြား သမိုင်းနဲ့ စာပေဘာသာစကားအတွက် အငြင်းပွား မှုမဖြစ်အောင်လို့ ဒေသအလိုက်သုံးနှုန်းတဲ့ ဘာသာစကားတွေကို တရားဝင်ဘာသာစကားတွေအဖြစ် သတ်မှတ် ထားသလို ပညာရေးသင်ရိုးညွှန်းတမ်းတွေကလည်း ကွန်မြူးအလိုက် ( မြို့ အလိုက် ၊ ကျေးရွာအလိုက် နယ်မြေခွဲခြားမှု ) သင်ရိုးညွှန်းတမ်း ၊ ပြဌာန်းစာအုပ် ၊ ပညာသင်ချိန် ၊ ပညာသင်နှစ်နဲ့ ဘာသာစကား မတူကြ ပါဘူး ။
ဒီလိုမတူကြပေမဲ့ သမိုင်းပြဌာန်းစာအုပ်တွေမှာတော့ နိုင်ငံအတွင်းမှာနေထိုင်တဲ့ လူမျိုးတမျိုးနဲ့တမျိုးအသာစီး ရယူနိုင်ရေးအတွက် (သို့မဟုတ် ) အသာစီးရယူနိုင်ခဲ့တဲ့ သမိုင်းတွေကို ဖော်ပြတာမျိုးမဟုတ်ပဲ တတ်နိုင်သမျှ မျှမျှတတ ဖော်ပြကြပါတယ်။ ဥပမာ ပြင်သစ်စကားပြော ဒေသထဲမှာပါဝင်တဲ့ ဂျနီဗာဒေသက အခြေခံပညာ သင်စာသင်ကျောင်းတွေရဲ့ သမိုင်းနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းမှာ အခြားဘာသာစကားပြောဒေသက မျိုးနွယ်စုတွေကို နိမ့်ချသလိုဖြစ်စေမဲ့ လိုသလိုပုံဖော်တဲ့ သမိုင်းတွေ မိမိပဲအသာဖြစ်နေတဲ့ သမိုင်းတွေ သင်တာ မျိုးမဟုတ်ပဲ ကွဲပြားမှုတွေအခြေခံပြီး အားလုံးပါဝင်နိုင်တဲ့ မျှတမှုအပေါ် အခြေခံတဲ့ သမိုင်းသင်ရိုးညွှန်းတမ်း တွေကိုသာ သင်ခွင့်ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေ ကွဲပြားနေသော်ငြားလည်း အမျိုးသားသင့်မြတ်ရေး၊ ညီညွတ်မှု ၊မျှတမှု ၊ လွတ်လပ်မှု ၊ ကွဲပြားမှုကို လက်ခံတတ်မှု စတဲ့ မူဝါဒတွေအပေါ် အခြေခံပြီးရေးဆွဲကြ တာဖြစ်တဲ့အတွက် ဘယ်နေရာ ဘယ်ဒေသက သင်ရိုးညွှန်းတမ်းနဲ့သင်သင် သမိုင်းနဲ့ လူ့အဖွဲ့စည်းယဉ်ကျေးမှု တွေနဲ့ပတ်သက်လို့ မျိုးနွယ်စုတစ်စုနဲ့ တစ်စု အပေါ်စီးကနေ ဖော်ပြတဲ့ဟာမျိုးတွေ့ရမှာ မဟုတ်ပါဘူး ။
သူတို့ဆီမှာလည်း စာရေးသူတို့နိုင်ငံလိုပဲ မြို့ပြနိုင်ငံခေတ်တွေ မျိုးနွယ်အလိုက် အုပ်ချုပ်တဲ့ခေတ်တွေ အပြိုင် အဆိုင် ပေါ်ထွန်းခဲ့ဖူးပြီး ၁၈၄၈ခုနစ်မှာမှ ကွန်ဖက်ဒရေးရှင်းအနေနဲ့ နယ်မြေတွေပူးပေါင်း ပြည်ထောင်စုတည် ထောင်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ကျောင်းသမိုင်းသင်ရိုးညွှန်းတမ်းတွေမှာဆိုရင်လည်း ခုနက ပြောတဲ့ ဘာသာစကားနဲ့ မျိုးနွယ်စုအလိုက်ကွဲပြားမှုတွေကနေဆင့်ကဲ ပြောင်းလဲလာတဲ့ နိုင်ငံတွင်း မှာရှိ ခဲ့တဲ့ မျိုးနွယ်စုတွေရဲ့ ခေတ်ပြိုင်သမိုင်းတွေကို နောက်ဆုံး သူတို့ညီညွတ်ရေးရလာခဲ့တဲ့ နေရာမျိုးတွေရောက် လာပြီဆိုရင်တော့ ကျယ်ပြန့်တဲ့ သမိုင်းဖော်ပြချက်တွေနဲ့ အဆုံးသတ်လေ့ရှိ တာပဲဖြစ်ပါတယ် ။
ခေတ်နဲ့အညီပြောင်းလဲရတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေမှာလည်း ခေတ်စနစ်နဲ့အညီမျှမျှတတ လိုက်ပါပြောင်း လဲကြရတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လူ့အဖွဲ့အစည်းအတွင်းမှာ ဘာသာစကား စာပေ သမိုင်းကြောင်း ဆိုင်ရာ အသုံးချခွင့် ကွဲလွဲခွင့် ဖော်ပြနိုင်ခွင့်တွေနဲ့ပတ်သက်လို့ အငြင်းပွားဖွယ်ပဋိပက္ခ တွေမဖြစ်ခဲ့တာပဲဖြစ် ပါတယ် ။
စာရေးသူတို့အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင်လည်း နိုင်ငံသမိုင်းကြောင်းနဲ့ ပတ်သက်လို့ နိုင်ငံမှာ အဓိက အခြေချ နေထိုင်သူတွေဖြစ်ခဲ့တဲ့ မွန်၊ ခမာအနွယ်ဝင်တွေရဲ့ သမိုင်းကြောင်းတွေကော ၊ တရုတ်လာအိုနဲ့ မြန်မာနိုင်ငံ ရှမ်း ပြည်နယ်ဘက်က ဆင်းသက်လာတဲ့ သျှမ်းမျိုးနွယ်စုဝင်တွေရဲ့ သမိုင်းကြောင်းတွေကိုပါ ခေတ်ပြိုင်အနေနဲ့ ဖော်ပြ လေ့ရှိပါတယ်။ နိုင်ငံက လက်ရှိသတ်မှတ်ထားတဲ့ မျိုးနွယ်စု ၄၀ ကျော်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ သမိုင်းတွေ ကိုပါ အားလုံးပါဝင်နိုင်အောင် မျိုးနွယ်စု တစ်ခုနဲ့ တစ်ခု အသာစီးရယူထားတဲ့ လုပ်ကြံဖန်တီးတဲ့ သမိုင်းတွေမဖြစ် အောင် အတတ်နိုင်ဆုံး အားလုံးပါဝင်တဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေဖြစ်အောင် ပြုစုသင်ကြားပေးနေပါတယ် ။
ဥပမာအားဖြင့် ခေတ်ပြိုင်မျိုးနွယ်စု ဘုရင်တွေရဲ့ သမိုင်းတွေကို စတင်ဖော်ပြပြီး ချက္ကဖတ်ဘုရင်က ဘယ်အချိန် မှာ ပြုပြင်ပြောင်းလဲရေးလုပ်တယ်၊ စည်းမျဉ်းခံ ဘုရင်စနစ်ဘယ်အချိန်မှာ စတင်ကျင့်သုံးတယ်။ ဒီမိုကရေစီကို ဘယ်လိုကူးပြောင်းခဲ့တယ်ဆိုတဲ့ အခန်းကဏ်ဏ္ဍတွေမှာ အဆုံးသတ်ကာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖော်ပြပါတယ် ။
အဓိကရည်ရွယ်ချက်ကတော့ မျိုးနွယ်စု တစ်စုနဲ့တစ်စုအကြား လူဦးရေနည်းခြင်းများခြင်းအပေါ်မူတည်ပြီး မဟာ လူမျိုးကြီးဝါဒ ဆိုတာမျိုးမဖြစ်အောင်း အားလုံးက Siam သို့မဟုတ် Thailand ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တသားတည်းဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ လူ့အဖွဲ့စည်းအတွင်းဖြစ်ပေါ်ပြောင်းလဲလာပုံ အချင်းချင်းလေး စားမှုရှိကာ ညီညွတ်လာပုံတွေနဲ့အတူ ဆင့်ကဲ့ ပြောင်းလဲလာပုံတွေကို သင်ရိုးညွှန်းတမ်းတွေမှာ ဖော်ပြထား တဲ့အတွက် သူတို့လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှုနဲ့ သင့်မြတ်မှုရှိစေဖို့ ၊ စိတ်ဝမ်းကွဲပြားမှု မရှိစေဖို့ ရည်ရွယ် ထားတာဖြစ်ပါတယ်။ တခြား တိုးတက်တဲ့ ဘယ်နိုင်ငံမှာမဆို ဒီလို ညီညွတ်မျှတတဲ့ သမိုင်းသင်ရိုးညွှန်းတမ်း တွေကိုပဲများသောအားဖြင့် တွေ့ရမှာဖြစ်ပါတယ် ။
မြန်မာမှာတော့ အခြေနေက များစွာခြားနားပါတယ်။ စာရေးသူတို့ ခေတ်တလျှောက်သင်ခဲ့ရတဲ့ သမိုင်းသင်ရိုး ညွှန်း တမ်းတွေက ဗမာ ( သို့မဟုတ် ) လူမျိုးစုတစ်စုကိုသာ အခြေပြုတဲ့ သမိုင်းတွေသာ များပါတယ် ။
မြန်မာမှာလည်း မြို့ပြနိုင်ငံတွေ ပဒေသရာဇ်နိုင်ငံတွေက လူမျိုးစုအသီးသီး အခြေချမှုအပေါ်မူတည်လို့ ပေါ်ပေါက် ခဲ့တာဖြစ်ပါတယ်။ ဘုရင်စနစ်ကျင့်သုံးဖူးတဲ့ ကျင့်သုံးခဲ့တဲ့ လူမျိုးစုတွေကို ကြည့်မယ်ဆိုရင် မွန် ၊ ရခိုင် ၊ ရှမ်း ၊ ဗမာ ၊ ကရင်ဆိုပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းခဲ့ရာမှာလည်း ဗမာတမျိုး တည်း ကြိုးပမ်းခဲ့တာမဟုတ်ပဲ တိုင်းရင်းသားပြည်သူအားလုံးကြိုးပမ်းခဲ့တာပဲဖြစ်ပါ တယ်။ လိုသလိုရေးဆွဲပုံဖော် ခဲ့တာတွေလည်း အမြောက်အမြားပါပဲ ။ ဦးနေဝင်းက သူအာဏာသိမ်းတာကို ပြည်သူတွေစိတ်မကွက်စေချင် တော့ ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွားဆိုတာတွေအထိပါ။ သူ့ရဲ့ တစ်ပါတီ အာဏာရှင် စနစ်ကိုပဲ ဗိုလ်ချုပ်အောင်ဆန်းက လမ်းကြောင်းဖော်ပေးခဲ့သယောင်ပါ ။
အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အားကောင်းဖို့က အမျိုး ၊ ဘာသာ ၊ သာသနာ ဆိုတဲ့ကိစ္စတွေနဲ့ သမိုင်း ၊ စာပေတွေက အခရာကျတဲ့ ဒေါက်တိုင်တွေပဲဖြစ်ပါတယ်။ တိုင်းပြည်မှာရှိတဲ့ နယ်မြေအစိတ်အပိုင်းတွေအားလုံး ဗမာတွေပိုင်တယ်ထင်အောင်လုပ်တဲ့နည်းလမ်းတွေထဲမှာ အနော်ရထာ ၊ ဘုရင့်နောင် ၊ အလောင်းဘုရားတို့ရဲ့ သမိုင်းကို ကောင်းကောင်းအသုံးချခဲ့တာပါ။ အနော်ရထာဘုရင်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးစားပေးတဲ့အနေနဲ့ မွန်မင်းသမီးကို မိဖုရားမြောက်တယ်ဆိုတဲ့အထိပါပါတယ် ။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မွန်နိုင်ငံတွေကိုသွားတိုက်တာ သိမ်းပိုက်တာက သဘာဝကျမကျ စဉ်းစားသင့်တဲ့အရာပါ။ အနော်ရထာသမိုင်းကြောင်းကို သမိုင်းဖတ်စာတွေထဲသင်ပေမဲ့ အနော်ရထာနဲ့ ခေတ်ပြိုင် ဖြစ်သူတွေရဲ့ သမိုင်းတွေကိုတော့ ညီတူမျှတူဖော်ပြတာ မတွေ့ရပါဘူး။ အနော်ရထာရဲ့ မိဖုရားစောမွန်လှဟာ မောဝ်သျှမ်းဘုရင်ရဲ့ သမီးတော်လို့ ရှမ်းသမိုင်းတွေမှာ ဖော်ပြထားတာရှိပါတယ်။ အဲဒီအချိန်မှာ ရွှေလီမြစ်ဝှမ်းမှာ မောဝ်သျှမ်းဘုရင့်နိုင်ငံရှိပါတယ်။ ရခိုင်မှာလည်း ရခိုင်ဘုရင် ရှိနေပါတယ်။ ခေတ်ပြိုင်သမိုင်းတွေကို ဖော်ပြထား တာ မရှိပါဘူး။ ဘုရင့်နောင် ၊ အလောင်းမင်းတရားတို့နဲ့ သက်ဆိုင်တဲ့ သမိုင်းတွေမှာလည်း အဲဒီအတိုင်းပါပဲ ။
သူတို့ရဲ့ ခေတ်ပြိုင်တွေကို ဖော်ပြတာမရှိပဲ တဘက်သတ်အမွှန်းတင်တာတွေပဲများတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ အင်းဝခေတ်က ရှမ်းဘုရင်တွေကိုလည်း မြန်မာဘုရင်တွေလိုလို ဖော်ပြတာတွေရှိပါတယ်။ ဒါပေ မဲ့နိမ့်ချ ဖော်ပြတာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ရှမ်းဘုရင် စေခန်ဖှ ( သိုဟန်ဘွား ) ဆိုရင် မြန်မာ့သမိုင်း မှာ ပြည်ပျက်အောင်ဖျက်သူ ၊ ရဟန်း ၃၀၀ လောက်ကို သတ်ဖြတ်သူ လူရိုင်း စသဖြင့် ဖော်ပြပါတယ် ။
သူအင်းဝကို သိမ်းပိုက်ပြီးနောက်ထပ် နှစ် ၂၀၀ လောက်အကြားမှာ အလောင်းမင်းတရား ဦးအောင်ဇေယျဟာ ဟံသာဝတီ ပဲခူးကိုသိမ်းပိုက်ပြီး မွန်ရဟန်း ၃၀၀၀ လောက်ကို ဆင်နဲ့နင်းပြီးတဖုံ ၊ ကုဋီထဲ အလုံပိတ်ပြီး မီးရှို့သတ်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ပါ သတ်ဖြတ်ခဲ့တယ်လို့ မွန်သမိုင်းတွေမှာ အထင်ရှားဖော်ပြထားပါတယ်။ အဲလိုလူကျတော့ အလောင်းဘုရားဆိုပြီး သမိုင်းမှာ အမွှန်းတင်ထားရုံတင်မကပါဘူး။ နေပြည်တော်မှာ ဘုရင့်နောင် အနော်ရထာတို့နဲ့အတူ ရုပ်ထုထုထားပြီး ဂုဏ်ပြုထားကြပါတယ်။ သိုဟန်ဘွားနဲ့ အလောင်းမင်းတရားယှာဉ်ကြည့်ရင် သိုဟန်ဘွားက ရဟန်းတွေကို သတ်တာ ပိုနည်းလို့လားဆိုပြီး ရှမ်းသမိုင်းနဲ့ နိုင်ငံရေးလေ့လာသူ ခွန်းဆေက ကျွန်တော်သူပုန်ဖြစ်လာပုံဆိုတဲ့ စာအုပ်မှာ မေးခွန်းထုတ်ထားပါတယ်။ ဆက်စပ်စဉ်းစားစရာက ရန်ကုန်မြို့အမျိုးသားပြတိုက်ရှေ့က အနော်ရထာရုပ်ထုလိုကိစ္စတွေလည်းပါပါတယ်။ အနော်ရထာက တိုင်းရင်းသားအားလုံးကိုယ်စားပြုရဲ့လားဆိုတာကအစပါ ။
မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ပါမောက္ခ ရိုဆယ်လီ မက်ထရိုက ကာလတာရှည် ပြည်တွင်းစစ်ဖြစ်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ ပြဌာန်းကျင့်သုံးနေတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းစာအုပ်တွေကြောင့်လည်း တစိတ်တပိုင်းအနေနဲ့ပါဝင်တယ်လို့ ဆိုပါတယ်။ မစ်ဆူရီတက္ကသိုလ်က ပါမောက္ခဖြစ်တဲ့ သူမဟာ အရင်က History of Burma ဆိုတဲ့ စာအုပ်ကို ရေးခဲ့သူလည်းဖြစ်ပါတယ်။ သူအဓိကထောက်ပြတာကတော့ သမိုင်းပြဌာန်းစာအုပ်တွေမှာ ဗမာလူမျိုးစုကိုသာ အသားပေးတဲ့ သမိုင်းဖော်ပြချက်တွေကို အဓိကဖော်ပြနေတဲ့အတွက် ကျန်တဲ့မျိုးနွယ်စုတွေအနေနဲ့ ဒုတိယတန်းစားနိုင်ငံသားတွေလို ဖြစ်ကုန်တယ်လို့ ဆိုထားပါတယ်။ သမိုင်းကိုလိုရာပုံစံသွင်းရေးဆွဲသူတွေထဲမှာ စစ်အာဏာရှင်အဆက်ဆက်အပြင် ပါလီမန် ဒီမိုကရေစီခေတ်ကလို အစိုးရတွေလည်းပါဝင်တယ်လို့ သူမက ဆိုပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်မှာ အနော်ရထာဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြည်ထောင်စု စိတ်ဓါတ်တွေကိုေ ဖ်ာဆောင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ် ။
မဆလ ခေတ်မှာတေ့အနော်ရထာဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဖော်ဆောင်သူဆိုတဲ့ ကိစ္စအပြင် လယ်သမားအရေးတွေ အလုပ်သမားအရေးနဲ့ စစ်သားအရေးတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပြန်ပါတယ်။ ပြည်ထောင်စုနေ့တို့ ပင်လုံစာချုပ်ချုပ်ဆိုမှုတို့နဲ့ ပတ်သက်လို့လည်း သွေးခွဲအုပ်ချုပ်တာကို စုပေါင်းလွတ်လပ်ရေးယူဖို့ သဘောတူတယ်လောက်သာ ဖော်ပြတာပါ။ တကယ့်ပင်လုံရဲ့ အနှစ်သာရဖြစ်တဲ့ တိုင်းရင်းသားတန်းတူရေးနဲ့ ဒီမိုကရေစီမူဆိုတာကို မဖော်ပြပြန်ပါဘူး။ နယက ၊ နဝတ ခေတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို အနည်းငယ်မှေးမှိန်အောင်လုပ်တဲ့အပြင် ထိုင်းတွေကိုပါ ရန်သူအဖြစ်ဖော်ပြခဲ့ပြီး ထိုင်းနဲ့ ဆက်နွယ်မှုရှိတဲ့ မျိုးနွယ်စုဖြစ်တဲ့ ရှမ်းမျိုးနွယ်စုတွေရဲ့ TAI တိုင်း နာမည်ကိုပါ နိမ့်ချစော်ကား ဖော်ပြမှုတွေပါ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားရေးနဲ့ ပတ်သက်ရင် အလောင်းမင်းတရားဘုရင့်နောင်တို့ကို မကြာခဏထုတ်သုံးခဲ့ပါတယ် ။
မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ပညာရေးစနစ်တစ်ခုလုံးမှာ ဗမာလူမျိုးတွေကိုသာ အမွှန်းတင်ထားပြီး ကျန်တိုင်းရင်းသားတွေကို မျက်ကွယ်ပြုထားခဲ့သလို ဗမာတွေက ကျန်တိုင်းရင်းသားတွေအပေါ် သြဇာကြီးတဲ့အသွင်လည်း ပုံဖော်ခဲ့တယ်လို့ ရိုဆယ်လီမက်ထရိုက ဆိုပါတယ်။
လူမျိုးကြီးဝါဒ ၊ အာဏာရှင်ဝါဒကို လက်ဆင့်ကမ်းနိုင်အောင်ကျင့်သုံးတဲ့ နေရာမှာ အဲဒီ ပြဌာန်းချက်တွေက တကယ်ပဲ အထောက်အကူပြုခဲ့တဲ့ သဘောလည်းရှိပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးပြသနာ မရှင်းနိုင်လို့ ရှိနေခဲ့တဲ့ လွတ်လပ်ရေးသမိုင်းကြောင်းနဲ့ ပေါက်ပွားလာတဲ့ ရှမ်းလက်နက်ကိုင် စခန်းတွေကို တပ်မတော်က ဆုတ်ခိုင်းတဲ့ ကိစ္စမျိုးတွေကိုပဲ ကြည့်ကြပါစို့ ။ တန့်ယန်း မိုင်းရှူးသွားလမ်းမှာရှိတဲ့ ရှမ်းတပ်စခန်းတွေဟာ ပြည်တွင်းစစ်အစကပိုင်းကတည်းက အဲဒီနယ်မြေတွေမှာ ခေတ်ကာလအဆက်ဆက် အခြေချခဲ့တာဖြစ်ပါတယ်။ သံလွင်မြစ်အနောက်ဘက်ကမ်းက အဲဒီစခန်းတွေကို တစ်လောက ဆုတ်ခိုင်းတော့ စာရေးသူနဲ့ အိမ်နီးနားချင်းဖြစ်တဲ့ တပ်မတော်အရာရှိဟောင်းတဦးက အဲဒီတန့်ယန်းဆိုတာ တပ်မတော် နယ်မြေဗျ ။ သူတို့ ဆုတ်ပေးရမယ် ဆိုတဲ့ အယူအဆမျိုးနဲ့ ပြောဆိုတာ စာရေးသူသတိထားမိပါတယ်။ လက်ရှိတပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဟုတ်မဟုတ် ၊ ပြည်ထောင်စု ဖြစ်လာခဲ့တဲ့ ပင်လုံကတိကဝတ်တွေနဲ့ ၁၉၄၇ အခြေခံ ဥပဒေအရဆိုရင် ရှမ်းပြည်နယ်ထဲမှာ ပြည်မက တပ်တွေ အဲလောက် အရေအတွက်များများ အခြေချခွင့်မရှိဘူးဆိုတာတောင် သိဟန်မတူပါဘူး။ အချုပအခြာအာဏာအတွက် တိုင်းပြည်တပြည်မှာ စစ်တပ်တတပ်တည်းရှိရမယ်ဆိုတာမှန်ပေမဲ့ စစ်တပ်က အစိုးရထိန်းချုပ်မှုအောက်မှာရှိမရှိ ၊ တိုင်းရင်းသားအားလုံး လွတ်လပ်စွာကိုယ်စားပြုပါဝင်ခွင့်ရတဲ့ စစ်တပ်ဟုတ်မဟုတ် ဆိုတာ အဲဒီ အရာရှိဟောင်းအနေနဲ့ စဉ်းစားမိဟန် မတူပါဘူး။ ပင်လုံစာချုပ်နဲ့ ၄၇ အခြေခံ ဥပဒေဆက်စပ်မှုအရ ၊ ဗီုလ်ချုပ်အောင်ဆန်းလက်ထက် ကန္ဒီစာချုပ်အရ တပ်ဖွဲ့စည်းမှုအရ ၁၉၅၂ ခုနစ်မှာ ရှမ်းပြည်နယ်အတွင်း ပြည်မက ရှမ်းတိုင်းရင်းသားမဟုတ်တဲ့ အခြား စစ်တပ်တွေ ရှမ်းပြည်နယ်ထဲ ခြေချခဲ့တာဟာ ဒေသခံတွေအဖို့ ကျူးကျော်ခံရတယ်လို့ ခံစားနေရခဲ့ရတယ်ဆိုတာလည်း အဲဒီအရာရှိဟောင်းက သိဟန်မတူပါဘူး ။
သမိုင်းပြဌာန်းစာအုပ်တွေမှာ လိုသလို ဖော်ပြထားတဲ့ စစ်ဘုရင်တွေရဲ့ အယူအဆတွေလည်း ကိန်းအောင်းနေဟန်တူပါတယ်။ နောက်ပြီး ပြည်တွင်းစစ်ဖြစ်ပွားရာမှာ အချို့ကိစ္စတွေဟာ တိုင်းရင်းသားဘာသာတွေကို ပိတ်ပင်ပြီး မြန်မာဘာသာကိုတမျိုးတည်း အတင်းအကျပ် တရားဝင်အဖြစ် ပြဌာန်းမှု ၊ လူမျိုးဘာသာပေါင်းစုံနေထိုင်တဲ့ နိုင်ငံမှာ ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သွတ်သွင်းပြဌာန်းမှုတွေက အခရာကျတယ်ဆိုတာလည်း နားလည်ဟန်လည်းမတူပါဘူး ။
တနိုင်ငံလုံးနယ်မြေအားလုံးငါတို့ပိုင်တယ်ဆိုတဲ့ အယူအဆဟာ အနော်ရထာ ၊ ကျန်စစ်သား ၊ ဘုရင့်နောင် ၊ အလောင်းဘုရားစတဲ့ စစ်ဘုရင်တွေကို အမွှန်းတင်ပုံဖော်ခဲ့တာတွေနဲ့ အတွေးအခေါ်ပိုင်းအရ ဆက်စပ်မှုရှိနေပါတယ်။ နောက်အဲဒီဘုရင်တွေက သာသနာပြုမင်း ၊ မင်းကောင်းမင်းမြတ်ဆိုတဲ့ ကိစ္စတွေကလည်း အမျိုးဘာသာ ၊ သာသနာ ဆိုတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြန်ပါတယ်။ တနိုင်ငံလုံးငါတို့ပိုင်တာဖြစ်တဲ့အတွက် တနိုင်ငံလုံးအတွက် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရမယ်ဆိုတဲ့ အယူအဆနဲ့ ချင်းပြည်နယ်က ခရစ်ယာန်လက်ဝါးကပ်တိုင်တွေဖျက်ပြီး စေတီတည်တဲ့ကိစ္စတွေက ဘယ်လို ဆက်စပ်သလဲဆိုတာ စဉ်းစားစရာဖြစ်စေပါတယ်။ နောက် ပိုဆိုးတာက တိုင်းရင်းသားနယ်မြေတွေထဲက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေနားမှာ တပ်ဝင်စွဲခဲ့တဲ့ ကိစ္စမျိုးတွေကောပါပါတယ်။ ဘုရားရှိခိုးကျောင်းတွေ လက်ဝါးကပ်တိုင်တွေတော်င အဲလိုဖြစ်ခဲ့ရင် အခြားဘာသာဝင်တွေအပေါ် သဘောထားက ဘယ်လိုရှိနိုင်မလဲဆိုတာကလည်း ဆက်စပ်စဉ်းစားစရာကိစ္စပါပဲ ။
အမျိုးသားရေးဆိုတာ ရှိရမှာမှန်ပေမဲ့ အစွန်းရောက်လာရင် ကောင်းတဲ့အရာတွေမဟုတ်ပါ။ တကယ်တော့ တောင်တန်းနယ်တွေတော်တော်များများဟာ အင်္ဂလိပ်သာသနာပြုတွေမရောက်ခင်က အများသောအားဖြင့် နတ်ကိုးကွယ်သူတွေသာ များတဲ့နယ်မြေတွေသာဖြစ်ပါတယ်။ ရှမ်း ၊ ရခိုင် ၊ မွန်တို့လို တိုင်းရင်းသားနယ်မြေတွေကလွဲလို့ပါ။ ပြည်မမှာ အခြေစိုက်တဲ့ မြန်မာဘုရင်တွေကလည်း တောင်တန်းဒေသတွေကို များသောအားဖြင့် သိပ်စိတ်ဝင်စားအလေးထားဟန်တောင်ရှိမဲ့ပုံမပေါ်ပါဘူး။ စာပေ သမိုင်းနဲ့ ပတ်သက်လို့်ပိုဆိုးတာက သမိုင်းဖျောက်ခံရတဲ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသား စာပေ ဘာသာစကားတွေသင်ကြားမှုတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေလုပ်ပြခဲ့တဲ့အထိ တပြည်ထောင်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒတွေက အားကောင်းခဲ့ပါတယ်။ မြန်မာ့သမိုင်းတွေမှာ ဖော်ပြထားတဲ့ သီပေါဘုရင်ပါတော်မူပြီးနောက် ကျွမ်ဘိခ့် ( ချင်း ) ၊ ၀န်းသိုစော်ဘွားဦးအောင်မြတ် ၊ စော်လဖော် ( ကရင်နီ ) ၊ ရှမ်းစော်ဘွားတွေကလင်းပင်မင်းသားနဲ့ပေါင်းပြီး အင်္ဂလိပ်ကိုတော်လှန်ကြတာဟာ မိမိတို့ရဲ့ ရေမြေ့သခင်ရှင်ဘုရင်ပါတော်မူလို့ တော်လှန်တာမဟုတ်ပါဘူး။ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေ ၊ မျိုးနွယ်စုပိုင်နယ်မြေတွေကို အင်္ဂလိပ်က ကျူးကျော်သိမ်းပိုက်လာတဲ့အတွက်ပဲဖြစ်ပါတယ် ။
သီပေါပါတော်မမူခင်က တချို့ဒေသတွေက ပဏ်ဏ္ဍာဆက်နိုင်ငံအဖြစ် ရှိနေကောင်းရှိနေမှာဖြစ်ပေမဲ့ ဥပမာအားဖြင့် သီပေါနယ်ကို သီပေါမင်းက တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ သူ့နယ်ခံစော်ဘွားကသာ တိုက်ရိုက်အုပ်ချုပ်တဲ့ နယ်မြေဖြစ်ပါတယ်။ မျိုးနွယ်စုတိုင်းရင်းသားတွေနဲ့ ဗမာတွေပေါင်းပြီး အင်္ဂလိပ်ကိုတော်လှန်တာ လွတ်လပ်ရေးရအောင်တောင်းဆိုကြတာဟာ သူတို့နယ်မြေတွေကို သူတို့ပြန်ရအောင် အုပ်ချုပ်ခွင့်ရအောင် ဘုံရန်သူတူညီတဲ့အတွက် ပူးပေါင်းကြတာပဲဖြစ်ပါတယ် ။
ပါမောက္ခရိုဆယ်လီကတော့ လူမျိုးတမျိုးကို အကြီးမြတ်ဆုံးအနေနဲ့ ဖော်ပြထားတာဟာ မုန်းတီးမှုကို အားပေးရာရောက်တယ်လို့ ဆိုပါတယ်။ တချို့သမိုင်းစာအုပ်တွေမှာ ကရင် ၊ရှမ်းတို့လို နည်းနည်းလူဦးရေများတဲ့ တိုင်းရင်းသားအသံတွေတွေ့နိုင်ပေမဲ့ တအာင်းပလောင် ၊ မီဇိုချင်း ၊ စတဲ့ မျိုးနွယ်စုတွေအကြောင်းကလည်း ဖော်ပြမှု ကင်းမဲ့နေတာ (သို့မဟုတ် ) နည်းပါလွန်းတာ ၊ နှုတ်သမိုင်းသာရှိတဲ့မျိုးနွယ်စုတွေကို စကားပြောစာသား သင်ခန်းစာတွေနဲ့ စာအုပ်တွေထုတ်ပြီး သင်ကြားစေသင့်တယ်လို့ ဆိုပါတယ် ။
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ရာမှာ သမိုင်းပြဌာန်းစာအုပ်တွေကို ပြန်လည်ပြင်ဆင်ခြင်းနဲ့ တစိတ်တပိုင်းကူညီဖို့ ပါမောက္ခရိုဆယ်လီက အကြံပြုပါတယ် ။
တိုက်ဆိုင်မှုလို့ ပြောရမလားမသိပါ.။ ယခုအချိန်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် အစိုးရသစ်လက်ထက်မှာ ကြိုးပမ်းနေချိန်လည်းဖြစ်သလို ဖက်ဒရာယ်ပြည်ထောင်စု ထူထောင်ဖို့ကြိုးစားမယ်ဆိုပြီး အစိုးရသစ်က ကြေငြာထားချိန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသား ဘာသာစာပေးစကား သင်ကြား၊ အသုံးချမှုတွေကို အားပေးရင်းတဘက်မှာလည်း မှန်ကန်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ သမိုင်းပြဌာန်းစာအုပ်တွေဖြစ်အောင် အပြောမဟုတ် လက်တွေ့ကြိုးပမ်းအကောင်ထည်ဖော်ရမဲ့ အချိန်လည်းဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖခင်ကိုယ်တိုင် သမိုင်းပြဌာန်းချက်တွေမှာ လိုရာဆွဲ ပုံဖော်ခြင်းလည်း ခံခဲ့ရပြီးဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားပြည်သူအားလုံးပိုင်ဆိုင်ခွင့်ရှိတဲ့ နိုင်ငံဖြစ်သင့်နေတာ ကြာပြီဖြစ်ပါတယ် ။
ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်
Tags: Feature




