ဖွံ့ဖြိုးရေးနှင့် ဆက်စပ်တဲ့ ငြိမ်းချမ်းရေး ၊ အဆိုးကျော့ သံသရာလည်ခြင်း
စာရေးသူတို့ ဇာတိ နယ်မြေ အနီးဝန်းကျင်တွင် အဓိက လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့ဖြစ်သည်။ စစ်အစိုးရလက်ထက်ကပင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်း မရှိသည့် RCSS/SSA အဖွဲ့ ၂၀၁၁ ခုနစ် နိုဝင်ဘာလက တစ်ဖွဲ့ချင်းစီအလိုက် အပစ်ခတ်ရပ်စဲရေး ပြုလုပ်မည်ဆိုတော့ စာရေးသူ အနေဖြင့် အနည်းငယ် စိတ်ဝင်စားမိသည်။ ဒေသတွင်း သေနတ်သံ တကယ် တိတ်သွားမလား ။ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်မည်လား ။ ကူးသန်ရောင်းဝယ်မှု လုပ်ငန်းများ ကောင်းမွန်လာကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ပိုမို ဆောင်ရွက်လာနိုင်မည်လား ဆိုသည့် ကိစ္စရပ်အချို့မှာ မျှော်လင့်စရာဖြစ်ခဲ့ပြီး သို့တည်းမဟုတ် ယခင် စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့သည့် အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်များကဲ့သို့ အဆိုးကျော့ သံသရာလည်ကာ သေနတ်သံများပြန်ထွက် အပစ်ခတ်ရပ်စဲရေး ပြန်ပျက် ကဲ့သို့ ကိစ္စများ ပြန်ဖြစ်လာမလားဆိုသည့် ကိစ္စများမှာလည်း တစ်ပါတည်း စိုးရိမ်မိခဲ့သည် ဆိုသည်ကိုတော့ ၀န်ခံရပေလိမ့်မည် ။
အန်စီအေ လက်မှတ်ထိုးတော့လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှာ ဆက်လက်ပါဝင်ခဲ့ သည့် အတွက် သေနတ်သံငြိမ်ရေးအပြင် အခြားသော ဒေသတွင်း ဖွံ့ဖြိုးရေး ၊ ကူးသန်းရောင်းဝယ်မှု လုပ်ငန်း များ အတွက်ပါ အတန်ငယ်မျှော်လင့်ခဲမိပါသည်။ ဒေသတွင်း တည်ငြိမ်မှုရှိမှ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အတူ ကူသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ကောင်းမွန်လာမှသာ သန်းနှင့်ချီသည့် ထိုင်းနိုင်ငံသို့ သွား ရောက် နေကြသူများအတွက် ပြည်တော်ပြန်ရေးအထောက်အကူ ဖြစ်နိုင်မည် မဟုတ်ပေလော။ အကြီးစား ရေအား လျှပ်စစ် စီမံကိန်းများနှင့် လောပိတ အတွက် အရေးပါသည့် မိုးဗြဲဆည် ဘီလူးချောင်းတို့မှာ ရှမ်းပြည်နယ် အတွင်း တည်ရှိနေပြီး ကျိုင်းတောင်းရေအားလျှပ်စစ်ကဲ့သို့ စီမံကိန်းများမှာ ရှိခဲ့သ်ာလည်း ဒေသခံများ လျှပ်စစ်မရခဲ့သည့် ခုနစ်သက္ကရာဇ်များနှင့် စီမံကိန်းများကြောင့် နေရပ်ရွှေ့ပြောင်းရမှုများလည်း ရှိခဲ့သည့်အတွက် စပ်ကြား ဒီမိုကရေစီ စနစ်တွင် လူထုအသံ ပိုမို ထုတ်ဖော်ခွင့်ရလာသည့်နည်းတူ အပစ်ရပ်ရေးနှင့်အတူ ဒေသခံများအတွက် နစ်နာမှု ကင်းဝေးစေမည့် စီမံကိန်းများကိုလည်း အပစ်ရပ်ရေးနှင့်အတူ မျှော်တလင့်လင့် ဖြစ်ခဲ့ပေသည် ။
သို့ကြောင့်လည်း နိုင်ငံရေးအရ ပြဿနာများကို ချက်ခြင်း မဖြေရှင်းသေးနိုင်လျှင်တောင် ဒေသခံများ မိမိနယ်မြေတွင် အေးချမ်းစွာနေထိုင်ခွင့် ၊ မိမိပိုင်ဆိုင်သည့် လယ်ယာမြေများအား မိမိလုပ်ပိုင်ခွင့်ရရေး ၊ ဒေသတွင်း ဖွံ့ဖြိုးရေး ၊ ရင်းနှီးမြှပ်နှံမှုများနှင့် အတူ အလုပ်ကိုင်အခွင့်အလမ်းများပေါ်ပေါက်လာရေး ၊ စီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံများ နစ်နာမှု မရှိစေရေးနှင့် ပြည်သူ မကြိုက်မနှစ်သက် သည့် အငြင်းပွားဖွယ် စီမံကိန်းများ ဖျက်သိမ်းရေးတို့မှာ အပစ်ရပ်ရေးခိုင်မာလာမှုနှင့် အတူ ကျွဲကူးရေပါ ဖြစ်လာစေရန် မျှော်လင့်ခဲ့ပါသည် ။
သို့သော် သေနတ်သံများ ရှမ်းတောင်ဒေသ တစ်ခွင်တွင် လျော့ပါးသွားသော်လည်း RCSS/SSA အပစ်ရပ် ခဲ့သည်မှာ ၅ နှစ်ပြည့်လာသည်အထိ စာရေးသူမျှော်လင့်ထားသည့် အရာများမှာ ယခု အချိန်အထိ တစ်ခုမျှ ထိထိရောက်ရောက်ဖြစ်မလာသေးပါ ။
(၁) ရှမ်းပြည်ပြန်တိုင်း ပိုဆိုးလာတာ တွေ့နေရတဲ့ မူးယစ်ဆေးဝါးနဲ့ ဘိန်းစိုက်ပျိုးမှု ပြဿနာ
စာရေးသူမှာ အလုပ်အကိုင်အခွင့်အလမ်းအရ ရန်ကုန်တွင် နေထိုင်ရသော်လည်း နောက်ပိုင်းနှစ်များအတွင်း အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်နှစ်ကြိမ်တော့ စာရေးသူ ဇာတိဖြစ်သည့် လွိုင်လင်သို့ မဖြစ်ဖြစ်အောင် ပြန်ဖြစ်ခဲ့သည်။ ယင်းအပြင် ဆွေးမျိုး မိတ်သင်္ဂများ ရှိသည့် ရှမ်းမြောက်ဒေသသို့လည်း မကြာခဏ ရောက်ဖြစ် ပါသည်။ စာရေးသူနှင့် နီးစပ်သည့် တောင်ပိုင်း တစ်ခွင်ကိုပင် အဓိကထားပြောပါမည်။ ရှမ်းတောင်တစ်ခွင်တွင် မဲနယ်တောင် ပအိုဝ်းဒေသမှလွဲ၍ ကျန်ဒေသများမှာ ဘိန်းစိုက်ပျိုးမှုများ ရှိခဲ့ဖူးသည်မှန်သော်လည်း စာရေးသူ သတိပြုမိသလောက် ပေါ်ပေါ်ထင်ထင်စိုက်ပျိုးလာမှုများမှာ ယခုနောက်ပိုင်း ၁၀ နှစ်အတွင်းမှ ဖြစ်ပါသည်။
လူမြင်ကွင်းပိုရောက်လာသည်ကတော့ ၂၀၁၀ ခုနစ်နောက်ပိုင်းမှ ဖြစ်သည်။ ဥပမာအားဖြင့် ယခင်က မော်တော်ကားလမ်း မျက်နှာစာ တောင်များတွင် ဘိန်းကို စိုက်ပျိုးလေ့မရှိသော်လည်း ယခုအခါ ကားလမ်းမျက်နှာစာရှိ တောင်များတွင်ပါ စိုက်ပျိုးမှု များပြုလုပ်လာသည်ကို မြင်တွေ့ရသည်။ ကားလမ်းနှင့် ကပ်လျက် တောင်များတွင် စိုက်သည့် အနေထားမဟုတ်သော်လည်း ခပ်လှမ်းလှမ်းမှ ကြည့်ပါက တောင်ထိပ်တွင် ကွက်စိပ်ကွက်စိပ် ဖြစ်နေပြီဆိုလျှင် မုချ ဘိန်းစိုက်ခင်းသာ။ စိုက်ပျိုးသီးနှံများ စီးပွားမဖြစ်သည့်အတွက် ယာယီ အစားထိုးအနေဖြင့် ဘိန်းစိုက်ပျိုးမှုအား နားလည်ပေး၍ ရသော်လည်း ယခု ဘိန်းစိုက်ပျိုးမှုမှာ ယခင်ခေတ်ကာလတုန်းကလို မရိုးရှင်းပါ။ ယခင်ခေတ်ကာလများက ဘိန်းစိုက် ဘိန်းခြစ်ပြီးပါက မိမိတို့ ဘိန်းမည်းကို ထိုင်းနယ်စပ်တွင် သွားရောင်းဆိုသည့် ကိစ္စမှာ သမားရိုးကျ ကိစ္စသာ။ ယခုခေတ်တွင်တော့ ယင်းကဲ့သို့ မဟုတ် ။ ဘိန်းဝယ်သူ ကိုယ်တိုင် စိုက်ခင်းထဲလာကောက်သည့်ခေတ်။ စိုက်ပျိုးသူတောင်သူများကို ငွေကြိုထုတ်ပေးပြီး ဘိန်းဖိုးရှင်းသည့် အခါ ငွေနှင့်ပင် မဟုတ်သော်ပဲ ဘာဒါ စနစ်ကဲ့သို့ ငွေကြေးအစား စိတ်ကြွဆေးပြားများဖြင့် ပေးချေမှု ခေတ်စားလာသောခေတ်ပင် ဖြစ်နေပြီဟု ဒေသခံများက ဆိုကြသည် ။
ယခင်ခေတ်အခါများက တောင်သူများမှာ ဘိန်းရောင်းပြီးလျှင်နယ်စပ်မှ ပြန်ဆိုသည့် နေရာတွင် ယခုအခါ မိမိ စိုက်ခင်းထဲတွင်ပင် ငွေအစား စိတ်ကြွဆေးပြားပေးချေသူများကြောင့် ငွေလိုပါက ပြန်လည်ရောင်းချရသည့် အတွက် ဖြန့်ဖြူးသူ ဖြစ်မှန်းမသိဖြစ်လာသည်ဟု မိုင်းရယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က အလဲဗင်းမီဒီယာသို့ ပြောဆိုခဲ့ဖူးသည်။ ဆိုခဲ့ပါ ကိစ္စများမှာ ယခု အစိုးရသစ် လက်ထက်အထိ ရှမ်းပြည်နယ်အတွင်း နောက်ပိုင်းကာလများတွင် ဖြစ်နေကျ ဖြစ်စဉ် တစ်ရပ်သာဟု ဆိုကြပါသည် ။
ဝမ်းရေးအတွက် ဘိန်းစိုက်သည့် တောင်သူများမှာ ဖြန့်ုဖြူးရောင်းချသူ ၊ သုံးစွဲသူ အချိန်မရွေးဖြစ်နိုင်သည့် သဘောပင်။ ဦးခွန်ဆာလက်ထက် အထိ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုမှာ ယခုလောက်တော့ ဆိုးဆိုးဝါးဝါးမဖြစ်ဟု ရှမ်းအရေးလေ့လာသူများက ဆိုကြသည်။ သို့သော် အချက်လက် အတိအကျ မသိရပါ။ ဦးခွန်ဆာမှာ ဘိန်းဖြူအား ပြည်ပပို့ရန်သာ အဓိကထားခဲ့ပြီး MTA လှုပ်ရှားခဲ့သည့် ကာလများတွင် ဘိန်းစား ရွာသားများမှာ ရွာတွင် မနေနိုင်အောင် စည်းကမ်းတင်းကျပ်ခဲ့သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။
ယခု အစိုးရသစ် တက်သည့် ၂၀၁၆ ခုနစ်တွင်တော့ WY ကဲ့သို့ ဆေးပြားဈေးနှုန်းများမှာ လက်လီဈေး ကွက် တွင်ပင် တစ်ချို့နေရာများတွင် တပြား ၅၀၀ ၊ တစ်ချို့နေရာများတွင် ၅၀၀ ဖိုး ၂ ပြား ၃ ပြားဖြစ်လာ သည်ဟု ဒေသခံများက ဆိုကြသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနစ်လောက်ကပင် လက်လီဈေးကွက်တွင် တပြား ၁၅၀၀ ၊ ၂၀၀၀ ခန့် ကျသင့်သည့် ဈေးနှုန်းမျိုး ရှိနေခဲ့သေးသည်။ မည်သည့်အတွက်ကြောင့် ယင်းပမာဏအထိ ဈေးပေါ လာ သည်မှာ စဉ်းစားစရာပင်။ ပင်လုံဒေသခံ စိုင်းဇော်က ‘ အခုဆိုရင် ဈေးပေါလွန်းလို့ တစ်ချို့ အရက် သောက်နေကြ လူတွေတောင် ဆေးပြားပြောင်းသုံးကုန်သလို တွေ့လာရတယ်။ တော်တော်ဆိုးဆိုးပဲ ။ ‘ ဟု ပြောပါသည် ။
RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အစိုးရနှင့် တစ်ဖွဲ့ချင်းစီ အပစ်ရပ်စဲထား ကတည်းက သဘောတူထားခဲ့သော်လည်း လွန်ခဲ့သည့် လအတွင်းက မိုင်းကိုင်ရှိ RCSS/SSA ၏ ဘိန်းဖြတ်စခန်းတစ်ခုအား တပ်မတော် တပ်ရင်းမှ ၀င်တိုက်ခဲ့သည်ဟု သတင်းမီဒီယာ အချို့တွင် ဖော်ပြ ထားပါသည်။ RCSS/SSA တာဝန်ရှိသူများကလည်း မူးယစ်တိုက်ဖျက်ရေးအတွက် အပစ်ရပ်ရေး စာချုပ်တွင် သဘောတူထားခဲ့သော်လည်း ဖွံ့ဖြိုးရေးအစီစဉ်များနှင့် အတူ အဆိုပါ အချက်မှာ အကောင် အထည်ဖော်မှု အားနည်းသည့် အချက်ဖြစ်နေကြောင်း အစိုးရဘက်သို့ RCSS/SSA တာဝန်ရှိသူ တစ်ဦးက ပြစ်တင်ပြောဆိုပါသည်။ သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းက စိုက်ပျိုးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရန် မြေဧက ၅၀၀၀ ခန့်ကို အစိုးရက ပေးမည်ဟု သဘောတူခဲ့သော်လည်း တပ်မတော်က အန်စီအေ ထိုးပြီးမှ ပေးမည်ဟု ပြောသည့်အတွက် မရခဲ့သလို ယခု အန်စီအေ ထိုးပြီး တစ်နှစ်ပြည့်လာသည်အထိလည်း မရဟု ဆိုပါသည်။ ယင်းအပြင် ဖွံ့ဖြိုးရေးနှင့် ကုန်သွယ်မှုအတွက် နယ်စပ်ဂိတ်စခန်းဖွင့်လှစ်နိုင်ရန် ထိုင်းနယ်စပ် မုးံထော့ မုံးထားဒေသတွင် နယ်မြေသတ်မှတ်ပေးမည် ဆိုခဲ့သော်လည်း ဆိုခဲ့ပါ ကိစ္စမှာ ဖြစ်မြောက်မလာခဲ့ပေ ။
နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်မှီ တပ်ဖွဲ့ဝင်များ ကျွေးမွေးရေးကိစ္စများလည်း ရှိပေရာ တပ်ဖွဲ့ဝင်များအတွက် အခွန်ကောက်၍ ကျွေးမွေးခြင်း (သို့မဟုတ် ) တခြား တရားမဝင်နည်းလမ်းများဖြင့် ငွေကြေးရှာဖွေစေရန် တွန်းအားပေးသကဲ့သို့ပင် ဖြစ်နေပေသည် ။
မူးယစ်ဆေးဝါးနှင့် ဘိန်းစိုက်ပျိုးမှုပြဿနာမှာ ဒေသတွင်း ဖွံ့ဖြိုးမှု တရားဥပဒေစိုးမိုးမှုတို့နှင့် ပတ်သက်သည့် ကိစ္စဖြစ်သည့်အတွက် အားလုံးဖြေရှင်းရန် တာဝန်ရှိသည်ဟု ယျေဘူယျ ကောက်ချက်ချမိသည်။ ဒေသတွင်း ပြည်သူ့စစ်များမှာလည်း စီးပွားအင်အား လူအင်အားပါ ဆက်လက်များပြားနေဆဲပင်။ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် လားဟူ အဖွဲ့အစည်း၏ မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်မှ ဖွဲ့စည်းပေး ထားသည့် သံလွင်အရှေ့ဘက်ရှိ ပြည်သူ့စစ်အဖွဲ့များသည် တောထဲ`၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အလွန် အကျွံပြုလုပ်နေသည်ဟု ဖော်ပြထားပါသည်။ လွယ်မော်ပြည်သူ့စစ်မှ တဆင့် ဘိန်းဘုရင် ခွန်ဆာ ၊ ကိုးကန့် ပြည်သူ့စစ်မှ ဘိန်းဘုရင် လော်စစ်ဟန်တို့ ပေါ်ထွက်ခဲ့ဖူးသည့်အတွက် ယင်းကဲ့သို့ ကိစ္စများကို သင်ခန်းစာ ဆက်ယူ မယူဆိုသည်မှာ လက်ရှိ ပြည်သူ့စစ်အဖွဲ့များနှင့် မူးယစ်ဆေးဝါးအဆက်အစပ် သတင်းထုတ်ပြန်ချက် များက သံသယဝင်စေပါသည်။ထို့အပြင် မူးယစ်ဆေးနှင့် ပတ်သက်၍ ကမ္ဘာကျော်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့လည်း ရှမ်းပြည်တွင် ရှိနေပါသေးသည် ။
(၂) ဒေသတွင်း ကူးသန်းရောင်းဝယ်မှုကျဲပါး ၊ ထိုင်းသို့ ရွှေ့ပြောင်းသူများ ရှိနေဆဲ
ဘိန်းစိုက်ကြသည်လည်း မပြောနှင့် စိုက်ပျိုးသီးနှံများမှာလည်း ဈေးကောင်းမရကြပါ။ ဘိန်းသည်ပင်လျှင် ဈေးကျသည့်နှစ်များ ၊ အခင်းပျက်သည့် နှစ်များနှင့် ကြုံပါက ရှုံးကြသည်ဟု ဆိုကြသည်။ RCSS/SSA၏ အပစ်ရပ် ၅ နှစ်တာကာလအတွင်း ရှမ်းအရှေ့နှင့် ရှမ်းတောင်ဒေသတစ်ခွင် ဒေသခံများ၏ အခြေနေကို ပြန်ကြည့်မည်ဆိုလျှင် ယခင်ခေတ်များကဲ့သို့ စစ်ဘေးကြောင့် နေရပ်ရွှေ့ပြောင်း အခြေချမှုများ သိပ်မရှိတော့ သော် လည်း စားဝတ်နေရေး ရပ်တည်ရေးအရ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရမှုများ များပြားေ နဆဲပင် ။
‘ ထိုင်းထွက်သွားသူတွေ ပြန်မလာကြတဲ့အပြင် ထပ်ထွက်နေကြသေးတယ်။ ‘ ဟု သျှမ်းဘာသာဖြင့် ထုတ်ဝေသည့် သျှန်ပိုင်း ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ စိုင်းဇင်က ပြောသည်။ သို့သော် ၂၀၁၄ ခုနစ် သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်၏ လူဦးရေအရ ခန့်မှန်းထားသည့် ၅ သန်းခန့်ထက် ၁ သန်းပင် တိုးလာနေသေးသည် ။
နှစ်နှစ်အတွင်း လူဦးရေ ၃ သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရဖူးသည့် ကွန်ဟိန်း ၊ ကာလိ ၊ ခိုလမ် ၊ မိုးနဲ အစရှိသည့် ဒေသများတွင် တပ်မတော် တပ်ရင်းများ အလုံးအရင်းရောက်ရှိလာမှုနှင့်အတူ လူဦးရေက လျော့မသွားပါ။ မြန်မာ တပ်မတော် တပ်ချုပ်၏ အန်စီအေ တစ်နှစ်ပြည့်မိန့်ခွန်းတွင်- ‘ရှမ်းပြည်နယ်မှာဆိုရင် လူဦးရေ ၅၈ သိန်းကျော် ပျံ့နှံ့ နေထိုင်လျက်ရှိပြီး လူဦးရေအချိုးမှာ ရှမ်း ၃၅.၂၃ ရာခိုင်နှုန်း၊ ဗမာ ၁၁.၄၄ ရာခိုင်နှုန်း၊ ပအိုဝ့် ၈.၉၄ ရာခိုင်နှုန်း၊ ပလောင် ရ.၀၆ ရာခိုင်နှုန်း၊ “၀” ၆.၄၁ ရာခိုင်နှုန်း၊ ဓနု ၄.၄၆ ရာခိုင်နှုန်း၊ ကိုးကန့် ၃.၂၂ ရာခိုင်နှုန်း၊ လားဟူ ၄.၀၅ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၂.၃၅ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများအနေနဲ့ ၁၆.၈၄ ရာခိုင်နှုန်း ရောနှောနေထိုင်ကြတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ‘ ဟု ထည့်သွင်းပြောဆိုခဲ့ခြင်းမှာ ဗမာပင်များနေပြီဟူ၍ အဓိပ္ပာယ်ကောက်ပါက ကောက်ယူ၍ ရနိုင်သော အနေထားပင် ။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ ထိုင်းနိုင်ငံနှင့် နီးသည့်အတွက် ခရီးသွားလုပ်ငန်း ၊ ကုန်သွယ်ရေးလုပ်ငန်းများမှာ ဖြစ်ထွန်းနိုင်သည့် လုပ်ငန်းများ ဖြစ်နေသော်လည်း ယခုအချိန်အထိ တောင်ကြီးမြို့မှ အရှေ့ဘက် ၂၅ မိုင်ခန့် ကျော်လျှင်ပင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိပါ။ သမိုင်းဝင် ပင်လုံ ၊ မိုင်းပွန် ၊ လွိုင်လင်၊ သံလွင်မြစ်ဝှမ်း ကျွန်းတစ်ထောင် ကွန်ဟိန်းကဲ့သို့ ဒေသများနှင့် ထိုင်းနိုင်ငံနှင့် ရှေးယခင်က တည်းက ဆက်စပ်မှုရှိခဲ့သည့် ထိုင်းဘုရင် နရေ့ ( ဘုရင့်နောင်၏ ဟံသာဝတီ နန်းတော်တွင် ကွယ်ကွယ် လွန်ခဲ့ရာ ) မိုင်းပန် ဒေသများမှာ သေနတ်သံငြိမ်း၍ အေးချမ်းသာယာလှသည့် တောင်ပေါ်ရှူခင်းများနှင့်အတူ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်သည့် ဒေသများဖြစ်သော်လည်း ယခုအချိန်ထိ နိုင်ငံခြားသားများ သွားလာခွင့်မရှိ သည့် နယ်မြေများဖြစ်နေသည်။ ရှမ်းအရှေ့ တာချီလိတ်မှလွဲ၍ ထိုင်းမြန်မာနယ်စပ်တစ်လျှောက် အာစီအက်စ် အက်စ် လှုပ်ရှားရာ ဒေသများတွင်လည်း မည်သည့် တရားဝင် ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များ ဖြစ်မလာ သေး ပေ။ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းအခြေနေမှာလည်း ကူးသန်းသွားလာဖွံ့ဖြိုးမှုအပေါ် မူတည်သည့်အတွက် နည်းပါးနေဆဲဖြစ်သည်။ ဆိုခဲ့ပါ အခြေနေတွင် ကူးသန်းသွားလာမှု နည်းပါးနေသေးပြီး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရမှုများဆက်လက် ရှိနေခြင်းမှာ မဆန်းပါ။ ဒေသခံများ စိုက်ပျိုးသည့် ပြောင်း ၊ ဖရဲ ၊ ဂေါ်ဖီ စသည့် သီးနှံများမှာလည်း ယခုနှစ်တွင် အရှုံးကြီးရှုံးနေကြသည် ။
(၃) လယ်ယာမြေ တရားဝင် ပိုင်ဆိုင်ခွင့် ၊ နိုင်ငံသားမှတ်ပုံတင် ကိစ္စများနှင့် အငြင်းပွားဖွယ်စီမံကိန်းတွေ
မြန်မာနိုင်ငံတဝှမ်း မြေသိမ်းမှု လယ်သိမ်းမှုတွေ မြောက်မြားစွာဖြစ်ခဲ့သည့် နည်းတူ ရှမ်းပြည်နယ်ကဲ့သို့ ရေခံ မြေခံကောင်းမွန် သတ္တူသယံဇာတနှင့် သဘာဝ အရင်းအမြစ်များ ပေါများသည့် ဒေသတွင်လည်း မြို့တိုင်း ရွာတိုင်းတွင် မြေသိမ်းမှုများမှာ ပေါ်ပေါက်ခဲ့သည်သာ ။ ၂၀၁၅ ခုနစ် အောက်တိုဘာလအထိ မြေဧက ၅ သောင်း ၈ ထောင်ကျော်ကို ပြန်ပေးပြီးပြီဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ တဖန် အန်အယ်လ်ဒီ အစိုးရ တက်စတွင် မြေဧက ၄ သောင်းကျော်ကို ဒေသခံများထံ ပြန်ပေးမည်ဟု ရှမ်းပြည်နယ်အစိုးရမှ ပြောကြောင်း မီဒီယာ အချို့တွင် ဖော်ပြထားသည်။ သို့သော် ယနေ့ အချိန်အထိ မည်မျှပြန်ရပြီဆိုသည်ကို မည်သူမျှမသိရ။ ပွင့်လင်းမြင်သာမှုလည်း မရှိခဲ့။ အခြားဒေသများကဲ့သို့ မူလ ပိုင်ရှင်းများ ပြန်မရသည့် ဖြစ်ရပ်များလည်း ရှိကောင်းရှိနိုင်သည် ။
ထို့အပြင် ရှမ်းပြည်နယ်တွင် ပီအန်အိုကဲ့သို့ ပအိုဝ်းပြည်သူ့စစ်များက မြေဧက ထောင်ချီ သိမ်းထားမှုများ ရှိခဲ့သည်ဟု မကြာသေးခင်ကမှ အန်အယ်လ်ဒီ ပါတီမှ ထုတ်ပယ်ခံရသူ တောင်ကြီးမြို့မှ ဦးတင်မောင်တိုးက ပြောသည်။ မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဒုသမ္မတ ဦးဆောင်သည့် အမျိုးသား မြေယာမူဝါဒ ကော်မတီ အစည်းအဝေးတွင် မြေယာနှင့် ပတ်သက်၍ အမှုပေါင်း ၂၀၀၀ ကျော် တိုင်ကြား စာရရှိသည့်အနက် အမှုပေါင်း ၂၀ ကျော်သာ ရှင်းလင်းရသေးကြောင်း နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့သည်။ ဥပမာအားဖြင့် မိုးဗြဲဒေသတွင် တပ်သိမ်းမြေနှင့် ပတ်သက်၍ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲမှာ သက်သေပင်။ အဆိုပါ မြေများကို ယခင်ကတည်းက စွန့်လွတ်ခိုင်းသယောင် အသံများထွက်ခဲ့သော်လည်း တောင်သူများ မရသဖြင့် ဆန္ဒပြခြင်း သာ။ ၂၀၁၂ ခုနစ် လယ်ယာမြေ ဥပဒေအရ ပုံစံ (၇) လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များ ထုတ်ပေးခဲ့သည် ဆိုသော်လည်း မြေပိုင်ဆိုင်သည့် တောင်သူတိုင်းလက်ထဲတွင် အဆိုပါ လုပ်ပိုင်ခွင့် လက်မှတ်ရှိမနေဟု ရှမ်းပြည် နယ်တောင်ပိုင်းမှ မြေယာအရေး လှုပ်ရှားဆောင်ရွက်သူဖြစ်သည့် ကိုမိုးက ပြောသည်။ ယင်းသို့ လက်မှတ်များ မရရှိမှုမှာ အစိုးရဌာနများမှ လုပ်ဆောင်မှု ကြန့်ကြာနေ၍လားဆိုသည်မှာလည်း မပြောတတ်တော့။ သို့သော် တောင်သူများ လုပ်ပိုင်ခွင့် လက်မှတ်မရသေးမှီ စီမံကိန်းများ စတင်ရန် တာစူနေမှုမှာ ဒေသခံများအတွက် နစ်နာစေမည့် ကိစ္စပင်ဖြစ်သည်။ ဥပဒေကြောင်းအရဆိုလျှင် လက်မှတ်မရှိသူမှာ စီမံကိန်းကြောင့် မြေပါ သွား သည်ဆိုပါက လျော်ကြေးရရန်ပင် အခွင့်အရေးနည်းလှပါသည်။ ယင်းအပြင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရ၏ မြေယာမူဝါဒမှာ ရှင်းလင်းပြတ်သားမှု မရှိသလို ဖက်ဒရယ်စနစ်အတွက်ပါ အဆင်သင့်မဖြစ်ဟု မြေယာ စီမံခန့်ခွဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူဖြစ်သည့် ဦးဝင်းမျိုးသူက ၄င်း၏ ဖေ့ဘုပ်မှတဆင့် အစိုးရ အားဝေဖန်ထားသည်။ တိုင်းရင်းသား စစ်ရေး နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် မစားရဝမခန်း နိုင်ငံရေး ၊ စစ်ရေးကိစ္စကိုသာ အဓိကထားနေသော်လည်း ဒေသခံများ၏ အသက်သွေးကြောဖြစ်သည့် မြေယာပိုင်ဆိုင်မှုကဲ့သို့ ကိစ္စများတွင် အနည်းငယ် ခြေလှမ်းတုံ့နှေးနေသည်ဟု ၂၁ ပင်လုံတွင် မြေယာမူဝါဒ စာတမ်း သိပ်မပါသည်က သက်သေပင် ။
(၁) NLUP ( အစိုးရ မြေယာ စီမံခန့်ခွဲမှု ကော်မတီ ) ဟာ မူဝါဒလို့ဆိုပေမဲ့ ဘယ် issue တွေဟာ sustainable land use အတွက် ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာ ရေးမထားဘူး။ ဆိုလိုတာ နေမကောင်းတာကို ဆေးကုမယ် ဘာရောဂါလဲဆိုတာတော့ မပြောဘူးဖြစ်နေပါတယ်
(၂) မြေယာစီမံခန့်ခွဲမှု အခွင့်အာဏာကို ဘယ်လို ခွဲဝေမယ်ဆိုတာလုံးဝမပါဘူး။ ဗဟိုရဲ့ အာဏာကိုသာ အားကောင်းသထက်အားကောင်းလာအောင် one map လို technical နည်းလမ်းနဲ့ အားဖြည့်ထားတဲ့ အန္တရာယ်ရှိနေတယ် ။
(၃) မြေယာမဲ့ landless ကို ဘယ်လိုဖြေရှင်းမလဲ မပါဘူး
(၄) မြေလုယူခြင်း မြေဦးခြင်း land grabbing ကိစ္စတွေကို ဖြေရှင်းဘို့ အခြေခံမူ နဲ့ မူဝါဒလမ်းညွှန်မပါဘူး
(၅) မြေယာ စီးပွား ဖွံ့ဖြိုးရေးအတွက် ဘယ်လို အခွန် စနစ်ပြဌာန်းမယ်ဆိုတဲ့ အခြေခံမူပြဌာန်းချက်တွေမပါဘူး
(၆) မြေအသုံးချရေး စဉ်းစား ဆုံးဖြတ်တဲ့အခါမှာ land capability land suitability classification တွေကိုသာ ဇောင်းပေး စဉ်းစားဆုံးဖြတ်ဘို့ ဦးတည်နေပေမဲ့ ဘယ်လိုလက်တွေ့ကျတဲ့ အခြေခံမူပေါ်မှာ အခြေပြုပြီးမှ စဉ်းစားဆုံးဖြတ်မလဲဆိုတဲ့ လမ်းညွှန်ချက်တွေမပါဘူး။ one map ကိုဘဲ အဖြေလို့ ယူဆနေကြတယ် ။
ဒီအချက်တွေကြောင့် တရားမျှတရေး၊ တန်းတူညီမျှရှိရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့တောင်းဆိုနေတဲ့ ဖက်ဒရယ်စနစ်အတွက်ဆိုရင် NLUP က အဝေးကြီးမှာရှိသေးတယ်- ဟု ဦးဝင်းမျိုးသူက ထောက်ပြသည် ။
ယင်းအပြင် ကာလရှည် ပဋိပက္ခဖြစ်ခဲ့သည့် နယ်မြေတိုင်းတွင် ကြုံတွေ့နေရသည့် ပြဿနာဖြစ်သော နိုင်ငံသားမှတ်ပုံတင်များ မရသေးသည့် ကိစ္စကလည်း ပြဿနာ တစ်ရပ်ပင်။ ရှမ်းတောင်ရှိ လဝက ရုံးအချို့သို့ စာရေးသူမှာ သာမန် ပြည်သူတစ်ယောက်အနေဖြင့် စနည်းသွားနာခဲ့ဖူးရာ ၀န်ထမ်းအချို့မှာ ပြည်သူများအား ဆက်ဆံပုံ သိပ်ပြီး မကောင်းလှ။ မှတ်ပုံတင် မရှိသူများတွင် အမျိုးသမီးအရေးနှစ်ရှည်လများ ဆောင်ရွက်ခဲ့သည့် နန်းဆိုင်နောင့် ( SWAN ) တို့ကဲ့သို့ သူများပင် ပါဝင်နေသည်။ အကြောင်းကြောင်းကြောင့် နယ်စပ်ဒေသတွင် ကာလအတန်ကြာနေခဲ့ရသည်မှာ မှန်သော်လည်း မြန်မာ့အရေးအတွက် ဆောင်ရွက်နေသူပင်ဖြစ်ရာ ယခုကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းဆောင်ရွက်နေချိန်တွင် နိုင်ငံသားမှတ်ပုံတင်ရသင့်သည်ဟု ထင်ပါသည် ။
အပစ်ရပ် ၅ နှစ် တာကာလ ရှိလာပြီဖြစ်သော်လည်း ဒေသတွင်း အငြင်းပွားဖွယ်စီမံကိန်းများဖြစ်သည့် သံလွင်စီမံကိန်းများမှာ အပြီးတိုင် ဖျက်သိမ်းနိုင်သည့် အဆင့်မရှိသေးပေ။ ယင်းစီမံကိန်းများ အကောင် အထည်ဖော်ပါက ဒေသခံ သိန်းချီ နေရပ်စွန့်ခွာရမည့်အပြင် လျှပ်စစ်မီး ၉၀ ရာနှုန်းမှာ နိုင်ငံရပ်ခြားသို့ သွားဦး မည်သာ။ ယင်းစီမံကိန်းများ မဖျက်သိမ်းသေးသော်လည်း စီမံကိန်း အကောင်ထည်ဖော်မှုတွင် ပါဝင်သည့် IGE ကဲ့သို့ ကုမ္ပဏီများမှာ ဆန်ရှင် ပိတ်ဆို့မှုမှာ ကင်းလွတ်ခွင့်ရသွားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်တွင် IGE ပိုင်ရှင် ဖြစ်သူ ကွယ်လွန်သူ ဦးအောင်သောင်း၏သား ဦးနေအောင်မှာ ခရီးစဉ်လိုက်ပါရန် လျာထား ခံရသည်ဟု သတင်းများ ထွက်ခဲ့ဖူးသည် ။
RCSS/SSA မှာ အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ယခင်က ကန့်ကွက်ကြောင်း အသံထွက်ခဲ့သော်လည်း ယခုအခါတွင်မူ အသံတိုးလွန်းလှသည်ဟု ယူဆမိသည်။ ယင်းအပြင် အငြင်းပွားဖွယ် ကျောက်မီးသွေး စီမံကိန်း သတ္တုတွင်းများမှာလည်း ရှိနေသေးသည်။ အများစုပြည်ပ ရင်းနှီးမြှပ်နှံမှုများ ရှမ်းပြည်နယ်အတွင်းသို့ ၀င်ရောက်လာလျှင်တောင် မြေယာပေါ်လစီ ၊ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှု ရှိမရှိ ၊ အကာ ကွယ်ပေးမှုကမည်သည့် အနေထားဆိုသည့် ကိစ္စများမှာ မေးခွန်းထုတ်စရာ အခြေနေရှိနေဆဲပင် ။
(၄) သေချာတာက ပြည်သူအတွက် အကျိုးမဖြစ်သေးပါ
RCSS/SSA ကိုယ်တိုင်ပင် ပါဝင်လက်မှတ်ရေးထိုးထားသည့် စာချုပ်များမှ ပြည်သူလူထု၏ လူမှုဘဝ လုံခြုံမှုနှင့် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန် ဆိုသည့် အန်စီအေပါ အချက် ၊ စစ်ဘေးရှောင် အိုင်ဒီပီများအား ပြန်လည်နေရာချထားရေးကဲ့သို့ ကိစ္စရပ်များမှာ ယခုအထိ အကောင်ထည် မဖော်နိုင်သေးပါ။ RCSS/SSA နှင့် ဘဝတူ ကေအန်ယူတွင်တော့ ဒေသဖွံ့ဖြိုးရေးကတိကဝတ်များအ ကောင်ထည်ဖော်နိုင်မှု အားနည်းမှု ၊ စစ်ရေး အရ ဖိအားဖြစ်စေသည့် တပ်မတော်တပ်စခန်းများေ ကအန်ယူ နယ်မြေအတွက်း ဆက်လက်ရှိနေမှု ၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရာတွင် ပြန်လည်ထူထောင်ရေးအစီအစဉ်များ လွဲချော်နေမှုများကြောင့် လွန်ခဲ့သည့်အပတ်ကပင် အမေရိကန်ရောက် ကရင်များက ဆန္ဒပြခဲ့ကြသည်။ စစ်တပ်နှင့် ဆက်မဆက်ဆံရေး ၊ ဆန်ရှင်ပိတ်ဆို့မှု ဆက်လက်ထားရှိရေးတို့ပင် တောင်းဆိုမှုတွင် ပါဝင်သည် ။
RCSS/SSA အနေဖြင့် တပ်ဖွဲ့ရပ်တည်ရေးအတွက် အရေးပါသည့် ကူးသန်းရောင်းဝယ်ရေး ၊ စိုက်ပျိုး မွေးမြူ ရေးတို့အတွက် မြေနေရာ လုပ်ပိုင်ခွင့် ၊ ကုန်သွယ်ဂိတ် ၊ ဖွံ့ဖြိုးရေးဇုံများလည်း မတည်ဆောက်နိုင်သေးပါ။ ယင်းအပြင် အခြေခံဥပဒေအရ တိုင်းရင်းသားများ၏ ရပိုင်ခွင့်မှာလည်း တိုးတက်မှု မရှိလာသည်ကတော့ အထူး ပြောရန်ပင်မလို။ စာသင်ကျောင်းအချို့ပေါ်လာသော်လည်း အပစ်မရပ်ထားသည့် ကေအိုင်အေ နယ်မြေ အတွင်းက ကျောင်းများနှင့် ယှဉ်လျှင်တောင် ရီချင်စရာဖြစ်နေသည် ။
တပ်ဖွဲ့အနေဖြင့် မဟုတ်သော်လည်း ကုမ္ပဏီထောင်ခွင့် အချို့တော့ ယခင် အစိုးရလက်ထက်ကတည်းက ရခဲ့သည်ဟု နီးစပ်သူများက ဆိုကြသည်။ ဆိုခဲ့ပါ အချက်မှာ စာရေးသူအနေဖြင့် ဘဝင်မကျလှ။ ယခင်စစ် အစိုးရလက်ထက်က အလားတူကိစ္စမျိုးများ ကြုံခဲ့ရပြီး အဖွဲ့တစ်ချို့မှာ အချိန်တန်တော့လည်း အပစ်ခတ်ရပ်စဲမှု ကျိုးပျက်သွားသည့်အတွက်ကြောင့်ပင်။ ဖွံ့ဖြိုးရေးလုပ်ပါက သေနတ်သံလျော့သွားမည်ဆိုသည့် အမြင်ဖြင့် ယခင် စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ခဲ့သော်လည်း ဆိုခဲ့ပါ ဖွံ့ဖြိုးရေးမှာ ဒုတိယတန်းခေါင်း ဆောင်များ ၊ တပ်သား တပ်ဖွဲ့ဝင်များ ဒေသခံလူထုအတွင် ဟုတ်ဟုတ်ငြားငြား အကျိုးကျေးဇူး ဖန်တီးပေးနိုင်မှု မရှိဟု ယူဆချက်များကြောင့်ပင် စစ်အစိုးရလက်ထက်က အပစ်ရပ်ခဲ့သည့် အဖွဲ့တော်တော်များများမှာ လူထု ဖိအား တပ်ဖွဲ့ဝင်များ၏ ဖိအားနှင့်အတူ စစ်ပွဲသို့ ပြန်လှည့်သွားစေခဲ့သည်။ (ဥပမာ - ကေအိုင်အို စစ်အစိုးရ လက်ထက်တစ်လျှောက် ဖားကန့်မှ ကျောက်စိမ်းများအား ပြည်မမှ လာရောက်တူးယူခဲ့သော်လည်း ကချင်ပြည် နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးမကောင်းသလို ၊ မူးယစ်ပြသနာကြီးခဲ့၊ မြစ်ကြီးနား လျှပ်စစ်မီး ပင်လျှင် ကေအိုင်အိုမှ ပေးခဲ့ရ၊ လယ်သိမ်းမြေသိမ်းခံရမှုများလည်း အမြောက်အမြားပေါ်ပေါက်ခဲ့ ) ယင်းအပြင် ဒေသတွင်း တိုက်ပွဲငြိမ် ၊ စီးပွားရေးမကောင်းသည့်အထဲ တအာင်းပလောင်နှင့် စစ်သွားတိုက် သည့်အတွက် ကုန်ကျစားရိတ်များကလည်း မစားသာလှဟု စာရေးသူ ယူဆမိပါသည်။ ယင်းသို့သော အခြေနေမှာ ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေး ၊ ဒေသခံများအတွက် အကျိုးစီးပွားများအတွက် မဆောင်ရွက်ပေးနိုင်ချိန် ၊ အကောင် ထည် ဖော်နိုင်မှု အားနည်းနေချိန်တွင် ကျည်ဆံကုန် ၊ လူပန်း အကျိုးမဖြစ်သည့်အတွက် ဆက်တိုက်သင့် မတိုက်သင့် ဆိုသည့် ကိစ္စမှာ စဉ်းစားစရာကိစ္စပင် ။
လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ အန်အယ်လ်ဒီ အစိုးရမှာ တပ်မျက်နှာသာ အဓိက ဖြစ်နေပြီး ခရိုနီ သူဌေးများ စစ်အာဏာရှင်များ တရားဝင်လာချိန်တွင် တိုင်းရင်းသားများဘဝ ဘာမှ မရဆိုသည့် အနေအထားမှာလည်း ချင့်ချိန် တွက်ဆ စရာကိစ္စပင်။ သေချာသည်ကတော့ အပစ်ခတ်ရပ်စဲမှု ပြုလုပ်သည်မှာ ၅ နှစ်ပြည့်မြောက်လာပြီဖြစ်သော်လည်း ပြည်သူနှင့် ဒေသအတွက် ကြီးမားသည့် အကျိုးခံစားရမှု မဖြစ်သေးဟု ကောက်ချက်ချရမည်ဖြစ်သည် ။
Tags: Feature