သျှမ်းအင်အားစုများပါဝင်သော အစိုးရ ၊ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့နှင့် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒီကလပ်တို့ တွေ့ဆုံ



သျှမ်းလက်နက်ကိုင် အဖွဲ့များဖြစ်သည့် SSPP/SSA ၊ RCSS /SSA  ၊ မိုင်းလား NDAA အဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် အောက်တိုဘာလ ၅ ရက်နေ့  ညနေပိုင်းက တောင်အာဖရိက သမ္မတ ဟောင်း ဒီကလပ်နှင့်တွေ့ဆုံခဲ့သည် ။


တောင်အာဖရိက အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကွယ်လွန်သူ အမျိုးသား ခေါင်းဆောင်ကြီး နယ်လ်ဆင်မင်ဒဲလားနှင့်အတူ အရေးပါသော လူဖြူခေါင်းဆောင် ဖြစ်သည့် ဒီကလပ်က မြန်မာအသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ပါစေကြောင်း ဆန္ဒပြခဲ့ပြီး ပြည်တွင်းစစ် ပဋိပက္ခဖြေရှင်းရာ၌ ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံးမှာ ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ပါဝင်ရန်အရေးကြီးပုံကို တောင်အာဖရိက သမ္မတဟောင်းက ရှင်းပြခဲ့သည် ။


ယင်းသို့ မပါဝင်နိုင်ပါက တနိုင်ငံလုံးလွှမ်းခြုံသည့် ခိုင်မာသော ငြိမ်းချမ်းရေးမဖြစ်နိုင်ဟု တောင် အာဖရိက ဆွေးနွေးပွဲများကာလက လူဖြူအစိုးရ သမ္မတ အဖြစ် တာဝန်ယူခဲ့သူ ဒီကလပ်က ဆိုသည် ။


‘ပြဿနာတွေမှာ ပါဝင်သူ အစုအဖွဲ့အားလုံးကို ပါဝင်ခွင့်မပြုပဲခြွင်းချန်ထားရင် ပြီးပြည့်စုံပြီး တနိုင်ငံလုံး လွှမ်းခြုံတဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး ဒီစကားဟာ တောင်အာဖရိကငြိမ်းချမ်းရေးအောင်မြင်ဖို့ အဓိကကျတဲ့ အခြေခံအချက်များအနက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာကို ဒီကလပ်က ပြောခဲ့တယ် ‘ ဟု တောင်အာဖရိကသို့ ရောက်နေသည့် တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးက ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် တင်ထားသည် ။


၅ နှစ်နီးပါး ကြာမြင့်ခဲ့ပြီး အခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲနိုင်ခဲ့သည့် တောင်အာဖရိက ဆွေးနွေးပွဲများတွင် နယ်လ်ဆင်မင်ဒဲလားက လူမည်းအဖွဲ့အစည်းများ ၊ လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးပါတီများကို ဦးဆောင်ခဲ့ကာကွန်မြုနစ်ပါတီကဲ့သို့ လူဖြူအစိုးရ စစ်တပ်တို့က ပါဝင်ခွင့်တားမြစ်ထားသည့် အဖွဲ့များကိုပါ ဆွေးနွေးပွဲအတွင်း မဖြစ်မနေပါဝင်စေရန် မင်ဒဲလားက ကြိုးပမ်းခဲ့သည် ။


" အစောပိုင်းမှာ အလုပ်သမား သမဂ္ဂတို့လို အဖွဲ့တွေကို ပေးမပါတာ နိုင်ငံရေးအရ မပြေလည်တာတွေဖြစ်တော့ ဆွေးနွေးပွဲရှေ့ဆက်မရအောင် အကြမ်းဖမ်မှုတွေ ဖြစ်ခဲ့တယ် နောက်ပိုင်းမှာ အားလုံးပေးပါပြီး သေချာဆွေးနွေးတော့မှ ပြေလည်သွားတာ "ဟု အဆိုပါ တိုင်းရင်းသား ကိုယ်စားလှယ်ကပင် ၄င်း၏ ဖေ့ဘုပ်တွင် ရေးသားထားသည် ။


မြန်မာနိုင်ငံတွင် အရပ်ဘက်အဖွဲ့စည်း ၊ လူထုအခြေပြုအဖွဲ့အစည်းများမှာ ၂၁ ပင်လုံတွင် တိုက်ရိုက်ပါဝင်ခွင့် ကန့်သတ်ခံထားရပြီး ကိုးကန့် ၊ အေအေ ၊ တအာင်းပလောင်တို့ကိုလည်း လက်နက်ကိုင်လမ်းစဉ်စွန့်ရန် ဆန္ဒရှိမှသာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဆိုထားသည့်အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးပင်မရေမရာဖြစ်နေသည် ။


တောင်အာဖရိကသို့ လေ့လာရေးခရီးသွားရောက်နေသည့် ကိုယ်စားလှယ်အဖွဲ့တွင် UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလား NDAA အဖွဲ့မှ ကိုယ်စားလှယ်များလည်းပါဝင်ကာ ပအိုဝ်းအဖွဲ့ PNLO မှ ဗိုလ်မှူးကြီးခွန်ဥက္ကာလည်း ပါဝင်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates