တောင်ကြီးတွင် သျှမ်းနှစ်သစ်ကူးပွဲတော် ၅ ရက်တိုင်တိုင်ကျင်းပမည်
သျှမ်းသက္ကရာဇ် ၂၁၁၁ ခုနှစ်တွင် ကျရောက်မည့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပွဲတော်အတောအတွင်း ဝါရင့် သျှမ်းသီချင်းရေးဆရာ အနုပညာရှင် စိုင်းလောဝ်ဆိုင်ကိုလည်း ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
“ ဇိဏ်းလျောင်းတီးဝိုင်းအဖွဲ့တို့က သျှမ်းနှစ်သစ်ကူးပွဲတော်မှာ လာရောက်ဖျော်ဖြေပေးမယ်။ သူတို့အဖွဲ့အနေနဲ့ ဦးဆောင်ပြီးတော့ သျှမ်းသီချင်းရေးဆရာအနုပညာရှင် စိုင်းလောဝ်ဆိုင် ရဲ့ ရ၅ နှစ်မြောက်မွေးနေ့ပွဲကိုပါ ဂုဏ်ပြုပေးမှာပေါ့”ဟု သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီဝင် အတွင်းရေးမှူး လုံးစိုင်းနွတ် ကပြောသည် ။
အဆိုပါ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် တောင်ကြီးမြို့နေ လူမှုအဖွဲ့အစည်းများ နှင့် သျှမ်းစာပေယဉ်ကျေးမှု တို့ဦးဆောင်ကျင်းပမည့်ဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့ထိ ၅ ရက်တိုင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း နှင့် မီးပုံးပျံပြိုင်ပွဲ များ ကျင်းပသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည် ။
“ ထူးခြားတာက ဒီနှစ် တောင်ကြီးမြို့နယ်ကနေပြီးတော့ ကျင်းပပြုလုပ်တယ်။ ဇိဏ်းလျောင်းအဖွဲ့ကနေပြီး တောင်ကြီး သျှမ်းနှစ်သစ်ကူးကို လာရောက်ဖျော်ဖြေမယ်။ ပြီးတော့ ချင်းမိုင်က သျှမ်းစာပေယဉ်ကျေးမှုတွေလည်း သျှမ်းနှစ်သစ်ကူး ပွဲလာဝင်မယ်။ နာမည်ကြီး အနုပညာရှင် စိုင်းလောဝ်ဆိုင်က ၂၀၁၆ နိုဝင်ဘာ ၃၀ ရက်နေ့ကျရင် ရ၅ နှစ် ပြည့်မွေးနေ့ဖြစ်တယ်။ သျှမ်းသမိုင်းမှာ အနုပညာရှင်သမိုင်းမှာ တွင်စေချင်ပြီး အနုပညာရှင် မောင်နှမတွေအားလုံးက သီချင်းရေးဆရာ အဆိုတော်တစ်ဦးဆိုပြီးတော့ စိုင်းလောဝ်ဆိုင်ကို ဂုဏ်ပြုပေးချင်တယ်”ဟု သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီဝင် နန်းနွန်းမို ကပြောသည်။
သျှမ်းနှစ်သစ်ကူးပွဲတော်သည် သျှမ်းတိုင်းရင်းသားအားလုံးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်မှ ကျင်းပပြုလုပ်လာသော ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရင်း သျှမ်းတိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်ပြီး သျှမ်းတိုင်းရင်းသားများ အားလုံး အနယ်နယ်အရပ်ရပ်မှ ကျင်းပပြုလုပ်ပြီး အသိဗညာဗဟုသုတဖလှယ်ခြင်း သျှမ်းသမိုင်းအကြောင်းများ စာတမ်းဖတ်များဖတ်ခြင်းလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည် ။
Tags: Culture, News