မုံးကိုးမြို့ နေရာအများစုအား မဟာမိတ် တပ်ပေါင်းစု သိမ်းထား
တရုတ်မြန်မာနယ်စပ်ရှိ မုံးကိုးမြို့နယ်ခွဲ၏ မြို့ဧရိယာတော်တော်များများကို မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစုက သိမ်းထားကြောင်း သျှမ်းမြောက်ရှိ သတင်းအရင်းအမြစ်များက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည် ။
![]() |
နိုဝင်ဘာလ ၂၅ ရက်နေ့လည်ပိုင်းက မုံးကိုးမြို့တွင်းရပ်ကွက်တခုတွင်မီးလောင်နေစဉ် |
မုန်းကိုးရှိ တရုတ်မြန်မာနယ်ခြားဂိတ်အား နိုဝင်ဘာ ၂၄ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်ဟု အဆိုပါ မဟာမိတ် တပ်ပေါင်းစု၊နှင့် နီးစပ်သူက ဆိုသည် ။
‘စစ်တပ်ဗျူဟာကုန်းကျန်တာ ဒီကနေ့ ညနေပိုင်းအထိ အပြင်းအထန်တိုက်နေဆဲပဲ။ ကြားတာက တခြား ဒေသခံအချို့ကို ဓါးစာခံလိုဗျူဟာကုန်းထဲမှာ ထိန်းထားလို့ တိုက်ရခက်နေတယ်လို့လည်း ကြားတယ် ‘ ဟုအဆိုပါ ပုဂ္ဂိုလ်က ပြောသည် ။
ယင်းအပြင် မြို့တွင်းရှိ နေအိမ်အချို့မှာလည်း မီးလောင်ကျွမ်းနေသည်ဟု သိရပြီး ဒေသခံအများစုမှာ ပစ်ခတ်မှုများ စဖြစ်ခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းကပင် တရုတ်နိုင်ငံ ၀မ်တိန်သို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြသည်ဟု သိရသည် ။
မုံးကိုးတိုက်ပွဲအခြေနေနှင့် ပတ်သက်၍ မုံးကိုးမြို့တွင် တိုက်ပွဲများဖြစ်နေသည်မှာ မှန်ကန်ပြီး တပ်မတော်မှာလည်း မုံးကိုးတွင် ရှိနေဆဲဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်ဟု The Ladies News က ဖော်ပြထားသည် ။
ကိုးကန့် တပ်သားတစ်ဦး၏ We Chat အကောင့်တွင်မူ မြို့တွင်း၌ ကိုးကန့် တပ်သားများ လှည့်လည်နေပုံကို ဖော်ပြထားသည် ။
ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ် နယ်စပ်ရှိ မန့်ဝိန်းကြီး ၊ကြူကုတ် ပန်ဆိုင်း တို့တွင်လည်း ယနေ့ တိုက်ပွဲများဖြစ်နေပြီး မူဆယ် လားရှိုး ပြည်ထောင်စု လမ်းမပေါ်တွင်လည်း ပစ်ခတ်မှု အချို့ရှိနေ သည်ဟု မဟာမိတ် တပ်ပေါင်းစုမှ သတင်းထုတ်ပြန်သည် ။
မုံးကိုးမှာ ဗမာပြည်ကွန်မြူနစ်ပါတီခေတ်က ဗကပ လက်အောက်ခံ ကိုးကန့်တပ်များ၏ လက်အောက် သို့ နှစ်အတန်ကြာ ကျရောက်ခဲ့ဖူးပြီး လက်ရှိမုံးကိုးကို တိုက်ခိုက်နေသည့် တပ်များမှာလည်း ကိုးကန့် MNDAA တပ်များဖြစ်သည်ဟု သိရသည် ။
ယနေ့ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ထံ ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ ။
မြို့ကတော့ တမြို့လုံးနီးပါး သိမ်းထားတယ်။ စခန်း တစ်ခုပဲကျန်တယ်။ တိုင်းရင်းသားအရေး စစ်ရေး လေ့လာသူ ဦးဂါမဏိကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။
မူဆယ်တွင်မူ လတ်တလော ဖြစ်နေသည့် တိုက်ပွဲများကြောင့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပရန် ရည်ရွယ်ထားသည့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို မကျင်းပဖြစ်တော့ကြောင်း မူဆယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ယနေ့ ကြေငြာချက်ထုတ်ပြန်ထားသည် ။
သျှမ်းမြောက်တွင် လတ်တစ်လောဖြစ်နေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် တစ်သောင်းခန့်နေရပ်စွန့်ခွာ ထွက်ပြေးနေရသည် ။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် အန်စီအေ အပစ်ရပ်စာချုပ်ထိုးရန် လိုအပ်သည်ဟု ပြောဆိုထားပြီး ယခု တိုက်ပွဲဖြစ်နေသည့် တအာင်းပလောင် TNLA ၊ MNDAA ကိုးကန့်နှင့် AA ရခိုင်တို့မှာ ယခင်ကတည်းက ကန့်သတ်ခံထားရသည့် အဖွဲ့များဖြစ်သည် ။
Tags: News, War