လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံတည်ဆောက်ခြင်း State - Nation နဲ့ဗိုလ်ချုပ်ရဲ့ ပင်လုံမူ



အသွင်မတူတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ အသွင်မတူတဲ့မျိုးနွယ်စုတွေ အမြောက်အမြား နေထိုင်တဲ့ နိုင်ငံတွေအဖို့ စတိတ်နေးရှင်းသဘော (လူမျိုးစုံ ချစ်ကြည်နိုင်ငံ) ပုံစံနဲ့ နိုင်ငံ တည်ဆောက်ဖို့ ကျယ် ကျယ်ပြန့်ပြန့်အကြံပြုတင်ပြသူတွေအထဲမှာ အဲဖရက်စတီဖင်ပါ ၀င်ပါတယ် ။


သူဟာဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေကိုလည်း ပြုစုခဲ့ဖူးတဲ့ပါမောက္ခတစ်ယောက်ဖြစ် ပါတယ်။ သူနဲ့ ယေးလ်းတက္ကသိုလ်က ဟွမ်လင့် ၊အိန္ဒိယနိုင်ငံက ယာဒက်ဖ်တို့ပူးပေါင်းပြီး Crafting State Nation ; Indiaand Multinational Democracies ဆိုတဲ့ စာအုပ်ကို ရေးသားထားပါတယ် ။


ခေတ်ဟောင်းနိုင်ငံရေးအတွေးအခေါ်တွေမှာ နိုင်ငံတစ်ခုရဲ့ နယ်နိမိတ်ပိုင် နက်နဲ့ ယဉ်ကျေးမှု နယ်နိမိတ်မျဉ်းတွေက တထပ်တည်းကျနေရမယ်လို့ဆိုကြပါ တယ်။ အဲဒီလိုအနေထား ကြောင့် နိုင်ငံ တစ်ခုအတွင်းမှာလူမျိုးတစ်မျိုးတည်းပဲ ရှိနေရမဲ့ သဘောဆောင်ပါတယ်။


ယဉ်ကျေးမှုနဲ့မတူကွဲပြားတဲ့ မျိုးနွယ်စုတွေရှိတဲ့နိုင်ငံမှာ နိုင်သူအကုန်ယူစနစ်နဲ့ဗဟို ရွေးကောက်ပွဲတွေ ကျင်းပပေးလိုက်ရင် မဂျော်ရတီ လူမျိုးတစ်မျိုးကပဲ အမြဲနိုင်နေ မှာဖြစ်တဲ့အတွက် တခြားအင်အားနည်း မျိုးနွယ်စုတွေအဖို့နစ်နာမှုတွေရှိနိုင်တာ ကြောင့် ပဋိပက္ခတွေ မုချပေါ်လာနိုင်တယ်လို့အဲဖရက်စတီဖင်က ဆိုပါတယ် ။


ဒါဟာ မလုံလောက်ပါဘူး။ မလုံလောက်တဲ့အတွက်လည်း ယဉ်ကျေးမှုဓလေ့ထုံတမ်းပေါင်းစုံ ရှိတဲ့နိုင်ငံတွေမှာပြဿနာပေါင်းများစွာကြုံ တွေ့ခဲ့ရခြင်း ပဲဖြစ်ပါတယ်။ တစ်ချို့ကလည်း တွေ့ရတဲ့ပြဿနာတွေကိုပြေပြေလည်လည်ဖြေရှင်းနိုင်တဲ့အတွက် ကာလရှည်ပြည်တွင်း စစ်ပြဿနာ အဖြစ် မရောက်ကြပါဘူး ။


မရှင်းနိုင်တဲ့တိုင်းပြည်တွေကတော့ ကာလရှည်ပဋိပက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အောင်မြင် သွား တဲ့ ဒီမိုကရေစီ နိုင်ငံတွေကိုကြည့်ရင်လူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံဆိုတဲ့ အနေအထား မျိုးမဟုတ်ကြပါဘူးလို့သူတို့က ဆိုပါတယ် ။


အုပ်စု (၁) ။  ။ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများပြားတဲ့နိုင်ငံတွေဖြစ်တယ်။အဲဒီလိုစုံလင် တဲ့ အထဲမှာ တစ်ချို့ယဉ်ကျေးမှုရှိတဲ့ လူတွေကသီးခြားစုဖွဲ့နေထိုင်ကြတယ်။ သူတို့အတွက် ထင်ရှားတဲ့ အုပ်စု အသီးသီးက နိုင်ငံရေးမျက်နှာစာမှာ ပြောဆိုနေကြတယ်။တစ်ချို့အမျိုးသားရေးအရကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို သုံးပြီး လွတ်လပ်ရေးဆိုတဲ့ အဆင့် အထိပြောဆိုနေကြပါ တယ်။  အဲဒီအုပ်စုဝင်တွေကို RobustlyMultinationalလူမှုအဖွဲ့ အစည်း တွေ လို့ခေါ်ပြီး ကနေဒါက ကွီဘက်ပြည်နယ် ၊ စပိန်က ကာတလန်ပြည်နယ် တို့ပါဝင်သလို ဘယ်လဂျီယံ ကတော့ ဖလမ်းဒါး ဒေသကြောင့်ပါဝင်ပါတယ်။ ပန်ဂျပ်ပြည်နယ်က ဆစ်ခ့်ခွဲ ထွက်လှုပ်ရှားမှု ၊ မီဇိုခွဲထွက်ရေးနဲ့ အရှေ့ မြောက်ပြည်နယ် ခွဲထွက်ရေးလှုပ်ရှားမှုတွေရှိနေ တဲ့ အိန္ဒိယနိုင်ငံကလည်း အဲဒီအုပ်စု ထဲပါဝင်သွားပါတယ် ။


အုပ်စု (၂) ။  ။ ယဉ်ကျေးမှုအရ အတော်လေးများပြားတဲ့ တိုင်းပြည်တွေဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီဘာသာ စကားယဉ်ကျေးမှုအရ အုပ်စုတွေကနိုင်ငံရေးအရ ထင်ရှားပြီး နယ်မြေအလိုက် အုပ်စုဖွဲ့ စုဖွဲ့တာတွေလုပ်မနေကြပါ။ လွတ်လပ်ရေးတောင်းဆိုတာတွေလည်းလုပ်မနေကြပါ။ ဆွစ်ဇာလန် နဲ့အမေရိကန်လို နိုင်ငံတွေဖြစ်ပါတယ် ။


အုပ်စု (၃)။  ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ တစ်မျိုးတည်းဖြစ်နေတဲ့နိုင်ငံတွေဖြစ်ပါ တယ်။ အဲဒီလိုဖြစ်နေတာကြောင့် လူမျိုးတစ်မျိုးတည်းကတစ်နိုင်ငံလုံးကိုလွှမ်းမိုးထား တယ် လို့တောင် ပြောလို့ရပါတယ်။အဓိကလူမျိုးကြီးနဲ့ အလားတူရပိုင်ခွင့်တွေတောင်းနေတဲ့ လူမျိုးတွေလည်းမရှိကြပါ။ ဂျပန် ၊ ပေါ်တူဂီနဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံအများစုပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံကတော့ တစ်မျိုးတည်းကိုသာအခြေခံတဲ့ နေရှင်းစတိတ်ဖြစ်ပါတယ်။၁၉ ရာစု ပြင်သစ်တော်လှန်ရေးပြီးချိန်မှာယဉ်ကျေးမှုအရကောနိုင်ငံရေးအရပါ၊ အမှတ်သရုပ်လက္ခဏာ တစ်ခုတည်းရှိစေမဲ့တပြည်ထောင် အမျိုးသားနိုင်ငံ ( Unitary Nation State ) တည်ထောင်ဖို့စီမံခဲ့ပါတယ် ။


ဖက်ဒရယ်လစ်ဇင်နဲ့ပတ်သက်လို့ မြန်မာမှာလိုပဲ တကယ့်ကိုကြောက်လန့်စရာသေဒဏ် ပေးနိုင် တဲ့ ပြစ်မှုအဖြစ်ကို သတ်မှတ်ခဲ့ကြပါတယ်။ဒေသအလိုက်ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပုံစံပေါ်လာအောင်ခွင့်ပြုပေးတာမျိုး မရှိခဲ့ပါဘူး ။


ပြင်သစ်နိုင်ငံတစ်ဝှမ်းကကျောင်းတွေမှာတူညီတဲ့ သင်ရိုးညွှန်းတမ်းတွေပဲ သင်ကြားပေးပါတယ်။ ဒါပေမဲ့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး နိမ့်ချစော်ကားမှုတွေ မပါသလို လိုသလိုပုံသွင်းမှုတွေ မပါပါဘူး။  ဆရာတွေအားလုံးကိုလည်းဗဟိုကနေပဲလေ့ကျင့် သင်ကြားပေး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပါတယ်။ ပြင်သစ် အမျိုးသား လက္ခဏာ တစ်ခုတည်းဖြစ်လာအောင်နဲ့ ပေါင်းစည်းမှု သင်္ကေတအဖြစ် အားလုံးစစ်မှုမထမ်း မနေရ ဥပဒေပြဌာန်းပေးထားပါတယ်။ ဒါပေမဲ့ ပြင်သစ်မှာ ပြင်သစ်နိုင်ငံသားဖြစ်မှု အပေါ် ပြဌာန်းချက်တွေ အတိုင်း သာတူညီမျှခံစားခွင့်ရှိပါတယ် ။


ပေါ်တူဂီ ၊ ဂျပန် ၊ ဆွီဒင်တို့လည်းအောင်မြင်တဲ့တပြည်ထောင်နေးရှင်းစတိတ်ဖြစ်သွားဖို့ နီးစပ်သွား သလို ဂျာမန်သြစတြေးလျတို့လို ဖက်ဒရယ်နိုင်ငံတွေကလည်းနေရှင်းစတိတ်ဖြစ် ဖို့နီးစပ်သွား ပါပြီ။ အမျိုးသားနိုင်ငံတစ်ခုကို တည်ထောင်နေ တုန်းလူ့အဖွဲ့အစည်းအတွင်း ခြားနားမှုတွေက နိုင်ငံသား တွေအတွင်းသာတူညီမျှရှိတယ်လို့ ခံစားရတာ ၊ အားလုံး သမိုင်းကြောင်းတူညီတယ်လို့ခံစားရ ရင် ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မနေဘူးလို့ အဲဖရက်စတီဖင်က ဆိုပါတယ် ။


ဒါပေမဲ့ဒီလိုအနေထားတွေက ရင့်ကျက်ခိုင်မာပြီးသားနိုင်ငံမှာပဲလွယ်လွယ် ကူကူ ကူးပြောင်းနိုင်တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂၀ ရာစုနောက်ပိုင်းရောက်လာတဲ့ အခါ အစိုးရမူဝါဒနဲ့တပြည်ထောင်အမျိုးသားနိုင်ငံတည်ထောင်ဖို့ ဆိုတဲ့ ကိစ္စတွေက အခက်အခဲတွေရှိလာတယ်လို့ သူကဆိုပါတယ်။ စပိန်တို့ ဘယ်လ်ဂျီယံတို့လိုနိုင်ငံတွေတောင် ခွဲထွက်ရေးနဲ့ ကြုံရတာကို သူကထောက်ပြပါတယ်။ ဒါကြောင့်နိုင်ငံတစ်ခုမှာ လူမျိုးစုံ - ဘာသာစုံပြီးအဲဒီလိုစုံလင်မှုက နိုင်ငံရေးအရလည်း အဓိပ္ပာယ်ထင်ရှားလေးနက်နေရင် ( State-Nation  ) လူမျိုးစုံချစ်ကြည် ရင်းနှီး မှု ပါတဲ့ စရိုက်လက္ခဏာအခြေခံနိုင်ငံကို တည်ထောင် ဖို့ စဉ်းစားဖို့ ၊ ဖန်တီးဖို့ ၊အသိအမှတ်ပြုထောက်ခံဖို့ လိုအပ်တယ်လို့ အဲဖရက်စတီဖင်က ဆိုပါတယ် ။


ဟွမ်လင့်နဲ့ အဲဖရက်စတီဖင်တို့ဟာ State Nation အယူအဆနဲ့ ပတ်သက်လို့စတိတ်နေးရှင်း ဆိုတာ ဟာ တိုင်းရင်းသားမျိုးနွယ်စု လူမျိုးစုံယဉ်ကျေးမှုအစုံပါဝင်တဲ့ စုံလင်များပြားတဲ့ နိုင်ငံဖြစ်တယ် ။


သို့သော်နိုင်ငံတော်အပေါ် သစ္စာရှိ ၊ အသိအမှတ်ပြုတယ်လို့ သက်ဆိုင်ရာပြည်သူများ က ထောက်ခံတဲ့ စနစ်မျိုး ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ စာရေးသူတို့နိုင်ငံနဲ့ ယဉ်ကျေးမှုအရကော လွတ်လပ်ရေးသမိုင်းအရပါ ဆက်စပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ( State – Nation ) လူမျိုးဘာသာ ယဉ်ကျေးမှုအစုံ ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ် ။


စာရေးသူနဲ့ ခင်မင်တဲ့ မီဇိုရမ်ပြည်နယ်က မီဇိုချင်းမျိုးနွယ် မိတ်ဆွေနဲ့ အရူနာချယ်ပြည် နယ်က Tai Khamtis ( မြန်မာက ခန္တီးရှမ်းနဲ့ တူတယ်)မိတ်ဆွေတစ်ယောက်ဆိုရင် သူတို့နိုင်ငံအပေါ် သူတို့ ချစ်ခင်သစ္စာရှိကြောင်းစာရေးသူကိုပြောပြဖူးပါတယ်။ သူတို့နိုင်ငံရဲ့  ပြည်ထောင်စုစနစ် ၊နိုင်ငံသားတွေအပေါ် ဂရုစိုက်မှု တွေကြောင့်လည်း ဒီမိုကရေစီစနစ်နဲ့အခြေခံဥပဒေအပေါ် နိုင်ငံသားတွေရဲ့ ယုံကြည်လေးစားမှု မြင့်တယ်လို့လည်းသူတို့နှစ်ဦးစလုံးက စာရေးသူကို ပြောပြခဲ့ဖူးပါတယ်အမှန်တော့ ပါလီမန်ဒီမိုကရေစီကို အခြေခံတဲ့ အိန္ဒိယနိုင်ငံဟာလည်း
စာရေးသူတို့နိုင်ငံလိုပဲ လွတ်လပ်ရေးရစက တပြည်ထောင်ပုံစံရှိခဲ့တာပါ ။


ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဂျဝါဟာလာနေရူးနဲ့ ကွန်ကရက်ပါတီရဲ့လိမ္မာပါးနပ်တဲ့ အများသဘောတူ အာဏာခွဲဝေရေးအစီအမံတွေကြောင့်ပဲလွတ်လပ်ရေးရပြီးသိပ်မကြာခင် ၁၉၅၀နဲ့ ၁၉၆၀ အကြားမှာ တင် ဒီမိုကရက်တစ် State– Nation ဖြစ်လာပါတယ်.။ လွတ်လပ် ရေးရပြီးပြီးချင်း ပါကစ္စတန်ခွဲထွက်မှုနဲ့ကြုံခဲ့ရပေမဲ့ နောက်ကြုံရတဲ့ ဆစ်ခွဲထွက်မှု တွေနဲ့တမီလ်နာဒူပြည်နယ်အရေးတွေမှာတော့တင်းမာမှုမရှိအောင်ကိုင်တွယ်နိုင်ခဲ့တဲ့ အတွက်လည်း  ခွဲထွက်မှု မရှိပဲပြေလည်ခဲ့တာပါ ။


နေရှင်းစတိတ် ပေါ်လစီဆိုတာ တိုင်းပြည်တစ်ခုရဲ့  ယဉ်ကျေးမှုတွေနဲ့နိုင်ငံရေးနယ်နိမိတ် ကို ကိုက်ညီအောင်နိုင်ငံရေးအင်စတီကျူးရှင်းနည်းလမ်းနဲပ ကြိုးစားပုံဖော်တာဖြစ်ပါတယ်။ ဒါပေမဲ့နေရာတော်တော်များများမှာ ယဉ်ကျေးမှု ပုံစံတူညီမှုတွေကတပုံစံတည်းမရှိပဲကွဲပြားမှု တွေ များတဲ့နေ ရာတွေများပါတယ်။ဒါ့ကြောင့်ကွဲပြားခြားနားမှုတွေကိုဂရုစိုက်ပြီး ကွဲပြား ခြားနား မှုတွေ အတွက် အခွင့်ထူးပေးလိုက်တာတွေလည်းရှိပါတယ် ။


နေးရှင်းစတိတ်တွေကိုအကောင်ထည်ဖော်ရာမှာပျော့ပြောင်းတဲ့နည်းလမ်းတွေသုံးခဲ့တဲ့နိုင်ငံတွေရှိသလိုကြမ်းတမ်းတဲ့နည်းလမ်းတွေသုံးတဲ့နိုင်ငံတွေလည်း ရှိပါတယ် ။


နံပတ် (၁)နိုင်ငံအတွင်းနေထိုင်ကြတဲ့ မတူကွဲပြားသူတွေအကြားသစ္စာခံမှုတစ်မျိုးထူး ထူးခြား ခြား ပေါ်လာ အောင် ဆွဲဆောင်စည်းရုံးနည်း၊စေ့ဆော်ပေးတဲ့နည်း၊ ဖန်တီးပေးတဲ့နည်း ၊ နံပတ် (၂) အဲဒီလိုဖန်တီးပေးမှုအပေါ်နေးရှင်းစတိတ် အမျိုးသားနိုင်ငံတော်ကို မူလက မထောက်ခံသူတွေနောက်ပိုင်းထောက်ခံလာအောင် အမှတ်လက္ခဏာကိုမိမိဆန္ဒအရ ပူးပေါင်း ပါဝင်လာအောင် တိုက်တွန်းအားပေးခြင်း ၊ နံပတ် (၃)နေးရှင်းစတိတ်ရဲ့ပုံစံကိုလက်ခံလာ အောင် အခြားမူကွဲတွေကိုလက်မခံပဲတားဆီးပိတ်ပင်ခြင်း ၊ ရှိပြီးသားဆိုရင်အင်အားနည်း သွားအောင်ဖိနှိပ်ခြင်း၊ ပျောက်ကွယ်သွားအောင် ဖိအားပေးခြင်း  (မြန်မာမှာဗုဒ္ဒဘာသာ တပြည်ထောင်ထူထောင်ရန် ကြိုးစားခြင်း ၊ မဆလခေတ်ကတိုင်းရင်းသားစာပေတွေကို နှိပ်ကွပ်ခြင်း ၊ အခြားမျိုးနွယ်စု ကိုးကွယ်မှုအမှတ်လက္ခဏာပါပါကနိုင်ငံသားမှတ်ပုံတင်ခက်ခဲအောင် လုပ်ခြင်း( အစိုးရအလုပ်အကိုင်ရာထူး တပ်ရာထူးတက်ရန်ခက်ခဲခြင်း )  ၊ နံပတ် (၄)တစ်ချို့ဖြစ်ရပ်တွေမှာ ဖိအားပေးရာက တစ်ဆင့်လူမျိုးသုဉ်းသတ်ဖြတ်တဲ့အထိ ကျူးလွန်ခြင်း စတဲ့ နည်းလမ်း လေးသွယ်ကတော့အမျိုးသားနိုင်ငံထူထောင်ဖို့ကြိုးစားရာ မှာတွေ့ရတဲ့နည်းလမ်းတွေပဲဖြစ်တယ်လို့ ဆိုကြပါတယ် ။


အမျိုးအစားကွဲပြားနေပေမဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှု အမှတ်လက္ခဏာတွေကိုနိုင်ငံရေး အင်စတီ ကျူးရှင်းအရ လေးစားလိုက်နာပြီးချဉ်းကပ်တာကတော့ StateNation ပေါ်လစီဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားနေတာကိုနိုင်ငံရေးနည်းလမ်းနဲ့ တရားဝင်ဖော်ပြခွင့်ပြုတာဟာယဉ်ကျေးမှုပေါင်းစုံစီးမျှောစေတဲ့ State Nation ပေါ်လစီပဲဖြစ်ပါတယ် ။


အချင်းချင်းခွဲခြားဆက်ဆံခံရတယ်ထင်လို့ ပဋိပက္ခဖြစ်နေတာ ( သို့မဟုတ် )တင်းမာမှုတွေရှိနေတာ ကို ပြေလည်ဖို့ အတွက်ကျေနပ်အောင်အခွင့်အရေးတွေပေး လိုက်တာကလည်း State – Nation ပေါ်လစီပဲဖြစ်ပါတယ်အဲဒီလိုပါဝင်အောင်လုပ်တဲ့ နေရာမှာ ခွဲခြားဆက်ဆံတဲ့ပုံနဲ့အထူး အခွင့်ရေး ပေးတာ ၊ အတင်းအကျပ်လုပ်ယူတာ မရှိပါ ။


နိုင်ငံရေးရာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ We ကျွန်ုပ်တို့အားလုံးဖြစ်အောင်လည်း State Nation က အားပေး ပါတယ်။ တချိန်တည်းမှာလည်းလူ့အဖွဲ့အစည်းအတွင်း လူမျိုး ၊ဘာသာကွဲပြားမှု တွေအကြားလေးစားလိုက်နာဖို့အတွက် အကာကွယ်ဖြစ်စေမဲ့ကိစ္စရပ်တွေကိုလည်း ဖန်တီးပေးပါတယ်။ ငါတို့အားလုံးဆိုတဲ့ အမြင်ကိုသွင်းပေးမှု မှာ စာပေ၊ယဉ်ကျေးမှု ဘာသာစကားတန်းတူအခွင့်အရေး ၊ သမိုင်းဆိုင်ရာတန်းတူညီမျှဖော်ပြခွင့် ( မြန်မာမှာတော့ ဗမာတစ်မျိုးတည်းကို အသားပေးတဲ့ လိုသလိုဆွဲတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေကို ကျောင်းတွေမှာ သင်ခိုင်းခဲ့ဖူး )  ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ ဖော်ပြခွင့်တွေကလည်း အရေးပါပါတယ်။ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်အသား သင်္ကေတတွေမှာ နိုင်ငံတော်အလံက အစပါ ၊ နိုင်ငံသားတွေနှစ်သက်စွဲလမ်းတဲ့စိတ်တွေ ပေါ်လာအောင် ၊နိုင်ငံသားတွေရဲ့အခြေခံဥပဒေနဲ့နိုင်ငံကိုချစ်စိတ်ပေါ်လာ အောင်လည်း အားပေးပါတယ် ။


ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဲဒီ State Nation ပုံစံက ဖက်ဒရယ်စနစ်နဲ့အံဝင်ခွင်ကျပါပဲလို့ ဆိုပြီး မတူကွဲပြားမှုတွေများတဲ့ နိုင်ငံတွေကလည်းဒီမိုကရေစီတည်တံ့ဖို့ ဖက်ဒရယ်စနစ် ကိုကျင့်သုံးမှ အဆင်ပြေနိုင်တယ်လို့ဆိုပါတယ်။ တစ်ချို့ကလည်း အများကြီးမဟုတ် ပေမဲ့ သီးသန့်တခြားစကားပြောတဲ့မျိုးနွယ်စု နှစ်စု ၊ သုံစုရှိနေပြီး သူတို့က လူနည်း စုဖြစ်နေရင် သူတို့အတွက် မဂျော်ရတီ လက အကုန်ဆုံးဖြတ်ဆိုတဲ့ ပုံစံမျိုး မဖြစ်ရအောင်ဖက်ဒရယ် မဟုတ်တောင် သူတို့ကို အခွင့်အရေးပေးထားတဲ့ဖက်ဒရေစီပုံစံမျိုးကိုကျင့်သုံးကြ ပါတယ်။ ဖက်ဒရေစီဆိုတာ နိုင်ငံရေးနဲ့ယဉ်ကျေးမှုအရ ထင်ရှားတဲ့ ဒါမှ မဟုတ် သီးသန့်ရှိတဲ့ နယ်မြေ ဒေသတစ်ခုဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအာချေးပြည်နယ်ကလက်နက်ကိုင်ပဋိပက္ခဖြေရှင်း ဖို့ ပြည်နယ်ရွေးကောက်ပွဲမရှိတဲ့အင်ဒိုနီးရှားမှာ အာချေးအတွက်ပြည်နယ်ရွေးကောက်ပွဲ လုပ်ပေးပြီး ၊ ပြည်နယ်က ဥပဒေပြုခွင့်အချို့နဲ့ အခွန်ကောက် ခံခွင့် ၊ပြည်နယ် ရဲတပ်ဖွဲ့ကို ထိန်းချုပ်ခွင့် အာချေးကထွက်တဲ့ ရေနံ ၀င်ငွေ ရ၀ရာနှုန်းကိုပြည်နယ်က ခွဲဝေရယူခွင့်တွေ ပေးမှ အာချေးလက်နက်ကိုင် ပဋိပက္ခကပြေလည်ခဲ့ပါတယ်။ အီတလီမှာလည်း တပြည်ထောင် ဆိုပေမဲ့ ဂျာမန်စကားပြော ၈၅% ရှိတဲ့နယ်မြေတစ်ခုမှာဖက်ဒရေစီပုံစံ ကျင့်သုံး ပေးရ သလို နယူးဇီလန်မှာတော့မာအူရီမူလ ဌာနေမျိုးနွယ်စုတွေအတွက် သီးသန့် ရွေးကောက်ပွဲမဟုတ်ပေမဲ့ဗဟိုလွှတ်တော်မှာ မနစ်နာရအောင်အချိုးကျမဲနဲ့ ပါဝင်ခွင့် ပေးထားရပါတယ်။ဆုံးဖြတ်ခွင့်တောင်မတူပါဘူး ။


စတိတ်နေးရှင်းစနစ်ကျင့်သုံးရာမှာ အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံအများစု ကတော့ ပါလီမန် ဒီမိုကရေစီ ကျင့်သုံးကြတာ ဖြစ်ပြီးပါလီမန်စနစ်က ညွှန့်ပေါင်းနဲ့ အားလုံးပါဝင် နိုင်တဲ့ အစိုးရ ဖွဲ့စည်းဖို့ခွဲဝေပေးလို့ရတဲ့ စနစ်တွေပါတဲ့အတွက်ဖြစ်ပါတယ်။ မဂျော်ရတီအများစုရတဲ့ ပါတီသာမရှိခဲ့ရင် ညွှန့်ပေါင်းဖွဲ့ဖို့လိုလာမှာဖြစ်တဲ့အတွက် မိတ်ဖက်ပါတီတွေ ရဲ့ထောက်ခံမှုကို ရဖို့ အပေးအယူညှိနှိုင်းမှုတွေအဆက်မပြတ်လုပ်ရမှာဖြစ်တယ်။ နိုင်ငံအနံ့ပြိုင်နိုင်တဲ့ ပါတီတွေကဗဟိုအစိုးရဖွဲ့စည်းမှုမှာ လိုအပ်တဲ့ မဲမရလို့ဒေသဆိုင်ရာမျိုးနွယ်စုပါတီလေး တွေရဲ့ ထောက်ခံမှုကိုလိုနေမယ်ဆိုရင်ဒေသဆိုင်ရာမျိုးနွယ်စု အစုအဖွဲ့ပါတီတွေရဲ့ ထောက် ကူမှုနဲ့ ဗဟိုမှာအစိုးရဖွဲ့နိုင်မှာဖြစ်ပြီး အပြန်လှန်အားဖြင့်မျိုးနွယ်စုပါတီလေးတွေကို လည်းဗဟိုအစိုး ရ မှာ နေရာပေးခြင်းဖြင့်ဒေသအခြေပြုပါတီတွေကို ဗဟိုလိုလားတဲ့ပါတီဖြစ်အောင်ဆွဲဆောင် နိုင်ပါလိမ့်မယ်လို့ အဲဖရက်စတီဖင်ကဆိုထားပါတယ် ။


စတိတ်နေးရှင်းမှာ ယဉ်ကျေးမှုခြင်းပေါင်းစည်းတာမျိုးရှိရှိမရှိရှိနိုင်ငံရေးအရ ပေါင်းစည်း တာ မျိုးရှိဖို့က အရေးကြီးပါတယ်။ အိန္ဒိယနိုင်ငံမှာဟင်ဒီနဲ့ အင်္ဂလိပ်ကိုရုံးသုံးအဖြစ် သတ်မှတ် ထားပြီးကျန်တဲ့ဒေသအလိုက်မျိုးနွယ်စုတွေအသုံးပြု တဲ့ ဘာသာစကား ၂၂ မျိုးကို တရားဝင် ဘာသာစကား အဖြစ်သတ်မှတ်ထားပါတယ်။ ဟင်ဒီမသုံးတဲ့ မျိုးနွယ်စုတွေကအင်္ဂလိပ်စာ ကို အသုံးပြုပြီး နိုင်ငံတဝှမ်းအစိုးရဌာနတွေမှာအလုပ်လုပ်နိုင်ပါတယ်။ စာရေးသူနဲ့ သိကျွမ်းတဲ့ အရူနာချယ်ပြည်နယ်က Tai Khamtis မိတ်ဆွေတစ်ဦးဆိုရင် ဟင်ဒီဘာသာစကားမတတ် ပေမဲ့အင်္ဂလိပ်ဘာသာစကားနဲ့တင် အရူနာချယ်ပြည်နယ် အစိုးရရုံးမှာ အရာရှိအဖြစ်တာဝန် ထမ်းဆောင်နေတာဖြစ်ပါတယ်။ နာဂလန်း ပြည်နယ်ဆိုရင် ဖက်ဒရယ်ယူနစ်ရတဲ့ ပြည်နယ် ထဲပါပြီး ( အိန္ဒိယမှာ ဖက်ဒရယ်ယူနစ်ရတဲ့ ပြည်နယ် မရတဲ့ ပြည်နယ်ရှိ၊ ဗဟိုလွှတ်တော် မှာ အမတ်အရေအတွက် အချိုးမညီပါ) မဲဆန္ဒနယ်နည်းပေမဲ့ ဗဟိုအစိုးရမှာ မကြာခဏ နေရာ ရတဲ့သူတွေရှိနေတာဟာ ဗဟိုရွေးကောက်ပွဲတွေမှာ နိုင်ငံလုံးဆိုင်ရာ ပါတီတွေအနေနဲ့ အပြတ် အသတ်မနိုင်တဲ့အကြိမ်များလာတဲ့ အတွက် ဒေသအခြေစိုက်ပါတီတွေနဲ့မဟာမိတ်ဖွဲ့ရလို့ပဲဖြစ် ပါတယ်။ တစ်ကယ်တော့ အိန္ဒိယ နိုင်ငံဟာ လွတ်လပ်ရေးရချိန်မှာပဲ ဟင်ဒီစကားအပြင် အခြား ဘာသာစကားတွေကို လူ ၁၃ သန်းလောက်က သီးခြားအသုံးပြုနေတဲ့ နိုင်ငံဖြစ်နေ ခဲ့တာပါ ။


တော်တော်များများကလည်းကိုယ်ပိုင် အမှတ်လက္ခာဏာတွေရှိကြသလို ဟိန္ဒူ ၊ ဗုဒ္ဓ ၊ ခရစ်ယာန် ၊ ဆစ်ခ့် စတဲ့ဘာသာတွေနဲ့ စုံလင်လှတဲ့ နိုင်ငံပါ။ မွတ်ဆလင်က ၁၆၁ သန်းရှိပြီး ကမ္ဘာမှာ တတိယ မွတ်ဆလင်အများဆုံးနိုင်ငံလည်းဖြစ်ပါတယ် ။


ဒီမိုကရေစီနဲ့ အစ္စလာမ် သဟဇာတ မဖြစ်ဘူးဆိုပြီး ယူဆသူတွေဘက်ကကြည့်ရင်အိန္ဒိယ က အံ့သြစရာဖြစ်ပြီး ဖက်ဒရယ်စနစ်ကိုလည်း ကျင့်သုံးနေပါတယ်။ကမ္ဘာပေါ်က သက်တမ်း အကြား ဆုံး မျိုးနွယ်စုစုံလင် ဖက်ဒရယ်နိုင်ငံလေးခုဖြစ်တဲ့ဘယ်လဂျီယံ ၊ စပိန် ၊  ကနေဒါ အိန္ဒိယ လေးနိုင်ငံမှာ အိန္ဒိယက တစ်ဦးချင်းဝင်ငွေနဲ့ လူနေမှုအဆင့်အတန်းအနိမ့်ဆုံး နိုင် ငံဖြစ်ပါတယ် ။


နိုင်ငံလူဦးရေ သန်း ၁ထောင်ကျော်နဲ့တွက်ကြည့်ရင် တနှစ်ပျှမ်းမျှဝင်ငွေကတစ်ဦးချင်းဆို ရင် ဒေါ်လာ ၄၀၀၀ ကျော်သာရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစတိတ်နေးရှင်း  (လူမျိုးစုံချစ်ကြည် နိုင်ငံ ) ကို အိန္ဒိယကအောင်မြင်စွာထူထောင်ထားနိုင်ပါတယ်။ နက်နက်ရှိုင်းရှိုင်းကွဲပြားနေတဲ့
လူ့အဖွဲ့အစည်းကို စုစည်းဖို့ နိုင်ငံရေးနယ်ပယ် ၊ကျင့်ဝတ်ပိုင်းနဲ့ အခြေခံဥပဒေဆိုင်ရာနယ်ပယ် တွေ မှာ ကာလရှည်ကြာဖန်တီးခဲ့ကြတာဖြစ်ပါတယ် ။


အိန္ဒိယမှာ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေအများအပြားရှိပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာ ပြေ လည် စေဖို့အတွက် အချိုးမညီဖက်ဒရာယ်ကိုဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ကိုးကွယ်ရာဘာသာ တွေကလည်းနက်နက်ရှိုင်းရှိုင်းကွဲပြားနေကြတာပါမွတ်ဆလင်သမ္မတဖြစ်တဲ့အခါ လည်း ပြဿနာကြီးကြီးမားမားမရှိခဲ့ပါဘူး။ တစ်ကယ်တော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားတဲ့ နိုင်ငံကို ဘယ်လိုအင်စတီကျူးရှင်းတွေနဲ့တည်ဆောက် မလဲ ၊ မတူကွဲပြားမှုတွေကိုဘယ်လိုပေါင်း စည်းမလဲဆိုတာ အင်္ဂလိပ်လက်အောက်မှာရှိနေစဉ် ၁၉၂၀ လောက် ကတည်းက အိန္ဒိယ ကွန်ကရက်ပါတီက ပါတီရဲ့ မူဝါဒအနေ နဲ့ အသေးစိပ် လေ့လာမှု တွေပြုခဲ့တာပဲဖြစ်ပါတယ် ။


အခြေခံဥပဒေမှာ နိုင်ငံသား အဓိပ္ပာယ်ဖွင့်ဆိုချက် က နယ်မြေဒေသကို အခြေခံတာကြောင့် State Nation နဲ့ တော်တော်လေး ကို ကိုက်ညီခဲ့ပါတယ်။ လွတ်လပ်ရေးရသွားတဲ့ အိန္ဒိယ ဟာလွှတ်တော်နှစ်ရပ်ပါ တဲ့ ဖက်ဒရာယ်စနစ်ကို ကျင့်သုံးရမယ်ဆိုတာ ၁၉၂၈ ခုနစ်ကျော် ကာလကတည်းက ကွန်ကရက်ပါတီအစီရင်ခံစာက အတည်ပြုခဲ့တာဖြစ်ပါတယ် ။


တစ်ကယ်တော့ အိန္ဒိယကို စတိတ်နေးရှင်းအဖြစ် အပြည့်အဝေ အသိမှတ်ပြုလိုက်တာ ၁၉၅၇ မှဖြစ်ပြိး ဘာသာစကားတစ်ခုစီနဲ့ သုံးစွဲနေတဲ့ ပြည်သူတွေက သူတို့သက်ဆိုင် ရာ ကိုယ်ပိုင်ပြည်နယ်ရသွားပြီး သက်ဆိုင်ရာ ဘာသာစကားနဲ့ အုပ်ချုပ်လို့ ရ သွားခဲ့တာဖြစ် ပါတယ်။ သီးခြားပြည်နယ်ဖန်တီးလို့ရတာကြောင့် စာရေးသူတို့နိုင်ငံ ကချင်းတွေနဲ့မျိုးနွယ်စု တူတဲ့ မီဇိုတွေဟာမီဇိုရမ်ပြည်နယ်အဖြစ်ရသွားပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုထိန်း သိမ်းခွင့် ၊ မီဇိုလူမျိုးတွေပဲမဲပေးလို့ရတဲ့ ဒေသန္တရ ရွေးကောက်ပွဲ ၊ မြေယာပိုင်ဆိုင်ခွင့်တွေ ရခဲ့သလို ၁၉၈၆က မီဇို သဘောတူညီချက်ကလည်း မီဇိုခွဲထွက်ရေးကိုအပြီးသတ်စေ ခဲ့ပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့မတူကွဲပြားတဲ့ ဘာသာ အလိုက် သာသနာပြုခွင့် ၊ အဆောက်အဦးဆောက်ခွင့်တွေကလည်းလွတ်လပ်မှုရှိပြီး ဟာဂ်ျ့ ဘုရားဖူုးအဖြစ်မက္ကာ ကိုသွားတဲ့ မွတ်ဆလင်တွေကို အိန္ဒိယအစိုးရက ထောက်ပံ့ကြေးပေးပါတယ် ။


ရုံးပိတ်ရက်တွေကလည်း ဟိန္ဒိုတွေအတွက် ၅ ရက် မွတ်ဆလင်တွေအတွက် ၅ ရက် အခြားဘာသာဝင်တွေအတွက် ၅ ရက် သတ်မှတ်ပေးထားပါတယ် ။


အိန္ဒိယကတမီလ်ခွဲထွက်ရေးအတွက် လှုပ်ရှားနေချိန် State Nation ပေါ်လစီအရ မျိုးနွယ်စုအခွင့်ရေးတွေပေးတဲ့အတွက် ပြေလည်သွားပေမဲ့သီရိလကာင်္နိုင်ငံမှာ တော့ တမီလ်တွေကို Nation State ဖြစ်အောင်အတင်းသွတ်သွင်းခဲ့တာကြောင့် လူတွေ သိန်းနဲ့ချီ သေကြေပြီးမှပြည်တွင်းစစ်အဆုံးသတ်ခဲ့ရပါတယ်။ အဲဖရက်စတီဖင်ဆိုခဲ့တာက ယူကရိန်း အကြောင်း လည်း သူလေ့လာထားပြီး ၁၉၉၁ ယူကရိန်းနိုင်ငံဖြစ်လာတဲ့အခါမှာ အားလုံးခြုံငုံပါဝင်တဲ့မျိုးနွယ်စုအစုံပါဝင်တဲ့ယူကရိန်းမဖြစ်ခဲ့ဘူးလို့သူက ဆိုပါတယ်။ ဒါကြောင့် နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေနဲ့ ပြဿနာတက်နိုင်တယ်လို့ ၂၀၀၀ ခုနစ်ကျော် လောက် ကတည်းကသူက သတိပေးခဲ့ပါ တယ်။ တစ်ကယ်လည်း နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေကြောင့်ခရိုင်းမီးယားအရေးပြဿနာပေါ်ခဲ့ရပြီမဟုတ်ပေလော ။


အိန္ဒိယနဲ့လွတ်လပ်ရေးခေတ်ပြိုင် မြန်မာနိုင်ငံမှာတော့ နေရူးရဲ့မိတ်ဆွေလည်းဖြစ် တဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း State Nation ဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြိုး စားတဲ့အချိန်နဲ့နေရူးကြိုးစားးတဲပအချိန်ကွာတာကဗိုလ်ချုပ်က သူတစ်ဦးတစ်ယောက် တည်းကသာပင်လုံစာချုပ်ကိစ္စတွေလုပ်ခဲ့တာဖြစ်ပြီး ဖဆပလ အနေနဲ့ အိန္ဒိယက ကွန်ကရက်ပါတီလို နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်ခဲ့တာတော့မဟုတ်ပါဘူး ။


ဒါကြောင့် ၁၉၄၆ ပထမ ပင်လုံမှာ ဖဆပလ ကိုယ်စားလှယ် ဦးနုဟာမအောင်မြင်ခဲ့ရ သလို ဗိုလ်ချုပ်ကွယ်လွန်လို့ သူ့အနေနဲ့အရိုက်အရာဆက်ခံရချိန်မှာလည်း အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး ။


တစ်နည်းအားဖြင့် အင်စတီကျူးရှင်းအလိုက် State Nation အတွက်မပြင်ဆင်ခဲ့တဲ့ အတွက်ဖြစ် ပါတယ်။ ဗိုလ်ချုပ်အနေနဲ့ စစ်မဖြစ်မှီက အမျိုးသားရေး အရ အမျိုးသားရေး ၀ါဒီဖြစ်ကောင်းဖြစ်ခဲ့ပေမဲ့ဘီအိုင်အေဝင်ပြီးခေတ်ကာလနောက်ပိုင်း ကစလို့ လူမျိုးစုံ ၊ဘာသာစုံတည်ရှိနေမှုကို အကြောင်းပြုပြီး တစ်ဘာသာ တည်း ၊ လူမျိုးတမျိုးတည်းဆိုတဲ့ ကိစ္စတွေကို မလုပ်တော့တာက ဘာသာခြားတွေ ၊ မျိုးနွယ်စုတွေကိုတစ်လေးတစ်စား နဲ့ အစိုးရအဖွဲ့ထဲမှာ နေရာပေးခဲ့မှုတွေက သက်သေပဲဖြစ်ပါတယ် ။


ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်ထောင်စုဖွဲ့စည်းဖို့သဘောတူခဲ့တဲ့ အခြေခံခဲ့ တဲ့ မူတွေကိုကြည့်မယ်ဆိုရင် ( ၁)၊ လွတ်လပ်၍အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံ ၊ လွတ်လပ်သောသဘောဆန္ဒနှင့်အညီပြည်ထောင်များနိုင်ငံသစ်တည်ထောင်မှုတွင် ပူးပေါင်းပါဝင်ကြမှု ၊ (၃) တန်းတူရေး (၄) ကိုယ်ပိုင်ပြဌာန်းခွင့် ( ၅)ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ပြည်ထောင်စု ( ၆)  လူနည်းစုတွေရဲ့အခွင့်အရေးကို ကာကွယ်ခြင်း (၇) ဒီမိုကရေစီနဲ့ပတ်သက်လို့ နိုင်ငံသားတိုင်းခံစားခွင့် (၈) ပါတီစုံဒီမိုကရေစီ စနစ် (၉) ဘာသာရေးကိုအခြေမခံတဲ့နိုင်ငံ (၁၀) ခွဲထွက်ခွင့်ဆိုတဲ့ အချက် တွေကိုအခြေခံခဲ့တာဖြစ်ပါ တယ်။ ခွဲထွက်ခွင့်အချက်ကလွှဲလို့ ကျန်တဲ့မူတွေကပြီးခဲ့တဲ့ မိုင်ဂျာယန် ညီလာခံအထိ တိုင်းရင်းသားတွေတောင်းဆိုနေခဲ့တာဟာ အဲဒီပင်လုံမူတွေကို အခြေခံတောင်းနေကြတာ ဖြစ်ပါတယ်။ သေချာတာကတော့နှစ်ပေါင်း၆၀နီးပါး ပြည်တွင်းစစ်ဖြစ်နေတာ ၊ စစ်အာဏာရှင် အောက်မရောက်ခင်လွတ်လပ်ရေးရစပါလီမန်ခေတ်ကတည်းက ပြည်တွင်း စစ်စခဲ့ပြီး ကျရှုံးနိုင်ငံအဖြစ်ရောက်နေခဲ့တယ်လို့ အကဲဖြတ်တွေက သုံးသပ်ခဲ့တာဟာ နိုင်ငံရဲ့ ပကတိ အခြေ နေနဲ့ ကိုက်ညီတဲ့ လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံState Nation ကို အောင်မြင် စွာ မတည်ဆောက်နိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ် ။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်


REF; Crafting State Nation; India and Multinational Democracies
Alfres Stepan, yohindra Radev




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates