မိုင်းလားတပ်စခန်း သုံးခု နှင့် စစ်သည် ၁၅၀ ကျော်အား ဝတပ်ဖွဲ့ သိမ်းပိုက်ထား



သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ နယ် နှင့် မိုင်းလားမြို့နယ်ကြား ရှိ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ထားသည့် တပ်စခန်း ၃ ခုအား ၀ တပ်ဖွဲ့ UWSA က သိမ်းပိုက်လိုက်သည့်အတွက် မဟာမိတ်တပ်ဖွဲ့ဝင် နှစ်ဘက်တပ်ကြား စစ်ရေးတင်းမာမှု ဖြစ်ပွားလျှက်ရှိသည် ။


စက်တင်ဘာ ၂၈ ရက်နေ့က ဝ တပ်ဖွဲ့ UWSA စစ်သည်အင်အား ၆၀၀ ကျော်က တိုက်ပွဲ ဝင် သံချပ်ကာကား ၅ စီးနှင့်အတူ ကျိုင်းတုံ နှင့် မိုင်းလား မြို့နယ်ကြားရှိ လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်စခန်း နှင့် မိုင်းလားနယ်အဝင် ပန်မတ်ဖိုင်း ဂိတ်စခန်းအား သိမ်းပိုက်လိုက်ရာ တွင် မိုင်းလား စစ်သည် ၁၅၀ ကျော် အားလည်းဖမ်းဆီးလိုက်သည် ။


“ ကျနော်တို့က မဟာမိတ်တွေလေ။ ဒီလိုလုပ်မယ်ဆိုတာ မထင်ဘူး။ ဖမ်းထားတဲ့ သူ ၁၅၁ ဦး အနက် ၁၇ ပြန်လွတ်ပေးတယ်အခု။ တပ်ပြန်ဆုတ်ပါပြောတော့ အထက်အမိန့်အရလာတယ်။ အထက်က မညွှန်ကြားရင် ပြန်ဆုတ်လို့မရဘူးလို့ပြောနေတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေတော့ ကြိုးစား ချိတ်နေတယ်။ ဒီတရက်နှစ်ရက်အတွင်းဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ အခုတော့ အားလုံးကို တပ်လှန့်ထားတယ်။ ဘယ်သူမှ သွားလာလှုပ်ရှားလို့မရတော့ဘူး” - ဟု မိုင်းလား တပ်မှူးတဦးကပြော သည် ။


အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပြောရေဆိုခွင့်ရှိသူ ဦးအောင်မြင့်က - ကျန်းမာရေးအရ မကောင်း သည့်အတွက် အဆိုပါသတင်းနှင့်ပတ်သက်၍ဘာမှမပြောနိုင်သေးကြောင်း သျှမ်းသံတော် ဆင့်သို့ဖြေကြားသည် ။


ဝ တပ်ဖွဲ့မှ မိုင်းလားတပ်ဖွဲ့အပေါ် ယခုကဲ့သို့ ပြုမူဆက်ဆံသည်မှာ - မိုင်းလားတပ်ဖွဲ့အနေဖြင့် အာခါလူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေခြင်း၊ နေပြည်တော်သို့ မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင် မကြာခဏ သွားလာဝင်ထွက်နေခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံ တွင် ကော်မတီဝင်အဖြစ် သွားရောက်ပါဝင်ခြင်း စသည့် အကြောင်းကိစ္စရပ်နှင့် ပတ်သက်နိုင်သည်ဟု ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည် ။


ဝ တပ်ဖွဲ့ နှင့် မိုင်းလား တပ်ဖွဲ့သည် ရှေးယခင်ကတည်းက ညီရင်းပမာ ချစ်ခင်ရင်းနီးသည့် မဟာမိတ် တပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates