သျှမ်းနီပါတီ စည်းရုံးရေးမှူးအပါအဝင် ဖားကန့်တွင် နှစ်ရက်အတွင်း နှစ်ဦး သတ်ဖြတ်ခံရ



တိုင်းလိုင် ခေါ် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ကျေးရွာအဆင့် စည်းရုံးရေးမှူးအပါဝင် လူ ၂ ဦးမှာ ၂ ရက်အတွင်း သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သျှမ်းနီပါတီ ဥက္ကဌ ဦးဌေးအောင်က သျှမ်းသံတော်ဆင့် သို့ အတည်ပြုပြောဆိုသည် ။


ဇန်နဝါရီ ၁၇ ရက်နေ့ညနေပိုင်းက လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှ သျှမ်းနီပါတီ၏ ကျေးရွာ စည်းရုံးရေးမှူးဖြစ်သူ ဦးမောင်တိုးအား အမည်မသိ သေနတ်သမားတစ်ဦးက နေအိမ်အတွင်းဝင်ရောက် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည် ။


ဦးမောင်တိုးက ပါတီမှာ လုပ်တာ ၄ နှစ်လောက်ရှိပြီ။ ဆန်ခါ ကျေးရွာရဲ့ ပါတီ စည်းရုံးရေးမှူးလည်းဖြစ် တယ်။  သေနတ်သမားကို သူ့မိန်းမက မြင်တယ်။ သတ်တဲ့သူကို မျက်နှာမှာ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ မျက်နှာဖုံးထားတယ် လို့ပြောတယ်- ဟု  သျှမ်းနီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း The Ladies News တွင်ဖော်ပြထားသည် ။


ဦးမောင်တိုးမှာ ရေမဆေးကျောက်ကောက်သူများ၏ ဒိုင်အဖြစ် (ကျင်းစားအဖြစ်) လုပ်ကို်င်နေသူဖြစ် ကြောင်း၊ လွန်ခဲ့သည့် လပိုင်းကလည်း ၄င်းကျင်းမှ ကျောက်ကောက်သမားတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရကြောင်း၊ လက်သည်နှင့်အကြောင်းရင်းကိုမူ မသိရကြောင်း သျှမ်းနီပါတီ တာဝန်ရှိသူက ဆိုသည် ။


အလားတူ ဖားကန့် နမ့်မဖြစ်ကျေးရွာမှ အလယ်တန်းပြဆရာ ကျောင်းဆရာ သျှမ်းနီ အမျိုးသား  ကိုအောင်ဇင်ထွန်း ( ခ ) ဖိုးလုံး အားလည်း  ဇန်နဝါရီလ ၁၈ ရက်နေ့က သေနတ်သမားတစ်ဦးက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟုဆိုပါသည် ။


“သေနတ်သမားတွေက ကျောင်းထဲလာပြီး ခေါ်သွားတာ။ ပြန်မလွှတ်လာဘူးဘဲ။ အမျိုးတွေကတော့ သူအသတ်ခံရပြီလို့ ထင်နေကြပြီ။” -  ဟု ဖားကန့် ဒေသခံ  ကိုဇော်မိုးထက်က ပြောသည် ။


ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များကလည်း အဆိုပါ ကိစ္စများမှာ ဟုတ်မှန်ကြောင်းဆိုသည် ။


အဆိုပါ အသတ်ခံရသည့် ကျောင်းဆရာမှာ မိုးကောင်းမြို့ဒေသခံဖြစ်ကြောင်းသိရပြီးကချင်ပြည်နယ်နေ့က ကျောင်းမတက်သည့် ကချင်ကျောင်းသား အချို့ကို ကျောင်းဆရာဖြစ်သူမှ အပြစ်ပေးဆုံးမမှုနှင့် သက်ဆိုင်သည်ဟု နီးစပ်သူများက ပြောဆိုနေကြသည် ။


သျှမ်းနီအသိုင်းအဝိုင်းက အဆိုပါလူ ၂ ဦးသေဆုံးမှုမှာ KIA လက်ချက်ဟု စွပ်စွဲပြောဆိုနေကြသော်လည်း KIA ဘက်က တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates