တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်အား အစိုးရတပ်မတော် ချိုးဖေါက်မှု အမြန်ဆုံးဖြေရှင်းပေးဖို့ RCSS/SSA ပြော
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင် မြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အကျင့်စာရိတ္တပြုပြင်ရေး စခန်းအား အစိုးရတပ်မတော် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက် ခိုက်မှုသည် အစိုးရတပ်မတော်မှ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်အားချိုး ဖေါက် ခြင်း ဖြစ်သည်ဟု RCSS/SSA မှ ယနေ့ပြောကြားလိုက်သည် ။
သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အကျင့်စာရိတ္တပြုပြင်ရေး စခန်း အမည်ရ မူးယစ်ဆေးဝါး သုံးစွဲသူများအား ဆေးဖြတ်ပေးသည့် စခန်းအား အစိုးရတပ်မတော် မှ အင်အားသုံးတိုက်ခိုက်ခြင်းသည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် သာမက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်တွင် ပါဝင်သည့် မူးယစ် ဆေးဝါးပူးပေါင်းတိုက်ဖျက်မည်ဆိုသည့်သဘောတူညီချက်အားချိုးဖေါက်ခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောသည် ။
“ မူးယစ်ဆေးဝါးပြဿနာ ကျနော်တို့လူသားတွေရဲ့ပြဿနာ၊ ဒီပြဿနာကို စုပေါင်းတိုက်ဖျက်ဖို့ ကျနော် တို့ နဲ့ ဒေသခံ လူထု ပူးပေါင်းဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စခန်းကို အင်အားသုံးပြီး အစိုးရ တပ်မတော်က လာရောက်တိုက်ခိုက်တယ်။ ဒီလုပ်ရပ်ပဲ အစိုးရတပ်မတော်က NCA စာချုပ်ချိုး ဖေါက်နေပြီ။ NCA စာချုပ် အခန်း ၃ မှာ ‘မည်သည့်ပြဿနာမဆို အင်အားသုံး မဖြေရှင်းရဘူး’ ဆိုတာ။ အဲဒါတွေချိုးဖေါက်တယ်။ တဖက်နယ်မြေထဲဝင်လာတာလဲ အကြောင်းမကြားဘူး။ အဲဒါလဲချိုး ဖေါက် တယ်” - ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည် ။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရခြင်းနှင့်ပတ်သက်၍ တပ်မတော်ပိုင် မြ၀တီသတင်းတွင် “ မိုင်းကိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက ပုံမှန်နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် RCSS/ SSA အဖွဲ့က ဖမ်းဆီးထားခြင်းမှ ကယ်တင်ခဲ့သည့် ဒေသခံပြည်သူ ၂၅ ဦးအား အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ၌ တပ်မတော် မှ တာဝန်ရှိသူများက အသိသက်သေ ၁၄ ဦးရှေ့တွင် စနစ်တကျ လွှဲပြောင်းပေးအပ် ခဲ့သည်…… ” - စသဖြင့် ရေးသားဖေါ်ပြထားသည် ။
အဆိုပါရေးသားမှုနှင့် ပတ်သက်၍ အစိုးရတပ်မတော်သည် NCA စာချုပ်ပါ အချက် အခန်း ၃ အပိုဒ် ၅ - (စ) တွင် ‘အဖွဲ့အစည်းတခုနှင့်တခုအကြား ရန်လိုသော ဝါဒဖြန့်ချီမှုများ ၊ မမှန်မကန် သော သို့မဟုတ် ဂုဏ်သိက္ခာကိုညိုးနွမ်းစေသောပြောဆိုမှုများ အသရေပျက်စေသော ထုတ်ပြန်မှုများ အား ပြည်တွင်း၌ သော်လည်းကောင်း ပြည်ပ၌ သော်လည်းကောင်း မပြုလုပ်ဘဲ ရှောင်ကျဉ်ရန် ဆိုသည့် အချက်အား ချိုးဖေါက်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည် ။
အစိုးရတပ်မတော်၏ NCA စာချုပ်အပေါ် ချိုးဖေါက်မှုများအား အမြန်ဆုံးဖြေရှင်းပေးရန် သျှမ်းပြည် တပ်မတော် RCSS/SSA အနေဖြင့် ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော် မတီ JMC- S ၊ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ထံ တရားဝင်တိုင်ကြားသွားမည်ဟုဆိုသည် ။
အစိုးရတပ်မတော်သည် ယခုလဆန်းပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ သျှမ်းပြည် တိုးတက် ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အပါအဝင်၊ ၎င်းတို့နှင့်တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် NCA ချုပ်ဆိုထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA အားလည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် သောကြောင့် သျှမ်းပြည်တောင်ပိုင်း ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးရှောင်ခဲ့ရသည် ။
Tags: News, politic




