သိန္နီ ရေပူစစ်ဆေးရေးဂိတ်ဖွင့်လှစ်မှုအား ပြန်လည်သုံးသပ်ပေးရန်ကျားခေါင်းပါတီတောင်းဆို



ဇန်နဝါရီလလယ်က ပြန်လည်ဖွင့်လှစ်သော သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် ပြည်ထောင်စု လမ်းမပေါ်ရှိ သိန္နီရေပူ စစ်ဆေး ရေးဂိတ်ကို ပြန်လည်သုံးသပ်ပြီး ပြန်လည်ရုပ်သိမ်းပေးရန် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် ၄၀ ကလက်မှတ်ရေးထိုးကာ အစိုးရထံတင်ပြတောင်းဆိုလိုက်သည် ။

သိန္နီရေပူစစ်ဆေးရေးဂိတ်အား အဝေးမှမြင်ရစဉ်  (Photo- Sai Yeemon )
သိန္နီရေပူစစ်ဆေးရေးဂိတ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ဦးသက်စိုးအောင်က ဌာနဆိုင်ရာဝန်ထမ်းများအားရှင်းလင်းနေစဉ်  (Photo- Sai Om Leng Wan)
ရေပူစစ်ဆေးရေးစခန်းသည် ၈ ဧကသာကျယ်ဝန်းရာ ကားအစီးပေါင်း ၂၀ ခန့်သာ ရပ်နားနိုင်ကြောင်း၊ လက်ရှိတွင် တရက်လျှင်မော်တော်ယာဉ်ကားကြီး အစီး ၆၀၀၀ ခန့်ဖြတ်သန်းသွားလာနေသည်ဖြစ်ရာ ကားသမားများနှင့် ကုန်သည်များ  ကြန့်ကြာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လူထု၏ သဘောထားကို  ဆန့်ကျင်ဆောင်ရွက်ရန်မသိပါကြောင်း - အစရှိအချက်များပါရှိသည့် စာတစောင်ကို  ဇန်နဝါရီလ ၁၆ ရက်နေ့ ဂိတ်ပြန်လည်ဖွင့်လှစ်သည့်နေ့တွင်ပင်   SNLD ပါတီက အစိုးရထံ ပေးပို့လိုက်ခြင်းဖြစ်သည် ။


SNLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလိုင်းခမ်းက - “အဲဒီရေပူဂိတ် ကို အမြဲတမ်းစစ်ဆေးရေးစခန်းကို ပိတ်ပေးဖို့လူထုတောင်းဆိုချက်အရ ပြီးခဲ့တဲ့အစိုးရက ပိတ်လိုက်တာ။ ဂိတ်ကြောင့်  ခရီးသွားတွေအချိန်ကြန့်ကြာမယ်၊ တာဝန်ကျဝန်ထမ်းတွေ အကျင့်ပျက်ချစားမှုတွေရှိလာမယ်။ မှောင်ခိုလမ်းတွေပိုများလာနိုင်ဖွယ်ရှိမယ့်အပြင် ဒေသခံ တွေ အရေးပေါ် ခရီးသွားဖို့လိုအပ်လာရင်လည်း အခက်အခဲတွေ ဖြစ်စေမယ်ဆိုတာ ဒေသတွင်းလူထုအနေနဲ့ ကိုယ်တိုင်ကြုံဖူးတော့ သိနေကြတယ်လေ ။ အဲတာကြောင့်  ဒီဂိတ်ပြန်ဖွင့်မယ့်အရေးကို ပြန်သုံးသပ်ပေးဖို့ ၊  လူထုရဲ့သဘောထားကိုနားထောင်ပေးဖို့ ကျနော်တို့တောင်းဆိုရတာပါ။”- ဟု  ပြောသည် ။


ဂိတ်စခန်းတာဝန်ကျ အကောက်ခွန်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်စိုးအောင် က မူ  - “ခရီးသွားတွေ ၂၄ နာရီ လွတ်လွတ်လပ်လပ်ခရီးသွားနိုင်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်းတာ လုပ်ဆောင် သွားမယ် ”- ဟုပြောဆိုသည် ။


၂၀၁၂ ခုနှစ်က သိန္နီရေပူဂိတ်နှင့်တပြိုင်တည်းပိတ်သွားသော ထိုင်း-မြန်မာ ကုန်သွယ်မှုတွင်အသုံးပြုသည့် မွန်ပြည်နယ် ကျိုက်ထိုမြို့က မရမ်းချောင် ဂိတ်စခန်းကိုလည်း ဇန်နဝါရီလ ၁၆ ရက်ကပင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates