စစ်ပွဲများရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒပြတောင်းဆို



မန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ တက်ကြွလှုပ်ရှားသူများမှ ဦးဆောင်ကာ အင်အား ၅၀ ခန့်သည့်ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြသည် ။


တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် “ စစ်ပွဲများချက်ခြင်းရပ်”၊ “အမြောက်ကျည်ဆံထိမှန်သေ ဆုံးခဲ့သည့် ကလေးငယ်အတွက်တရားမျှတမှု ဖော်ထုတ်ပေး”၊ “ခင်ဗျားတို့ စစ်တိုက်နေတဲ့သူတွေ အားလုံးမှန် တယ် ကျုပ်တို့ပြည်သူကပဲမှားတာ” ၊ “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အကြမ်းမဖက်နည်း လမ်းနဲ့ ဖော်ဆောင်ပေး” - စသည်တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည် ။


“ အခု ၂၁ ပင်လုံပြီးမှ ကချင် ၊ ကရင် နဲ့ သျှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေကဖြစ်လာတယ် ။ ကချင်မှာဆိုပြင်း လည်း ပြင်းထန်တယ်။ ဒီတိုက်ပွဲတွေက ရိုးမှရိုးသားရဲ့လားဆိုတာ သံသယလည်းဖြစ်တယ်။ ဘာလို့လဲဆို ကျနော်တို့တစ်သက်လုံး တပ်က ပြည်တွင်းစစ်ကို ပြပြီး အာဏာထိန်းလာခဲ့တာလေ။ အဆိုးဆုံးက ကလေး ငယ်တွေ အမြောက်ဆံ ထိမှန်သေဆုံးဒဏ်ရာရတဲ့ကိစ္စပဲ မခံစားနိုင်ဘူး။ဒါကြောင့် ပြည်တွင်းစစ်ရပ်ပေးဖို့ တောင်းဆိုဆန္ဒပြရတာ ဖြစ်တယ်” ဟု ၈၈ မျိုးဆက်တစ်ဦးဖြစ်သူ ကိုဗသက်အောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


မိုင်ဂျာယန် အစည်းဝေးစတင်ချိန်မှစ၍ အစိုးရ စစ်တပ်နှင့်ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ထိတွေ့မှု အချို့စဖြစ်ခဲ့ပြီး ၂၁ရာစု ပင်လုံဖွင့်ပွဲ စာတမ်းဖတ်ပွဲပြီးချိန်တွင် တိုက်ပွဲများမှာပြင်းထန်လာခဲ့ကာ နှစ်ဘက်အကျအဆုံးရှိခဲ့သည် ။


လေကြောင်းအသုံးပြုတိုက်ခိုက်မှုများလည်း ရှိခဲ့ပြီး သျှမ်းပြည်နယ်တွင် RCSS/SSA ၊  SSPP/SSA သျှမ်းတပ်မတော်နှစ်ဖွဲ့စလုံးနှင့်တပ်မတော်အကြားတွင်၎င်း ၊ ကရင်ပြည်နယ်ဘက်တွင် ဒီကေဘီအေ ခွဲထွက်အဖွဲ့နှင့်တပ်မတော်အကြားတွင်၎င်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည် ။


အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးရန်ကျန်ရှိနေသည့်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးနေချိန် ၊ အမျိုးသားအဆင့်နယ်မြေအလိုက်နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် ပြင်ဆင်နေချိန်တွင်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်သည့်အဖွဲ့များတွင်RCSS/SSA သျှမ်းပြည်တပ်မတော်တောင်ပိုင်းမှာ အစိုးရနှင့် အန်စီအေနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးထားသည့်အဖွဲ့ဖြစ်သည် ။


“ တပ်ဘက်ကတော့ သယံဇာတ ခိုးထုတ်သူတွေကို တိုက်သလို သတင်းလွှင့်တယ်။ ဒါဆိုရင်အရင် အုပ်ချုပ်တာ ကြာပြီ၊ သယံဇာတတွေကိုကော တစ်ကယ်အကျိုးရှိရှိအသုံးချခဲ့ရဲ့လားဆိုတာလည်း မေးစရာရှိတယ်။ အခုကပြည်သူတွေရွေးထားတဲ့ လွှတ်တော်ကိုယ်တိုင်လည်း ဒီလောက်တိုက်ပွဲပြင်းထန်နေတာ ငြိမ်နေတော့  အားမလို အားမရလည်း ဖြစ်မိတယ်။ နောက်အစိုးရကလုပ်တဲ့ ၂၁ ပင်လုံအပြီးမှာဖြစ်တာဆိုတော့ အကြပ်အတည်းဖြစ်အောင်လုပ်သလားဆိုတာလည်း သံသယ ဖြစ်မိတယ်။” ဟု ကိုဗသက်အောင်က မှတ်ချက်ပြုသည် ။


မြစ်ကြီးနားတွင်လည်း လူထုသောင်းနှင့်ချီ ပါဝင်ဆင်နွှဲသည့် အစိုးတပ်ထိုးစစ်ရပ်စဲရေးဆန္ဒပြပွဲကို လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့ပြီးဆန္ဒပြ ခေါင်းဆောင်အချို့အား ငြိမ်းစုစီ ဥပဒေဖြင့်အမှုဖွင့်ထားကြောင်းလည်း သိရသည် ။


ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်မှလည်း အောက်တိုဘာလ ၈ ရက်နေ့ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး အစိုးရက နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ပေါက်ရန် ဖော်ဆောင်နေချိန်တွင်တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများမှာငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်ထွန်းလာရေးကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။ ယင်းအပြင် နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်ရန်ကြိုးပမ်း နေစဉ် စစ်အင်အားအလွန်အကျွံသုံးစွဲကာ ထိုးစစ်ဆင်ရန်လို တိုက်ခိုက်နေသော  မြန်မာ့တပ်မတော်၏ လုပ်ရပ်သည် ပြည်တွင်းစစ်မီး ပိုမိုကြီးထွားစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး ထိုးစစ်ဆင်မှုကြောင့်နောက်ဆက်တွဲဆိုးကျိုးများကို မြန်မာ့တပ်မတော်မှ တာဝန်ခံရမည်ဟု ကေအိုင်အိုကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ဗဟိုကော်မတီမှ ကြေငြာချက်ထုတ်ပြန်ထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates