ထိုးစစ်ရပ်ဆိုင်းပေးပြီး တပြိုင်နက်တည်း အပစ်ခတ်ရပ်စဲရေး ကြေငြာပေးရန် အစိုးရတပ်မတော်အား ၂၁ ပင်လုံ အရပ်ဘက်လူ့ အဖွဲ့အစည်းများဖိုရ မ်ဖြစ်မြောက်ရေးကော်မတီ တောင်းဆို



၂၁ ရာစု ပင်လုံညီလာခံကြီးဖွင့်ပွဲအပြီးမကြာမီပင် တိုင်းရင်းသားဒေသများတွင်ဖြစ်ပွါးလာနေသော တိုက်ပွဲများကြောင့် အရပ်သားနှင့် လူမမယ် ကလေးငယ်များ သေကြေဒဏ်ရာရရှိမှုများရှိနေပြီး စိုးရိမ်စရာ အခြေအေနေဖြစ်လာနေသောကြောင့် အစိုးရတပ်မတော်ဘက်မှ ထိုးစစ်ရပ်ဆိုင်းပေးရန် နှင့် တပြိုင်နက်တည်းအပစ်ရပ်ကြေငြာပေးရန် ၂၁ ပင်လုံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ယာယီမှ ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်သည် ။


အောက်တိုဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေငြာချက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ နှစ်ဘက်စလုံးမှ တစ်ပြိုင်နက်တည်း အပစ်ခတ်ရပ်စဲရေးကို ကြေငြာပေးရန် တောင်းဆိုထားပြီး ကချင် ၊ သျှမ်းနှင့် ကရင် ပြည်နယ်တို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများသည် ၂၁ ရာစု ပင်လုံညီလာခံကို ထိခိုက်စေနိုင်ကြောင်းလည်း ဖော်ပြထားသည် ။


‘ အဓိကကတော့ ထိုးစစ်တွေရပ်ဖို့လိုတယ်။ထိုးစစ်တွေရပ်ပြီး နှစ်ဘက် တပြိုင်နက်တည်း အပစ်ခတ်ရပ်စဲရေး ကြေငြာပေးဖို့ဆိုတာ တောင်းဆိုထားတာကြာပြီး အခုထိ အကောင်ထည်ဖော်နိုင်ခြင်းမရှိဘူး။ လတ်တလော ပဋိပက္ခအတွင်းအရွယ်မမယ်ကလေးတွေ သေဆုံးတာတွေလည်း ရှိလာနေတယ်။ ‘ ဟု ၂၁ ပင်လုံ အရပ်ဘက်အဖွဲ့အစည်းဖိုရမ် ဖြစ်မြောက်ရေးကော်မတီ ယာယီမှ ကိုသွင်လင်းအောင်က ပြောသည် ။


လတ်တလောဖြစ်ပွားနေသည့် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိတိုက်ပွဲများမှ တိုက်ပွဲများမှာ ပြင်းထန်မှုရှိခဲ့ကာ အစိုးရ တပ်မတော်ဘက်မှ လေကြောင်း အသုံးပြုတိုက်ခိုက် မှုများရှိခဲ့သည် ။


အောက်တိုဘာလ ၁ ရက်က မုံးကိုးမြို့နယ်ခွဲအတွင်း ပူဝမ်းကျေးရွာအတွင်း အစိုးရစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးဒဏ်ကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အခြားကလေးငယ်အချို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည် ။


၂၁ ပင်လုံမှာ ဖွင့်ပွဲပြီးစီးသွားသော်လည်း နောက်ဆက်တွဲနိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် လက်ရှိအချိန်အထိ နိုင်ငံရေးမူဘောင်များ ပြင်ဆင်နိုင်မှုမရှိသေးခြင်း ၊ ၈ ဖွဲ့သာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်နိုင်သေးခြင်းတို့ကြောင့် စိုးရိမ်မှုများရှိနေသည် ။


လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ဘဏ္ဍာငွေကျခံသုံးစွဲမှုများ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊ လူသားအရင်းအမြစ်ဆုံးရှုံးမှုများကိုလည်း ထုတ်ပြန်ပေးရန် ၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူများ ပံ့ပိုးပေးရန်နှင့် ပဋိပက္ခဒေသအတွင်း လူသားအရင်းအမြစ် ဆုံးရှုံးမှုမရှိစေရန် အကာကွယ်ပေးရေးအစီအမံများကို အကောက်ထည်ဖော်ပေးရန် ၂၁ ပင်လုံ အရပ်ဘက် အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေးကော်မတီ ယာယီ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates