ဘုရားပုံတော်ပေါက်သစ်ပင်အား သွားရောက်ဖူးမြော်သူစည်ကား ပိုင်ရှင်မှ သာသနာ့ပိုင်မြေအဖြစ် လှူဒါန်း



ဘုရားဖူးများ တနေ့တခြား များပြားလာနေသည့် ဘုရားဆင်းတုတော်အသွင်ရှိ ကြောင်လျှာသီးပင် တည်ရှိရာ ပြောင်းခြံကို သာ့သနာ့ပိုင်မြေအဖြစ် ခြံပိုင်ရှင်က လှူဒါန်းလိုက်ကြောင်း သိရှိရသည် ။


“ ခြံပိုင်ရှင် ပါ့ယွန်းက သူခြံ ၂ ဧက အကျယ်ကို နမ့်စန်မြို့နယ်သံဃာတော်အဖွဲ့ကို လှူလိုက်ပြီလို့ ပြော ပါတယ်။ ဒီတသုတ်ပြောင်းတွေယူပြီးရင် ထပ် မစိုက်ပျိုးတော့ဘူး။ သံဃာတော်အဖွဲ့ အဲဒီခြံမှာ စေတီ တည်ပြီးတော့ သာသနာ့မြေအဖြစ် ထားထားမယ်လို့ ပြောပါတယ်။ ဘေးနားကခြံတွေလည်း လှူမယ် ပြောနေတယ်။ ခြံရှင်တွေရဲ့ဆန္ဒအရပါ။ အတင်းအဓမ္မမရှိပါဘူး” ဟု ဧည့်ခံကျွေးမွေးရေးအဖွဲ့မှ ပါ့နန်းက ပြောသည် ။


၎င်းနှင့်ပတ်သက်၍ နမ့်စန်မြို့မှ ကျောင်းဒကာများနှင့်အတူ လာရောက်လေ့လာသော သံဃာတော် တပါးက-  “သာသနာ့ပိုင်မြေအဖြစ် လှူတယ်ဆိုတာတော့ အမွန်မြတ်ဆုံး ဒါန တခုပါ။ သာဓုခေါ်ပါ တယ်။ အခု ဘုရားပုံတော်ထွက်နေတယ်ဆိုတဲ့ သစ်ပင်ကြီးက အနေကဇာမတင်ရသေးတဲ့အတွက် သစ်ပင်ကြီးဘဲ ဖြစ်နေပါသေးတယ်။ ရုပ်ပွါးတော်လိုသဘောထားပြီး လာလာကန်တော့ရင်တော့ အယူမှားသွားပါလိမ့်မယ်။ ဗုဒ္ဓဘာသာမှာ မြတ်စွာဘုရားက အထွဋ်မြတ်ဆုံးဖြစ်ပါတယ်။ ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး။ ဒါကြောင့် ရင်ထဲမှာ၊ အာရုံထဲမှာ ဘုရားဂုဏ်တော်ကို သတိမရဘဲနဲ့ ဘုရားပုံတော် တွေ့တိုင်း လက်အုပ်ချီရှိခိုးမယ်ဆိုရင်တော့ လမ်းမှားလျှောက်မိမယ်။ နောင်လာနောက်သားတွေ လည်း လမ်းမှားလိုက်လျှောက်မိပါလိမ့်မယ် ” - ဟု မိန့်တော်မူသည် ။


အဆိုပါပြောင်းဖူးခြံမှာ နမ့်စန်မြို့နယ် မုန့်မွန်းအုပ်စု  နားဆွယ့်ရွာတွင် တည်ရှိသည်။  နမ့်စန်-မိုးနဲ ကားလမ်းအရှေ့ဘက် ဟိုက်ဖတ်ရွာအထွက်လမ်း လမ်းနှင့်တမိုင်ခန့်အကွာတွင် တည်ရှိသည် ။


ဘုရားဖူးများ တနေ့တခြား များပြားလာသည်နှင့်အမျှ တရက်လျှင် ဧည့်ခံကျွေးမွေးသည့်ဆန် ၁၀ တင်း ထက်မနည်း ကုန်ကြောင်း ကျွေးမွေးရေးတာဝန်ရှိသူများက ပြောသည် ။


“နမ့်စန် - မိုးနဲကားလမ်းကနေတောင် လှမ်းမြင်ရတော့ ခရီးသွားတွေက ဝင်လာပြီးဖူးပါတယ်။ ခြံ အနီး တဝိုက်ကရွာတွေကနေ ခရီးသွားတွေကို ထမင်းဟင်းကျွေးပါတယ်။ အစက သိပ်မကုန်ပေမယ့် နောက်ပိုင်း ဘုရားဖူးတွေများလာတော့ တရက်ကို ပျှမ်းမျှ ၁၀ တင်းလောက် ကုန်ပါတယ်” ဟု ပါ့နန်းက ပြောသည် ။


ကြောင်လျှာသီးပင်မှ ဘုရားဆင်းတုတော် ပေါ်လာသည်မှာ ဩဂုတ်လဆန်းပိုင်းကတည်းက ဖြစ်ကြောင်း သိရှိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates