အစိုးရတပ် ၊ ဝ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့အကြား စစ်ရေးဘယ်အဆင့်ရောက်
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းလားမြို့နယ်အတွင်း မိုင်းလားတပ်ဖွဲ့ လုံခြုံရေးတပ်စခန်း တွေကို ၎င်းတို့ရဲ့ မဟာမိတ် ဖြစ်တဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကျူး ကျော်သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း အစိုးရတပ်မတော် ကြားဝင်လာတဲ့အတွက် ဝ တပ်ဖွဲ့ နဲ့အစိုးရတပ် တို့အကြား စစ်ရေးတင်းမာမှု ဖြစ်ပွားလာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်လို့ ဒေသခံတွေ နေရပ်က စွန့်ခွါခဲ့ရပါတယ် ။
စက်တင်ဘာလ ၂၈ ရက် ၂၀၁၆ က ဝ တပ်ဖွဲ့ အင်အား အလုံးအရင်းက ၎င်းတို့ မဟာမိတ်နဲ့အတူ ပူး ပေါင်းဂိတ်စခန်းဖွင့်ထားတဲ့ ၀တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းပေါက် - မိုင်းလားထိန်းချုပ်နယ်မြေ ဆီလူး ကြားတပ်စခန်းတွေကို ဝ တပ်ဖွဲ့က သိမ်းပိုက်လိုက်ပါတယ်။ ဒါ့အပြင် မိုင်းလားနယ်ထဲ ကို ဝင်ရောက် လာ ပြီး နောင်ဟုတ်ကျေးရွာမှာ ဂိတ်စခန်းကြီးတခုထောင်လိုက်တဲ့အပြင် မိုင်းလားမြို့ အနောက်ဘက် အထူးဒေသ ၄ နယ်မြေ နှင့် တြိဂံတိုင်းစစ်ဌာနချုပ် နယ်ခြားအနီး မိုင်းလားတပ်စခန်း တွေဖြစ်တဲ့ ပန် မတ်ဖိုင်းဂိတ်၊ စစ်ရေးမဟာဗျူဟာကုန်းဖြစ်တဲ့ လွယ်ကျူဆိုင်း နဲ့ လွယ်ဆမ်ဆုမ် တောင်စခန်းကို သိမ်း ပိုက်လိုက်ပါတယ်။ မိုင်းလားတပ်ဖွဲ့ဝင် ၁၅၁ ဦးကို ဒူးထောက်လက်မြောက်စေကာ လက်နက်ခဲယမ်း တွေ ကို သိမ်းပိုက်လိုက်ပါတယ် ။
ဝ တပ်ဖွဲ့ကနေ ဒီလိုမျိုးလုပ်မယ်ဆိုတာ မိုင်းလားတပ်ဖွဲ့ ထင်မထားမဲ့ပုံမပေါ်ပါဘူး။ ရုတ်တရက်ဘာ လုပ်ရမယ်မှန်းတောင်မသိဘဲ တွေဝေးသွားတဲ့အခြေအနေ ဖြစ်သွားပါတယ်။ ဖြေရှင်းဖို့ မိုင်းလားခေါင်း ဆောင် တောင်းဆိုပေမယ့် ဝ ခေါင်းဆောင်က လက်မခံပါဘူး။ ကွပ်ကဲလာတဲ့ တပ်မဟာမှူး တာ့အိုက်ပန်းနဲ့သာ ဆွေးနွေးဖို့ ဝ ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ၎င်းကလဲ အထက်က လာခိုင်းလို့ အထက်က ညွှန်ကြားချက်မရရင် တပ်ဆုတ်ပြန်မှာမဟုတ်ဘူး ဆိုတဲ့ စကားကိုဘဲ ထပ်ခါတလဲ လဲ ပြောတယ်လို့ ကြား သိရပါတယ် ။
စက်တင်ဘာ ၂၉ ရက်နေ့မှ ရုပ်ရုပ်သဲသဲ စစ်ရေးပြင်ဆင်ကာ ခရီးသွားအစ၊ ဒေသခံအဆုံး ဘုန်းကြီး မကျန် ဟန့်တားပြီး ဖြတ်သန်းသွားလာခွင့်အားလုံးပိတ်ပင်လိုက်ပါတယ်။ ဝ တပ်ဖွဲ့ နဲ့ မိုင်းလား တပ်ဖွဲ့တို့ကြား စစ်ရေးအတင်းမာ ဆုံးအခြေအနေကိုရောက်သွားပါတယ်။ နှစ်ပေါင်းသုံးဆယ်နီးပါး ညီရင်းအစ်ကိုပမာ ချစ်ခင်လက်တွဲလာခဲ့တာ မရှုမလှ မျက်နှာပျက်သွားခဲ့ပါတယ် ။
မိုင်းလား နဲ့ ဝ ချစ်ခြင်းကို ဘယ်သူခွဲ
သုံးသပ်သူအများအပြားကတော့ ညီရင်းအစ်ကိုပမာ နေထိုင်လာတဲ့ ဝ နဲ့ မိုင်းလား ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကြောင့်၊ ဒေါ်အောင်ဆန်းဆုကြည် ဦးဆောင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကြောင့် …. စသဖြင့် ဝေဖန်ကြပါတယ် ။
ဝ နဲ့ မိုင်းလားတပ်ဖွဲ့ဟာ မြန်မာအစိုးရ နဲ့ လုပ်ဆောင်ရမယ့်လုပ်ငန်းတိုင်း တိုင်ပင်ဆွေးပြီး နှစ်ဘက် သဘောတူ လုပ်ဆောင်တတ်ပါတယ်။ အများအားဖြင့် ဝ တပ်ဖွဲ့ လုပ်တဲ့ အတိုင်း ၎င်းတို့မဟာမိတ် ဖြစ်တဲ့ မိုင်းလားတတ်ဖွဲ့က လိုက်လုပ်လေ့ရှိပါတယ်။ ထိုအခြေအနေကို အစိုးရ ကိုယ်စားလှယ်တွေက လဲ သဘောပေါက်က ၎င်းတို့အပေါ် ဆက်ဆံရေးကို အခြေအနေအရ ကြည့်ရှုပြီး ဆက်ဆံရပါတယ် ။
၂၀၁၁ ခုနှစ်တုန်း ငြိမ်းချမ်းရေးလက်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကမ်းလှမ်းတုန်းက ဝ က စက်တင်ဘာ ၆ ရက်နေ့မှာလက်မှတ်ရေးထိုး ပြီး မိုင်းလားတပ်ဖွဲ့က စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်ထောင်စု အဆင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကိုတော့လက်မှတ် မရေးထိုးလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာ တခါတည်း ပါဝင်လိုတဲ့ဆန္ဒရှိပါတယ်။ ဒီအခြေအနေကို အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ က လက်မခံ သလို လူထု ရွေးကောက် တင်မြောက်ထားတဲ့ NLD အစိုးရကလဲ လက်မခံပါဘူး ။
NLD အစိုးရ ဦးဆောင်ကျင်းပတဲ့ ၂၁ ရာစု ပင်ညီလာခံ ပထမ အကြိမ် မကျင်းပမီ ကတည်းက လက်မှတ် မထိုးသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ လက်မှတ်ထိုးဖို့ NLD အစိုးရ က တိုက်တွန်းပါ တယ်။ ဒီကိစ္စ အပေါ် ၀ က တော်တော်လေးကို စိတ်ပျက်ပုံရပါတယ်။ အဲဒီညီလာခံကို တက်ဖို့ ကိုယ်စားလှယ် စေလွတ်ရာ မှာလဲ မြို့နယ်အဆင့်ဆက်ဆံရေးမှူးကို ကိုယ်စားလှယ်အဖြစ်သာ စေလွတ်ပါတယ်။ မိုင်းလားက တော့ ခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင် ဦးဆောင်ပြီး ယဉ်ကျေးအကအဖွဲ့တွေနဲ့ အင်အားအလုံးအရင်း တက်ရောက်အားပေးပါတယ် ။
ဝ တပ်ဖွဲ့ ကိုယ်စားလှယ်မှာတော့ ညီလာခံ ကျင်းပရေး ကော်မတီတို့ နဲ့ နားလည်မှု လွဲမှားပြီး ညီလာခံကနေ ဖျာလိပ်တပ်ခေါက်ပြန်ပါတယ်။ မိုင်းလား ကိုယ်စားလှယ် အဖွဲ့ကတော့ ၎င်းတို့နဲ့ အတူ မပြန်ပဲ ညီလာခံ ဆက်တက်နေတဲ့အပြင် လာမယ့်ညီလာခံအတွက် ဖြစ်မြောက်ရေး ကော်မတီ မှာတောင်ပါဝင်လိုက်ပါသေးတယ်။ ဒီအခြေအနေကို ဝ ခေါင်းဆောင် ကိုယ်တိုင် လုံးဝ နှစ်မြှို့ပုံမပေါ် ပါဘူး ။
နေပြည်တော်မှ ပြန်လာတဲ့ မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင်ကလည်း ငြိမ်းချမ်း ရေးအ ကြောင်း ၊ နေပြည်တော်အကြောင်း တွေကို ဒေသခံ လူထုတွေကို လှည့်လည်တွေ့ ဆုံပြီး ရှင်းပြပါ တယ်။ ဒီအကြောင်းကို ဝ ခေါင်းဆောင်က ပိုပြီး အမျက်ကြီးလာပုံပေါ်ပါတယ်။ ဒါ့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံအပြီး ရက်ပေါင်း ၃၀ မပြည့်ခင်မှာဘဲ ခေါင်းဆောင်ဖြစ်သူ ဦးပေါက်ယူချမ်းကိုယ်တိုင် စီစဉ်ညွှန်ကြားပြီး ၎င်းရဲ့တူတောင်မောင် ထောင်ထွက် ဦးပေါက်အိုက်ပန်းကို တပ်ကဲအဖြစ် ခန့်အပ်ပြီး မိုင်းလားတပ်ဖွဲ့ရဲ့ အရေးပါတဲ့ တပ်စခန်း တွေကို သိမ်းပိုက်စေခဲ့ပါတယ် ။
မရှုမလှ ‘ဝ’ မျက်နှာပျက်
ဝ တပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး ငွေအားအချမ်းသာဆုံးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး ပန်ဆန်းမှာ နှစ်ကြိမ်တွေ့ဆုံနိုင်အောင် ကမကထ ပြုခဲ့ပါတယ်။ တပ်ဖွဲ့ငယ်တွေကလည်း ၎င်းတို့အပေါ် မှီခိုအားထားလာပါတယ်။ ဝ တပ်ဖွဲ့ရဲ့ ပြီးပြည့်စုံနေမှုကို အားကျပြီး ပြည်နယ်သစ်တဖွားဖွား ထူထောင်လိုစိတ်ရှိတဲ့ တပ်ဖွဲ့တွေက ၎င်းတို့ကို ပိုမိုထောက်ခံလာပါတယ် ။
“ ဒီလိုတော့မလုပ်သင့်ဘူးကွာ၊ သူတို့က ညီအစ်ကိုအရင်းပမာ ကူညီရိုင်းပင်းလာကြတာ။ အခုက မဟာမိတ်အခွင့်အရေးကို အခွင့်ကောင်းယူပြီး မိုင်းလားပေါ် လုပ်တာတော့ ကျနော်တို့ တော်တော် စိတ်ပျက်တယ်” - လို့ ဝ တပ်ဖွဲ့ နဲ့ ရင်းနဲ့ တဲ့ ခေါင်းဆောင်ပိုင်းတဦးက ပြောပါတယ် ။
မြန်မာ့တပ်မတော် ကြားဝင်စွက်ဖက်
UWSA ‘ဝ’ တပ်ဖွဲ့ နဲ့ မိုင်းလားတပ်ဖွဲ့ NDAA-ESS တို့ဟာ တကယ့်မဟာမိတ်ကောင်းတွေပါလို့ တပ်မ တော်က မှတ်ထားပုံပေါ်ပါတယ်။ စစ်ရေးမဟာဗျူဟာအရ ၎င်းတို့ ပြိုကွဲစေဖို့ သပ်လျှိုဖြိုခွဲမှုတွေ အမျိုး မျိုး လုပ်လာခဲ့တဲ့အထဲမှာ ဒီတခေါက် အ အောင်မြင်ဆုံးလို့ တိုင်းရင်းသားခေါင်းဆောင် တချို့က ဝေဖန်ပါတယ် ။
‘ဝ’ တပ်ဖွဲ့ ကနေ မိုင်းလားတပ်ဖွဲ့ ရဲ့ တပ်စခန်းကို အင်အားအလုံးအရင်းနဲ့ ချီတက်သိမ်းပိုက်တယ် ဆိုတာ ဟုတ်ပါရဲ့လား လို့ တွေးဆပုံပေါ်ပါတယ်။ မိုင်းလား တပ်စခန်းကို ဝတပ်ဖွဲ့သိမ်းပိုက်တာ တလပြည့်ခါနီး ၇ ရက် အလိုမှ အောက်တိုဘာ ၂၁ ရက်နေ့ရောက်မှ ဝ နဲ့ မိုင်းလား တင်းမာမှုကို ကြားဝင်ဖြန်ဖြေပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်စားလှယ်တော် ဒေါက် တာတင်မျိုးဝင်းက နေတောင်းဆိုပါတယ်။ ဒါကို ဝ ဘက်ကလက်မခံပါဘူး။ မိုင်းလားတပ်ဖွဲ့ကလည်း လက်ရှိအနေ အထားအရ တွေ့ဆုံဖို့မဖြစ်နိုင်သေးဘူးလို့ အကြောင်းပြန်ပါတယ် ။
ဝ တပ်ဖွဲ့ရဲ့ အာခံမှုကို တန်ပြန်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၂၂ နဲ့ ၂၃ မှာ တပ်မတော် ကနေ MI 35 အမျိုးအစား စစ်ရဟတ်ယာဉ်တွေ၊ MIG 29 အမျိုးအစား ဂျတ်ဖိုက်တာတွေ ဝ တပ်ဖွဲ့ ထိန်းချုပ် တပ်စခန်းပေါ်သို့ ပျံဝဲကာ စစ်ရေးပြခဲ့ပါတယ်။ တပ်မတော် ရဲ့ အပြင်းထန်ဆုံး စစ်မိန့်ကတော့ အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ဝ တပ်ဖွဲ့တွေအားလုံး ကျူးကျော်အခြေချထားတဲ့ မိုင်းလားတပ်ဖွဲ့ရဲ့ တပ်စခန်းကနေတပ်ဆုတ်ပါလို့ ညွှန်ကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ အင်အားအလုံးအရင်းဖြည့်ကာ ဝ တပ်ဖွဲ့ကို ခြိမ်းခြောက်လိုက်ပါတယ်။ မိုင်းလားနယ်မြေ အတွင်း ဝင်ရောက်နိုင်တဲ့ ဂိတ်စခန်းအားလုံးကိုလဲ မည်သူမျှသွားလာခွင့်မပေးဘဲ ပိတ်ပင်ဟန့်တား လိုက်ပါတယ် ။
ဒါပေမယ့် ဝ တပ်ဖွဲ့ ကတော့ မြန်မာ့တပ်မတော်ရဲ့ တောင်းဆိုချက်၊ ညွှန်ကြားချက်ကို ဘာဆိုဘာမှ မတုန့်ပြန်ပဲ ၊ ၎င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေ နေရာအနှံ့ တပ်လှန့်ကာ စစ်ရေးအသင့်အနေ အထား ပြင်ဆင် လိုက်ပါတယ်။ ၎င်းတို့ ထိန်းချုပ်ထားတဲ့ မိုင်းလားတပ်ဖွဲ့ရဲ့ တပ်စခန်းကနေလဲ နေ့စဉ်နဲ့ အမျှ သေနတ်ကြီးငယ် ပစ်ဖေါက်စမ်းသပ်ပြပါတယ်။ တပ်မတော်ကနေ တပ်ဆုတ်ပေး မလား မဆုတ်ဘူး လား ဝ တပ်ဖွဲ့ဘက်က ညွှန်ကြားထားသူ ဖြစ်သည့်အလား စစ်မြေပြင်မှာ ပြောင်းပြန်အခြေအနေဖြစ် သွားပါတယ် ။
တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းပေး
မိုင်းလား နဲ့ ဝ တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှု၊ မြန်မာအစိုးရတပ်မတော် နဲ့ ဝ တပ်ဖွဲ့ကြား စစ်ရေး တင်းမာ မှုတွေကို တရုတ်က နှစ်သက်ပုံမပေါ်ပါဘူး။ အောက်တိုဘာလ ၂၇ - ၂၈ မှာ မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်နဲ့ ဝ တပ်ဖွဲ့ခေါင်းဆောင်တွေကို စီးမေါဝ့်မြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ထို့အတူ တပ်မ တော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလဲ တရုတ်ပြည်ကို အထူးဖိတ်ကြား လိုက်ပါ တယ်။ အောက်တိုဘာ ၂၈ ကနေ နိုဝင်ဘာ ပထမပတ်အထိ ၇ ရက် ထက်မနည်းသွားရောက်ခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ‘ဝ‘ အရေးအပါ အဝင် နယ်စပ်အရေးတွေလဲ ဆွေးနွေးခဲ့တယ်လို့ သိရပါ တယ် ။
‘ဝ’ အရေး နဲ့ ပတ်သက်ပြီး နီးစပ်တဲ့ ခေါင်းဆောင်ပိုင်းတဦးက ‘တရုတ်က မြန်မာ့တပ်မတော် ခေါင်း ဆောင် မင်းအောင်လှိုင်ကို ပြောတာက - ဝ နဲ့ မိုင်းလား ကြား ဖြစ်ပွားနေတဲ့ ပြဿနာကို ဝင်မစွပ်ဖက် စေလိုဘူး။ မကြာခင်သူတို့ ဟာသူတို့ ဖြေရှင်းနိုင်လိမ့်မယ် ။ တိုက်ပွဲတွေ ဘာတွေဖြစ် သွားရင် ဒီဘက် မှာလဲ သူတို့နဲ့တူတဲ့ လူမျိုးစုတွေရှိတယ်။ သူတို့ သွားမကူဘူးလို့မပြောနိုင်ဘူး - စသဖြင့် ပြောကြား တယ်လို့ ဆိုပါတယ် ။
တရုတ်ရဲ့သဘောထားကတော့ မြန်မာ့တပ်မတော်ကနေ ဝ ကိုတိုက်ဖို့ မီးစိမ်းမပေးဘူး ဆိုတဲ့ သဘော ပါဘဲ ။
ဒီအခြေအနေအပေါ် မြန်မာ့တပ်မတော်က ကျေနပ်ပုံတော့မပေါ်ပါဘူး။ ဒါပေမယ့် အစအစအရာရာ တရုတ်ကို အားကိုနေရသေးလို့ ဆန့်ကျင်အန်တုဖို့ လွယ်ကူတဲ့အလုပ်လဲမဟုတ်တဲ့အတွက် ရှေ့မတိုး နောက် မဆုတ်အခြေအနေမှာ ဖြစ်နေပါတယ် ။
ဖက်ပေါ်ဆူးကျ ဆူးပေါ်ဖက်ကျ
မိုင်းလားနယ်မြေအတွင်း ဝ တပ်ဖွဲ့ နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲ လာဖြစ်မှာကို မိုင်းလားက အထူး စိုးရိမ်ပုံရပါတယ်။ မြန်မာအစိုးရတပ်မတော် နဲ့ ပူးပေါင်းရင်လဲ ဝ နဲ့ ပူးပေါင်းတဲ့ အခြေအနေထက် ပို ဆိုးပြီး ကိုးကန့်ဒေသ အခြေအနေမျိုးဖြစ်မသွားလိုဘူး ။
ဝ ကို မျက်နှာသာပေး ပြန်တော့ လဲ ဒီမိုကရေစီအစိုးရ နဲ့ ဆန့်ကျင်အန်တုတဲ့သူဖြစ်သွားမည်ကို စိုးရိမ် နေပုံရပါတယ်။ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားလို့ “ ဒီမိုကရေစီ အစိုးရ မှာ နိုင်ငံရေး ဆွေးနွေးဖို့” - စစ်အစိုးရ ခေတ်က ပြောထားတဲ့အတိုင်း လူထု ရွေးချယ်ထားတဲ့ ဒီမိုအစိုးရ နဲ့ ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီလို ချဉ်းကပ်ခဲ့လို့ ဝ တပ်ဖွဲ့ နဲ့ အခု လို ပြဿနာ ဖြစ်လာတာလို့ ၎င်းတို့ဖက်က ယုံကြည်ပါတယ် ။
တိုက်ပွဲတောင် မစရသေးဘဲ ဒေသခံလူထု ထွက်ပြေးနေရတဲ့ အနေအထားကို မိုင်းလား ခေါင်းဆောင် က စိတ်မသက်မသာဖြစ်ပုံရနေပါတယ် ။
တိုက်ပွဲဖြစ်ရင် ဘာဖြစ်မှာလဲ
တိုက်ပွဲဖြစ်ရင် လူထုအလူးအလဲခံရမယ်ဆိုတာ မြေကြီးလက်ခက်မလွဲပါဘူး။ အဲဒီ့ထက် ဝ တပ်နဲ့ တိုက်ပွဲ ဖြစ်ရင် …….
ဝ တပ်ဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေက ဧရိယာ ၁၇၀၀၀ စတုရန်းကီလိုမီတာကျယ်ဝန်းပါတယ်။ ကယား ပြည် နယ်က ၁၁၀၀၀ ၊ မွန်ပြည်နယ်က ၁၂၀၀၀ ၊ ဧရိယာ စတုရန်းကီလိုမီတာ ၁၀၀၀၀ ကျော်ကျော်သာ ရှိတဲ့ ရန်ကုန်တိုင်းထက် တဆနီးပါး ကျယ်ဝန်းပါတယ်။ လက်ရှိအနေအထားအရ သီခြားဥပဒေပြု၊ သီးခြားတရားစီရင်၊ သီးခြားအုပ်ချုပ် နေတဲ့ ၀ ဒေသဟာ တရုတ်ဘာသာ၊ စာပေ ကို ရုံးသုံးဘာသာ အဖြစ်အသုံးပြုပါတယ်။ မြန်မာအာဏာပိုင်တွေ ဝ ထိန်းချုပ်နယ်ထဲ ဝင်လိုရင် ဝင်ခွင့် တောင်းရပါ တယ်။ အကြောင်းကြားရပါတယ်။ ပါလာတဲ့ လက်နက်တွေ နယ်ခြားမှာ အကုန်ထား ခဲ့ရပါတယ်။ ဒီအခြေအနေကို မြန်မာ့တပ်မတော်အပါအဝင် မြန်မာအစိုးရပါ ဘဝင်ကျပုံမပေါ် ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀ ခေါင်းဆောင် တို့ ဂျူလိုင်လက နေပြည်တော်မှာတွေ့ဆုံ ရုံးသုံးဘာသာ စာပေကို ဗမာစကား အသုံးပြုဖို့ ဝ ကို တိုက်တွန်းပါသေးတယ် ။
ဝတပ်ဖွဲ့ဟာ ကိုယ်ပိုင်ငွေကြေးသာ ထုတ်လုပ်အသုံးပြုမယ်ဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံနဲ့ သီးခြား ဖြစ်သွားနိုင်ပါတယ် ။
ဒါ့ကြောင့် မြန်မာအစိုးရတပ်မတော် အနေနဲ့ ၀တပ်ဖွဲ့ကို တိုက်ခိုက်မယ်ဆိုရင် တခြားတပ်ဖွဲ့တွေ တိုက်ခိုက်တာထက် အများကြီးချိန်ဆရပါတယ်။ ဝ ဒေသရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြု ပေးသလိုဖြစ်သွားနိုင်တယ်။ မြန်မာ့နိုင်ငံရေးကို တရုတ်က ကြားဝင်စွက်ဖက်လာနိုင်တယ်။ ၀ အရေးက ရရှားနဲ့ ခရိုင်းမီးယား အရေးလိုမျိုးဖြစ်သွားနိုင်ပါတယ် ။
ဒါ့အပြင် ပြည်တွင်းစစ်မီးကြီးဟာလဲ သျှမ်းပြည်ရဲ့ သံလွင်အရှေ့ခြမ်းအားလုံးကနေ မြောက်ပိုင်းဒေသက ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ဆက်စပ်ပျံ့နှံ့သွားဖွယ်ရှိနေပါတယ် ။
ဝ တပ်ဖွဲ့တွေ မိုင်းလားနယ်မြေမှ ဆုတ်ခွာမလား
မြန်မာ့တပ်မတော် စစ်ဗိုလ်ချုပ် တဦးက - မကြာခင်မှာ ဝ တွေ တပ်ဆုတ်ပြန်လိမ့်မယ်- လို့ ပြောပါ တယ်။ စစ်ရေးအကဲခတ်တဲ့ သျှမ်းတော်လှန်ရေးသမားဟောင်းဦးကတော့ ဝ တပ်ဖွဲ့တွေဟာ မိုင်းလား နယ်မြေကို ၂၀၀၉ ကတည်း ရောက်ရှိလာတယ်။ တွင်းထွက်ပစ္စည်းတွေ၊ သစ်တွေ စိတ်တိုင်းကျ ထုတ်ယူနေတယ်။ သူတို့ ဘယ်တော့မှ အပြီးအပိုင်တပ်ဆုတ်မှာမဟုတ်တော့ဘူးလို့ သုံးသပ်ပါတယ် ။
နောက်ဆုံးအခြေအနေ
ယခုနောက်ဆုံးကြားသိရသည့်အခြေအနေက နိုဝင်ဘာ ၈ - ၁၀ ရက်နေ့ အထိ မိုင်းလားခေါင်းဆောင် ကို ယူနန်ပြည်နယ်လုံခြုံရေးအရာရှိက ကူမင်းမြို့မှာခေါ်ယူတွေ့ဆုံတယ်လို့ ကြားသိရပါတယ်။ အဲဒီ အချိန်မှာ လဲ ဝ တပ်ဖွဲ့ခေါင်းဆောင် ဦးပေါက်ယူချမ်းက ကူမင်းမြို့မှာ ကျန်းမာရေးကုသ မှုခံယူနေတဲ့ အချိန်နဲ့လဲတိုက်ဆိုင်ပါတယ်။ မျက်နှာချင်းဆိုင်တွေ့ဆုံပေးမှုတော့မရှိပါဘူး ။
မိုင်းလား ခေါင်းဆောင် နဲ့ တရုတ်အာဏာပိုင် တွေ့ဆုံတဲ့ (8/11/2016) နေ့မှာဘဲ မိုင်းလားနယ်မြေ ရောက် ဝ တပ် ရဲ့ သုံးပုံတစ်ပုံ က ညသန်းခေါင်ကျော်မှာ အင်အားနှုတ်ပြန် တယ်လို့ သိရပါတယ်။ အဲဒီ အထဲမှာလဲ တိုက်ပွဲဝင် သံချပ်ကာကားသုံးစီးလဲပါဝင်တယ်လို့ သီးခြား အတည်ပြု ချက်ရခဲ့ပါတယ်။ ဒါပေမယ့် မိုင်းလားတပ်ဖွဲ့ရဲ့ ခိုဆုန်ဂိတ်၊ နောင်ဟုတ်ဂိတ် နဲ့ လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ ၊ ဝမ့်လမ်း တပ်စခန်းတွေမှာခြေကုတ်ထားစွဲဖြစ်တဲ့အပြင် ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်းနေအရွယ်ရောက် အမျိုးသား အမျိုးသမီးတိုင်း စစ်ပညာမတတ်မနေရ ပြုလုပ်နေပါတယ်။ သေနတ်ကိုင်ဆောင်နိုင် သူတိုင်းကို စစ်မှုထမ်းစေခဲ့လို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်မှုတွေလဲ ရှိနေပါတယ် ။
သံလွင်အရှေ့ခြမ်းအားလုံးအပါအဝင် မိုင်းလားနယ်မြေအနီး ရောက်ရှိအင်အားဖြည့်ထားတဲ့ မြန်မာ့ အစိုးရ တပ်မတော်လဲ တပ်ဆုတ်ပြန်တာတွေမရှိသေးတဲ့ အပြင် ပိတ်ထားတဲ့ ကျိုင်းတုံ - မိုင်းလား ကြား တာ့ပင်းဂိတ်၊ တာ့ပိန်းဂိတ်၊ မိုင်းယောင်း - မိုင်းယုကြားဂိတ်စခန်းတွေ ပြန်လည်ဖွင့်လှစ်ပေး တာမရှိသေးပါဘူး ။
ထိုင်းနယ်စပ် မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်အတွင်းမှာလဲ မြန်မာအစိုးရတပ်မတော်အပါအဝင် ဝ တပ်ဖွဲ့ တို့ လဲ စစ်ရေးလျှော့ချမှု မရှိသေးသော်ငြားလည်း တိုက်ပွဲ ဖြစ်နိုင်လာနိုင်တဲ့ အရိပ်အရောင် မတွေ့သေး ဘူးလို့ ဒေသခံတွေက ပြောပါတယ် ။
Tags: Feature