NLD အစိုးရ နဲ့ လွှတ်တော် ခြေဥ ချိုးဖောက်မှုတွေလုပ်နေသလား၊ ချီလီက အောလွင်ဆီက သင်ယူကြပါ
ဒီဆောင်းပါးရေးရတာ တစ်ချို့ကိစ္စတွေမှာ မြင်မကောင်းရှုမကောင်းဖြစ်နေလို့ ရေးလိုက်ရတာဖြစ်ပါတယ်။ အခြေခံ ဥပဒေကို ကာကွယ်ရမယ်ဆိုတဲ့ တပ်မတော်နဲ့ပြေပြေလည်လည်ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီးတော့မှ ယုံကြည်မှု တိုးတက်လာတဲ့တစ်နေ့ အခြေခံဥပဒေ ပြင်ဆင်မှုတွေ ပြုလုပ်ရမဲ့ အခြေနေမှာ ပါတီထိပ်တန်း တာဝန်ရှိသူတွေ ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ထိပ်တန်းခေါင်းဆောင်တစ်ချို့ လုပ်ဆောင်ပုံတွေက အခြေခံ ဥပဒေနဲ့ မညီတဲ့သဘောဆောင်နေတာကြောင့် သတိပြုစေလိုတဲ့ ဆန္ဒနဲ့ ရေးသားရခြင်းဖြစ်ပါတယ် ။
လတ်တလော ပြည်သူတွေအကြား စိတ်ဝင်စားစရာ သတင်းတွေထဲမှာ ရှမ်းပြည်နယ်က NLDပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ၆ ဦးကို ရာထူးက ထုတ်ပယ်တဲ့သတင်းကလည်း အပါဝင်ဖြစ်ပါတယ် ။
ပြည်နယ်အတွင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူတွေအကြား အားပြိုင်မှုတွေ ရှိရာကစ ခဲ့တဲ့ ပြဿနာလို့ ယျေဘုယျကောက်ချက်ချနိုင်ပါတယ် ။
ရှမ်းပြည်နယ်က NLDပါတီဝင်တွေအကြား တော်တော်လေး ဂယက်ရိုက်ခဲ့တဲ့ပြဿနာလို့လည်း ဆိုကြပါတယ်။ ဒါကလည်း မဆန်းပါဘူး ။ အထုတ်ခံရသူတွေ အားလုံးကနှစ်ပေါင်းများစွာ NLD အတွက်ကော ဒေသခံတွေ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေအတွက်ပါ ဒေသခံတွေဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတဲ့အတွက်ဖြစ်ပါတယ်။ ရှမ်းပြည်နယ် NLDဥက္ကဌ ဒေါ်ခင်မိုးမိုးဆိုရင် အရင်စစ်အစိုးရလက်ထက် ဂျွန်ဝီလီယံ ယက်တောဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ၀င်တဲ့အမှုတုန်းက ဒေါ်အောင်ဆန်းစုကြည်ဘက်ကသက်သေထွက်ဆိုပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဦးတင်မောင်တိုးတောင်ကြီးခရိုင် NLD ဥက္ကဌကလည်း NLDကြောင့်ပဲ ထောင်ဒဏ် ၁၀နှစ် ကျခံခဲ့ရသလို အခု အစိုးရသစ်တက်လာချိန်အထိလည်း ဒေသတွင်းကပအိုဝ်းအမျိုးသားပြည်သူ့စစ်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအပါဝင်ဒေသတွင်းပြဿနာတွေကို လိုက်လံဖြေရှင်းဆောင်ရွက်ပေးနေသူ တစ်ဦးလည်းဖြစ်ပါတယ် ။
ပါတီတွင်းပြဿနာ ဖြစ်တဲ့အတွက် ဒီလောက်အထိလည်း စာရေးသူတို့ မရေးပဲနေမယ်ဆို နေလို့ရပါသေးတယ်။ ဒါပေမဲ့ အဲဒီ ပါတီတာဝန်ရှိသူတွေကိုထုတ်ပယ်ပစ်ခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ပြောခဲ့တဲ့ ဦးဝင်းထိန် ရဲ့ စကားကြောင့် စာရေးသူကိုယ်တိုင်အပါဝင် နိုင်ငံရေးကိုအတန်ငယ်လေ့လာတဲ့ လူတွေအဖို့ ပါးစပ် အဟောင်းသားဖြစ်စေပါတယ် ။
ဒါကတော့ အခု ပြည်ထောင်စု ၀န်ကြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အမိန့်နဲ့ အခုလို ထုတ်ပယ်ရတာလို့ ဦးဝင်းထိန်က ဆိုခဲ့တာကြောင့်ဖြစ်ပါတယ်။ ဦးဝင်းထိန်က ဗဟို အလုပ် အမှုဆောင် အစည်းဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်တယ်ဆိုရင်လက်ခံနိုင်စရာရှိပါတယ် ။
ဒါပေမဲ့ အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသားလုပ်ခဲ့ပါဆိုလို့လုပ်လိုက်တာပါဆိုပြီး သတင်း မီဒီယာတွေကို ဦးဝင်းထိန်က ဖြေဆိုခဲ့ပါတယ်။ ဖြေဆိုတာမှ မေးသမျှ မီဒီယာတိုင်းကို ဖြေနေတာပါ ။
ဒီသတင်းသာ အမှန်ဆိုရင် ဦးဝင်းထိန်ရဲ့ အခုလို ပြောဆိုမှုကြောင့် လူထုခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ ဒုက္ခရောက်သွားနိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် အခြေခံ ဥပဒေပါပြဌာန်းချက်တွေအရ ပြည်ထောင်စုဝန်ကြီးအစိုးရအဖွဲ့ဝင်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ကိစ္စတွေမှာဝင်ရောက်ဆောင်ရွက်ခွင့် မရှိလို့ပါပဲ။ တကယ်လို့ ၀င်ပါခဲ့ရင်တောင်လူသိခံလို့ မဖြစ်တဲ့ အနေထားပါ ။
| Myanmar constitution 2008 |
အဲဒီ ပြည်ထောင်စု ၀န်ကြီးတွေကို စွပ်စွဲပြစ်တင်ခြင်ရင် ပြဌာန်းထားတဲ့ဥပဒေပုဒ်မကတော့ ပုဒ်မ ၂၃၃ (က) (၂) မှာပါရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း ဆိုတဲ့ပုဒ်မပဲဖြစ် ပါတယ် ။
ဆိုရမယ်ဆိုရင်ဖြင့် ကိုယ်တိုင် တရားဥပဒေစိုးမိုးရေးအတွက်အလေးထားဆောင်ရွက်မယ်ဆိုထားသူအဖို့ အခြေခံ ဥပဒေ ဖောက်ဖျက်မှုနဲ့ကြုံရနိုင်တဲ့ အနေထားပါ။ တပ်မတော်က ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်မယ်လို့ပြောနေတဲ့အချိန်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆောက်ရွက်နေချိန်မှာ အခြေခံ ဥပဒေကို လေးစားလိုက်နာမှုရှိခြင်းကိုပြသပြီးပြည်သူတွေကိုလည်း တရားဥပဒေစိုးမိုး၍အတွက် စံပြအဖြစ် ကိုယ်က နေပြရမဲ့အချိန်လည်း ဖြစ်ပါတယ် ။
နောက်ပြီး အဲဒီ သတင်းတွေစထွက်လာတဲ့စက်တင်ဘာလ ၄ ရက်နေ့ကသတင်းမီဒီယာဖော်ပြချက်တွေမှာ ဦးဉာဏ်ဝင်းတို့လို ဗဟိုအလုပ်အမှုဆောင်တွေ ၊ ဦးထွန်းထွန်းဟိန်တို့လို ပုဂ္ဂိုလ်တွေလည်း ဒီကိစ္စကို မသိခဲ့ဘူးလို့ဆိုခဲ့ပါတယ်။ ဒါဆို အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပဲတကယ်အမိန့်ပေးခဲ့သလား ဆိုတာ စဉ်းစားစရာ ရှိလာပါပြီ ။
နောက်ကိစ္စတစ်ခုမှတ်မှတ်ထင်ထင်ဖြစ်စရာကတော့ NLDပါတီကပဲဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် တာဝန်ယူနေတဲ့ ဦးဝင်းမြင့်ကိစ္စပဲဖြစ်ပါတယ် ။
ဦးဝင်းမြင့်ရဲ့ တာဝန်ဟာ အဓိကကတော့ ပြည်ထောင်စု လွှတ်တော်နဲ့ သက်ဆိုင်တဲ့ တာဝန်တွေပဲ ယူရမှာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြည်နယ်လွှတ်တော်တွေကိုသွားညွှန်ကြားနေတဲ့ ကိစ္စတွေကလည်း အခြေခံ ဥပဒေနဲ့ ညီမညီ စဉ်းစားစရာဖြစ်ပါတယ်။ အထင်ရှားဆုံးပြရရင် လွန်ခဲ့တဲ့ လပိုင်းတွေတုန်းက မွန်ပြည်နယ် လွှတ်တော်ကို သူသွားခဲ့တဲ့ ကိစ္စဖြစ်ပါတယ် ။
အဲတုန်းကသူဘာတွေညွှန်ကြားခဲ့လဲဆိုရင် တစ်ချို့အဆိုတွေ မေးခွန်းတွေကို လက်မခံပဲပယ်ချဖို့နဲ့ အရေးအပေါ် အစည်းအဝေးတွေမလိုအပ်ပဲ မလုပ်ဖို့ညွှန်ကြားခဲ့ တာပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မွန်လွှတ်တော် မွန်အစိုးရမှာဘာတွေဖြစ်နေတဲ့အချိန်လဲဆိုရင် မော်လမြိုင် ကမ်းနားလမ်းကဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ပြည်သူပိုင်မြေကို စပ်ကူးမတ်ကူး ကာလမှာ အလျင်စလို ရောင်းချ ဌားရမ်းခဲ့မှုအပေါ် မေးခွန်းထုတ်မှု ၊ နောက်တခြား အငြင်းပွားဖွယ် အဆောက်အအုံနဲ့စီမံကိန်းအပါဝင် လူထုကန့်ကွက်နေတဲ့ စီမံကိန်းတွေကိုမွန်လွှတ်တော်အမတ်တွေကနေ မကြာခဏ တင်ပြနေတဲ့ အချိန်ပါ ။
အဆိုတွေ မေးခွန်းတွေပယ်ချခံရရင် လွှတ်တော်အမတ်အများစု ညီရင် အရေးပေါ်အစည်းအဝေးခေါ်ယူနိုင်တဲ့ အတွက် အရေးပေါ် အစည်းဝေးတွေ ခေါ်ဖို့ ပြည်နယ်လွှတ်တော်အမတ်တွေက မွန်လွှတ်တော်မှာ တောင်းဆို နေချိန်လည်းဖြစ်ပါတယ် ။
၂၀၀၈ အခြေခံ ဥပဒေအောက်မှာအစိုးရဖြစ်လာတဲ့အတွက် ဖြစ်ပါတယ်။ ဒါကိုအဲလို အနေထားမှာ အရေးပေါ်အစည်းဝေးတွေ မခေါ်ယူဖို့ ဆိုပြီး ဦးဝင်းမြင့် ညွှန်ကြားသွားတာသတိထားမိပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေ အသက်ဝင်ပြီးမှ ဖြစ်လာတဲ့ ကိစ္စတွေဖြစ်တဲ့အပြင် အချို့ကိစ္စတွေက လပိုင်းအတွင်းမှာပဲ ဖြစ်လာတာ ဖြစ်တဲ့ အတွက်အခု အစိုးရ လွှတ်တော်တွေကလည်း ပြည်သူတွေ တကယ်လိုလားရင် အစည်းဝေး ခေါ် အဆိုတင်သွင်းမေးခွန်းမေးမြန်း ဆွေးနွေးကြရမဲ့ တာဝန်ရှိပါတယ်။အရင်လူတွေမဟုတ်တာ လုပ်ခဲ့သည် ရှိရင်တောင် တချို့ကိစ္စတွေကပြည်သူတွေကိုမျက်နှာမူပြီး လက်ရှိအစိုးရက ဖြေရှင်းပေးရမှာဖြစ်ပါတယ် ။
နောက်တချက်ကဦးဝင်းမြင့်အနေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌသာဖြစ်ပါတယ်။ အခုလို ပြည်သူတွေ ကန့်ကွက် နေတဲ့ စီမံကိန်းတွေကိုေ မးမြန်းနေတဲ့ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တွေကို အမိန့်ပေး ညွှန်ကြားလို့လည်း မရပါဘူး။ဥပဒေအရ လုပ်ခွင့်လည်း မရှိပါဘူး ။
အကြံပြုတယ်ဆိုတာကလည်း မဟုတ်တဲ့ ကိစ္စတွေကို တင်နေလို့ ဆိုရင်လည်း တမျိုးပါ။ ဥက္ကဌ ဦးဝင်းမြင့် အနေနဲ့အကြံပြုခွင့်ရှိတယ်ဆိုပေမဲ့မလျော်သြဇာသုံးပြီး ပြည်နယ်လွှတ်တော်တွေ ၊ တိုင်းဒေသကြီး လွှတ်တော် တွေ ကိုဝင်စွပ်သလို ဖြစ်နေတယ်လို့ မွန်က ဒေသခံ အသိုင်းဝိုင်းတွေက မြင်နေခဲ့တယ်လို့ ဆိုကြပါတယ် ။
ဇယား (၂) ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အရသာမေးမြန်းကြဖို့ဆိုပြီး ဦးဝင်းမြင့် ပြောသွားတာလည်း တွေ့မိပါတယ်။တကယ်လို့အဲဒီ မြေတွေ စီမံကိန်းတွေနဲ့ ပတ်သက်လို့လွှတ်တော်ကိုယ်စားလှယ်တွေကဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၇၉ ‘တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော် အစည်းဝေးကို ခေါ်ယူကျင်းပဖို့ ၊တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရေ အနည်းဆုံးလေးပုံ တစ်ပုံကနေတောင်း ဆိုလျှင် လွှတ်တော် ဥက္ကဌက အထူးအစည်းဝေး အမြန်ဆုံးခေါ်ယူ ကျင်းပရမယ်‘ ဆိုတဲ့ အခြေခံ ဥပဒေ ပါပြ ဌာန်း ချက်အရပြည်နယ်လွှတ်တော်အမတ်တွေက အစည်းဝေးခေါ်ယူပေးဖို့ မွန်လွှတ်တော်အမတ်တွေက မွန်ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအခြေနေမှာပြည်နယ် လွှတ်တော် ဥက္ကဌ ကို ပြသနာရှုပ်စေ တဲ့ အစည်းဝေးဆိုရင် ပယ်ချဖို့ အကြံပြုတာဟာ ပြည်သူ့လွှတ်တော်ဥက္ကဌကိုယ်တိုင် အခြေခံ ဥပဒေကို ချိုးဖောက်ဖို့တွန်းအားပေးရာရောက်နေပါတယ် ။
နောက်တချက်ကတော့ ပြည်နယ်တွေရဲ့ လွှတ်တော်အခန်းကဏ်ဏ္ဍကို သေးသိမ်မှေးမှိန်အောင်အားပေးတာ ၊ အကြံပြုတာဟာ ပြည်ထောင်စု ဆိုတာကို အားပေးရာမရောက်ပဲဗဟိုဦးစီးစနစ်နဲ့ တပြည်ထောင်စနစ်ကို အားပေးသလို ဖြစ်နေပါတယ်။ အားလုံးကစဉ်းစားစရာကိစ္စတွေပါ ။ တပ်ကလည်း ဒီလိုကိစ္စတွေကို ဒီအချိန်မှာဘယ်လောက်အထိမှတ်သားထားပြီလဲ မသိနိုင်ပါဘူး ။
![]() |
| Patricio Aylwin, 32nd President of Chile (1990 -1994) |
ဒီနေရာ မှာ ပက်ထရီစီရို အောလွင် ( ချီလီ ရဲ့ သမ္မတဟောင်း ) နဲ့ အာဏာရှင်ပီနိုချေးတို့အကြောင်း ပြော ချင်ပါတယ်။ ပက်ထရီစီရိုအောလွင်ကလည်း အခုလိုမြန်မာပြည်ရဲ့ အနေထားမှာလိုပဲ တပ်နဲ့အရပ်သားပူး တွဲအုပ်ချုပ်သလိုမျိုး အခြေခံ ဥပဒေနဲ့ သမ္မတ ဖြစ်ခဲ့ဖူးပါတယ် ။
၁၉၉၀ ခုနစ်လောက်ကပါ။ အာဏာရှင်ဟောင်းတွေရဲ့ ထုံးစံအတိုင်း ငါတို့သာတိုင်းပြည်ကာကွယ်သူ ၊ အချုပ် အခြာအာဏာ စောင့်ရှောက်သူ ၊ အခြေခံဥပဒေကိုကာကွယ်ရမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ပီနိုချေးရဲ့နောက် ပါတပ်တွေက ယူမှတ်ထားတဲ့ အခြေနေမျိုးမှာပါ။ အရပ်သားအစိုးရနဲ့ အာဏာရှင်ရဲ့စစ်တပ် ပူးတွဲအုပ်ချုပ်တဲ့ စနစ် မှာ အောလွင်ဟာ ပထမဆုံး သမ္မတဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။ သူတက်စက အခြေနေက မြန်မာမှာ လို ပါပဲနှစ်ပေါင်းများစွာ ချွတ်ခြုံကျနေတဲ့ အနေထားမျိုးပါ ။
တဘက်မှာလည်း ဒီမိုကရေစီအရ ရှေ့ရောက်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ဖို့ ၊ နောက်ဆုံးအာဏာရှင်ဖြစ်ခဲ့တဲ့ တပ်မတော်က နိုင်ငံရေးကနေ ထွက်သွားဖို့ ဆိုတဲ့အခြေနေမျိုးလိုအပ်နေခဲ့တာပါ။ ပါမောက္ခတစ်ယောက် ၊ ရှေ့နေ တစ်ဦးဖြစ်ခဲ့တဲ့အောလွင်ဟာ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ အရမ်းအလေးထားပါတယ်။ တပ်မတော်နဲ့ ပတ်သက်လို့လည်း အရမ်းသတိထားပါတယ် ။
အဲဒီတုန်းက သူတို့ဆီမှာကြုံရတဲ့အခြေနေက တပ်မတော်က သူတို့ကိုသူတို့ ကယ်တင်ရှင် အစဉ်အလာအရ အုပ်စိုးသူလို့ထင်မှတ်နေတုန်း အခြေနေမှာ ဖြစ်ပါတယ်။ တစ်ခါ ပီနိုချေးက အောလွင်ကိုမြူဆွယ်ပါသေးတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး (အခြေခံဥပဒေပြဌာန်းချက်တွေကို ကျော်လွန်ကာ ) အုပ်ချုပ်ဖို့ဆိုတဲ့အနေထားမှာပါ ။
တခြား ပီနိုချေး လက်အောက်မှာရှိနေတဲ့ အုပ်ချုပ်ခွင့်တွေကိုပါပေးမယ်ဆိုတဲ့ သဘောပါ။ ဒါပေမဲ့ အောလွင်က လက်မခံပါဘူး။ ဘာကြောင့်လဲဆိုရင်အခြေခံ ဥပဒေ ပြဌာန်းချက်ကို ပြင်ဆင်တာမျိုး မဟုတ်တဲ့အတွက် ဖြစ်ပါတယ်တဲ့ ။
ပါးပါးနပ်နပ်နဲ့ တိမ်းရှောင်ခဲ့ပါတယ်။ တကယ်လို့ အဲဒီစက်ကွင်းထဲသာဝင်လိုက်ရင် အခြေခံ ဥပဒေ ချိုးဖောက် မှုနဲ့ တပ်မတော်ကစွပ်စွဲပြစ်တင်တာ အချိန်မရွေးခံရနိုင်တယ်လို့ ကြိုတွက်ဆမိတဲ့အတွက်လည်းဖြစ်ပါတယ်။ အဲဒီလို ရှောင်ကွင်းနိုင်မှုရဲ့ ကောင်းကျိုးကဘာဖြစ်ခဲ့လဲဆိုရင် အောလွင်အပေါ် တပ်မတော်က လေးစား စိတ် ပေါ်လာပြီး တဖြည်းဖြည်း ယုံကြည်မှုလည်း တည်ဆောက်လာနိုင်ကာ နောက်ဆုံးမှာတော့ ဖားတပိုင်းငါး တပိုင်း ဒီမိုကရေစီစနစ်ကနေ အရပ်သားတွေပဲ သီးသန့် အုပ်ချုပ်တဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနိုင်ခဲ့ တာဖြစ်ပါ တယ် ။
အခုမြန်မာအခြေနေကလည်း ချီလီရဲ့ အသွင်ကူးပြောင်းရေးကာလ ကနဦးပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေ နေမျိုးပါပဲ။ တစ်လောက ပြည်ထဲရေးကိစ္စတွေကပြည်နယ်တိုင်းအစိုးရ အမိန့်နာခံဖို့ ဆိုတာ ကောင်းမွန် တာမှန်ပေမဲ့ အခြေခံဥပဒေအရ ပြောင်းလဲမှု မဟုတ်ဘူးဆိုတာ သတိပြုကြဖို့ လိုပါတယ် ။
တရားဥပဒေစိုးမိုးရေးဆိုတာ NLDရဲ့ အဓိကကျတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။အခြေခံဥပဒေမကြိုက်လို့ ပြင်ချင်ရင် နိုင်ငံရေးဆွေးနွေးပွဲတို့ ဒါမှမဟုတ်တပ်မတော်ကိုဖြုတ်ချပြီး အသစ်ပြန်ရေး ဆိုတဲ့ နည်းလမ်းနှစ်လမ်းပဲရှိပါတယ် ။
နိုင်ငံရေးဆွေးနွေးပွဲက ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့ နေရာသာဖြစ်သင့်ပြီးအဲဒီဆွေးနွေးမှုတွေ လုပ်နေတုန်း မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်စေဖို့အစိုးရ ၊ NLDပါတီနဲ့ လွှတ်တော် တာဝန်ရှိသူတွေ ဆင်ခြင်ကြဖို့လိုအပ်နေတယ် လို့ စေတနာရှေ့ထားမီးမောင်းထိုးတင်ပြလိုက်ရပါတယ် ။
ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်
Tags: Feature


