တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့် RCSS/ SSA အား အစိုးရတပ်မတော်ထိုးစစ်ဆင် သျှမ်း/တောင် ဒေသခံ ၂ ထောင်ခန့် စစ်ဘေးရှောင်



တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်  NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/ SSA ၏ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ ပြန်လည်ထူထောင်ရေးစခန်းတခုအား   အစိုးရတပ်မတော် ၀င်ရောက်တိုက် ခိုက်မှုကြောင့် ဒေသခံ ၂၀၀၀ နီးပါး နေရပ် စွန့်ခွာ စစ်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည် ။

 တုံလောအောင်မင်္ဂလာ ကန်တုံကျောင်းတိုက်ရောက် စစ်ဘေးရှောင်များ

အောက်တိုဘာ ၂ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၌ အစိုးရတပ်မတော် နှင့်  RCSS/ SSA   တို့အကြား တိုက်ပွဲဖြစ်ပွါးရာ ဒေသခံများမှာ တုံလောကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်း  တောင်ကျောင်း နှင့် မြောက်ကျောင်း သို့ ခိုလှုံကြကြောင်း မိုင်းကိုင်ပြည်သူ့လွှတ်တော်အမတ် စိုင်းဆိုင်မိန်း ကပြောသည် ။


 “ မနေ့ကအသံတွေ ကြားရတယ်။ တိုက်ပွဲသံတွေ ကြားရတယ်။ ဒါက ပြသနာ ။ တစ်ဘက်က လည်း  NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ဖြစ်တယ်။   ဖြစ်လာရင်  ပြည်သူလူထုဘဲ ဒုက္ခရောက်တယ် ။ ခုလည်း စစ်ပြေးဒုက္ခသည်  ၂၀၀၀ နီးပါးရှိတာ နေရာထိုင်ခင်း အခက်ခဲတွေဖြစ်တယ် ။ ဒါကို ပြောချင်တယ်။” ဟု ၄င်းကပြောသည် ။


တိုက်ပွဲမှာ တုံလောကျေးရွာအုပ်စု၏ သုံးမိုင်ခန့်အကွာရှိ ဝမ်ပန်ပွိုင်းကျေးရွာတွင် ဖြစ်ပွါးခဲ့ပြီး ဝမ်ပန်ပွိုင်းကျေးရွာ  ၊ ဝမ်ကုန်းဆာ ကျေးရွာနှင့်အနီးတဝိုက်ကျေးရွာများမှ ရွာသား များ စစ်ဘေးရှောင်နေကြရခြင်းဖြစ်ကြောင်းဆိုပါသည် ။


အောက်တိုဘာလ   ၂ ရက်ယနေ့တွင်လည်း အစိုးရတပ်မတော်သည်လက်နက်ကြီးများဖြင့် အရပ် ၄ မျက်နှာသို့ ရမ်းမှန်းပစ်ခတ်ကြောင်း သျှမ်းပြည်တပ်မတော်ဘက်ကဆိုပါသည် ။


၎င်းနှင့်ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက - “တုံလောမှာကျနော်တို့ ဒေသခံလူထုနဲ့ပူးပေါင်းပြီး ဖွင့်ထားတဲ့ ဘိန်းဖြတ်စခန်းရှိတယ်။ ပြန်လည်ထူထောင်ရေးစခန်းပေါ့နော်။ အဲဒီစခန်းမှာ ဘိန်းဖြတ်လူငယ် ၅၀ လောက်ရှိတယ်။ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်ကတည်းက အစိုးရစစ် ကြောင်းက ကျနော်တို့ဘိန်းဖြတ်စခန်းရှိတဲ့နေရာဘက်ကို အကြောင်းကြားခြင်းမရှိဘဲ ၀င်လာပြီးတော့ ကျနော်တို့ကိုပစ်ခတ်တယ်။ အဲဒီကနေ တိုက်ပွဲဖြစ်လာတာ” - ဟု သျှမ်းသံတော်ဆင့်အားပြောသည် ။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ်  (NCA)   လက်မှတ်ရေးထိုးထားသော်လည်း အစိုးရဘက် မှ မလိုက်နာ သဖြင့်ထိုသို့ဖြစ်ရကြောင်း  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/ SSA) ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး  စိုင်းငင်း  ကပြောသည် ။


“ အခုက အစိုးရဘက်က လုံးလုံးမှားတယ် NCA နဲ့သော်လည်ကောင်း၊ နှစ်ဘက်သဘောတူထား တာတွေ သော်လည်းကောင်း သူတို့မလိုက်နာဘူး။  ကျနော်တို့ သဘောတူထားတာ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲလာမယ်ဆိုရင် ဆက်ဆံရေးရုံး ဖြစ်ဖြစ် အကြောင်းကြားရမယ်။  အခု သူတို့လာတာက အကြောင်းမကြားဘူး ။  ကျနော်တို့ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့နေရာကို ရုတ်တရက်ဝင်တိုက်လာတော့  နှစ်ဘက်တိုက်ပွဲတွေဖြစ်သွားတယ်။ ဒါကတော့ အစိုးရဘက်က အမြန်ဆုံးဖြေရှင်းပေးရမယ် ဆိုတာကို အစိုးရဆီကို ပြောထားတယ် ”  ဟု ၄င်းကပြောသည် ။


တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်နှင့်ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ်က ဤကဲ့သို့ဆက်ပြော သည် ။


“NCA စာချုပ်ဆိုတာက အချို့စကားလုံးတွေက အဓိပ္ပါယ်ဖော်ပြမှုမသဲကွဲဘူးဖြစ်နေတယ်။ဥပမာ အပစ်ရပ်စဲရေးနယ်မြေဆိုတာဘယ်နယ်မြေလဲ တိတိကျကျ မဖော်ပြထားဘူး။ နယ်မြေသတ်မှတ်မှုဆိုတာလဲမပါသေးဘူး။ ကျနော်တို့လက်တွဲပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ မူးယစ်ဆေးဝါးရှင်းလင်းတိုက်ဖျက်ရေး ။ တပ်မတော်ဘက်က လက်တွဲပူးပေါင်းမှုမရှိသေးလို့ ကျနော်တို့ ရွာသားတွေပြည်သူလူထုတွေနဲ့ လက်တွဲပူးပေါင်းပြီးလုပ်နေရတယ်။” - ဟုပြောသည် ။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/ SSA) ၏ ထိန်းချုပ် နယ်မြေဖြစ်သော မိုင်းကိုင်မြို့နယ် တုံလောကျေးရွာ အုပ်စုတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စခန်းကို   အစိုးရတပ်မတော်ဘက်မှ တပ်မ ၂၉၂  ကဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် ။


ထိုမျှမက တပ်မတော်သည် စစ်လေယာဉ်  ၂ စီးဖြင့်လည်း ဗုံးကျဲတိုက်ခိုက်သဖြင့် စစ်ဘေးရှောင်များ ရုတ်တရက်တိုးများလာခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီမှုပေးနေသည့် ဒေသတွင်းလူငယ် များကပြောဆိုသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates