အစိုးရတပ်နှင့်တအာင်းတပ်ကြား တိုက်ပွဲကြောင့်နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင်လူထု ၇၀၀ ကျော်ရောက်ရှိ



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့နယ်အတွင်း အစိုးရတပ်နှင့် တအာင်းတပ် TNLA တပ်တို့ကြားဖြစ်ပွါးခဲ့သောတိုက်ပွဲကြောင့် နမ္မတူမြို့သို့ရောက်ရှိလာသောစစ်ဘေးရှောင် ၇၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည် ။


နိုဝင်ဘာလလယ်က ဖြစ်ပွါးသော တိုက်ပွဲကြောင့် ရှိရင်းစွဲ စစ်ဘေးရှောင်များအပြင် နိုဝင်ဘာလ ၂၉  ရက်နေ့က မန်တုံမြို့နယ်ကုန်းမုံ- ကုန်းညောင်ရွာတွင် တကျော့ပြန်လည်ဖြစ်ပွါးသော တိုက်ပွဲများကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နမ္မတူမြို့သို့ စစ်ဘေးရှောင် ၁၇၀ ကျော်ထပ်မံရောက်ရှိလာသည်ဟုဆိုပါသည် ။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် နန်းခမ်းအေးက “ ဝမ့်မော်ရွာမှာဖြစ်တာလေတိုက်ပွဲက။ ဈေးနေ့မနက်ခင်းမှာဖြစ်တာ။ ဈေးထဲမှာ ကျည်ဆန်ခွံတွေကျတယ်။” ဟု ပြောသည် ။


အစိုးရတပ်နှင့်တအာင်းတပ်တို့သည် နိုဝင်ဘာလ ၂၃ ရက်နေ့ကစပြီး မန်တုံမြို့နယ်အတွင်းတိုက်ပွဲများပြင်းပြင်းထန်ထန်ပြန်လည်ဖြစ်ပွါးရာ ယနေ့တိုင်ပစ်ခတ်တိုက်ခိုက်နေကြဆဲဖြစ်ကြောင်း တအာင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည် ။


ထို့ကြောင့်လက်ရှိတွင် နမ္မတူရှိစစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် ၇၀၀ ကျော်ရှိပြီဖြစ်ကြောင်းလည်း စစ်ရှောင်ကူညီရေးအဖွဲ့မှလူငယ် စိုင်းမင်းကပြောသည်။
လက်ရှိနမ္မတူသို့ရောက်ရှိလာသော စစ်ဘေးရှောင်များမှာ ဝမ့်မော်ရွာ၊ မော်နိုင်းရွာ၊မော်တိုက်ရွာ၊ မော်နေရွာ၊ နမ့်ဟိုင်းရွာ၊ နောင်ဆန်းရွာ မိုင်းယုတ် မန်ဆန်းနန့် မန်မိုင်ရွာတို့ဖြစ်ကြသည် ။


တိုက်ပွဲများဖြစ်ပွါးမှုကြောင့် လမ်းဖျက်ဆီးမှု တံတားများ မီးရှို့ဖျက်ဆီးမှုများရှိကြောင်းလည်းစစ်ရှောင်များကပြောသည်ဟု စိုင်းမင်းကဆိုသည်။ မန်တုံမြို့နယ်ခွဲသည် နမ္မတူမြို့၏ အနောက်မြောက်ဘက် ၃၇ မိုင်ခန့်အကွာတွင်ရှိပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates