အမျိုးသမီးများအကြမ်းဖက်ခံရမှုကို အကာအကွယ်ပေးမည့် ဥပဒေအစိုးရမှချမှတ်ပေးသင့် ဖဲကြိုးဖြူနေ့တွင် သျှမ်းအမျိုးသမီးပြော



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စိန့်ဂျိုးဇက်အောက်မေ့ဘွယ်ဓမ္မာရုံ၌ ကျင်းပသော ဖဲကြိုးဖြူနေ့ (ကမ္ဘာ့အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့) အခမ်းအနား၌  အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး အကာအကွယ်ပေးနိုင်မည့် ဥပဒေတစ်ခု အစိုးရမှချမှတ်ပေးသင့်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ကပြောသည် ။


အဆိုပါ ဖဲကြိုးဖြူနေ့တွင် အမျိုးသမီးအပေါ် အစိုးရမှ ကာကွယ်ပေးမည့် ဥပဒေရှိသင့်ပြီး နိုင်ငံရေးတွင် လည်းကောင်း လူမှုအဖွဲ့အစည်းတွင်လည်းကောင်း ခွဲခြားဆက်ဆံမှုမရှိစေရန် အမျိုးသားနှင့် အမျိုးသမီး တန်းတူအခွင့်အရေး ရှိသင့်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း နန်းအေးမေ ကပြောသည် ။


“ အစိုးရကနေ ဥပဒေတွေ ချမှတ်ပေးမယ်ဆိုရင် ဘယ်သူမဆို လိုက်နာမှာ။ အရေးကြီး တောင်းဆိုချင်တာက အမျိုးသမီးအတွက် ကာကွယ်ပေးမယ့် ဥပဒေ၊ဘာကြောင့် အဲ့ဥပဒေရှိချင်လဲဆိုတော့ ဒီကမ္ဘာမှာ ဘယ်နိုင်ငံဘဲဖြစ်ဖြစ် ပြည်ထောင်စုနိုင်ငံဘဲဖြစ်ဖြစ် ခွဲခြားဆက်ဆံမှုက အမြဲတမ်းရှိတယ်၊ အစိုးရကနေ ဥပဒေ မရှိပေးလို့။ ဥပဒေရှိနေပေမယ့်လည်း စာအုပ်ထဲမှာဘဲရှိတယ်၊ သူတို့ အမှန်တကယ် မလိုက်နာဘူး တကယ်လို့ လိုက်နာမယ်ဆိုရင် ပြည်သူတွေလည်း နောက်ကနေလိုက်နာလာမယ်။ ဒါကြောင့် လူ့ပတ်ဝန်းကျင်အများစုက ခွဲခြားဆက်ဆံခြင်းခံနေရတယ်” ဟု ၄င်းကပြောသည် ။


အမျိုးသမီးသည် အမျိုးသားထက် တန်းတူအခွင့်အရေး နည်းပါးပြီး လုပ်ငန်းခွင်နေရာတွင်လည်း အမျိုးသားများ ကိုသာ ဦးစားပေးပြီး လွှတ်တော်ထဲတွင်လည်း အမျိုးသမီးအရေအတွက်သည် အလွန်နည်းပါးကြောင်း Morning Stars (ဉာဏ်ရည်မသန်စွမ်းသူအဖွဲ့) ဥက္ကဌ ဆရာမသန်းနွယ်အောင် ကပြောသည် ။


“ အမျိုးသမီးတွေထဲက တစ်ခါ မသန်စွမ်းသူအမျိုးသမီးပေါ့နော် ။ အမျိုးသမီးတွေက ပုံမှန်လည်း ခွဲခြားဆက်ဆံ ခံရတယ်၊ အဲ့ဒီတည်းမှာတစ်ခါ အမျိုးသမီးလည်းဖြစ်တယ် မသန်စွမ်းသူလည်းဖြစ်တယ် ပိုပြီးတော့လည်း ခွဲခြား ဆက်ဆံခံရတယ်။ အဲတာတွေအများကြီးဘဲ။ ဒါကြောင့် အမျိုးသမီးတွေကိုကော မသန်စွမ်း အမျိုးသမီးတွေ ကိုကော ခွဲခြားဆက်ဆံတာတွေ ပပျောက်ဖို့ အားလုံးဘဲ ဝိုင်းဝန်းဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု ၄င်းကပြောသည် ။


နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် ဖဲကြိုးဖြူနေ့ (ကမ္ဘာ့အမျိုးသမီးများအကြမ်းဖက်ခံရမှု ရပ်တန့်ရေး နေ့) သည် စိန့်ဂျိုးဇက်ဓမ္မာရုံခန်းမတွင် မနက် ၉ နာရီမှ ညနေ ၄ နာရီထိ အမျိုးသမီးများအပေါ် အကြမ်းဖက် နေမှုများ ရပ်တန့်စေရန် ရည်ရွယ်ကျင်းပပြုလုပ်ပြီး အခမ်းအနားတက်ရောက်သူ ၅၀၀ ကျော်ရှိကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates