ပြည်ထောင်စုစိတ်ဓာတ် ( ဦးအေးသာအောင် )



ယခုခေတ်အခါသမယ၌ လမ်း၊ တံတား၊ အဆောက်အဦ ဖွင့်ပွဲများ နှင့် ယုတ်စွအဆုံး ဘာမဟုတ်သည့် သာမန်ကိစ္စကလေးများ ပြုလုပ်ဆောင်ရွက်ကြရာ၌ပင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးစုံတို့၏ ဝတ်စုံများကို ဝတ်ဆင်စေလျက် တခမ်းတနား ပါဝင်ဆင်နွှဲစေ၏။ တိုင်းရင်းသား ပေါင်းစုံတို့၏ အကများဖြင့်လည်း အခမ်းအနားများကို သရုပ်ဖေါ် အမွှန်းတင်ကြသည်ကိုလည်း များစွာတွေ့မြင်နေရ၏ ။


တိုင်းရင်းသားလူမျိုးများကို အလေးပေး အရေးပေးသည့် သဘောပေလော၊ သို့မဟုတ် လူမျိုးပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စု၏ အဓိပ္ပါယ်ကို သရုပ်ဖေါ်ပြသခြင်းပေလော၊ သို့တည်းမဟုတ် ရောင်စုံအဝတ်တန်ဆာများဖြင့် ၄င်းတို့၏ အခမ်းအနားများကို ပိုမို၍ လှပတင့်တယ် ကျက်သရေရှိစေရန် အခမ်းအနား၏ အဆောင်အယောင်သဘောထား၍ ပြုမူဆောင်ရွက် ခြင်းပေလော၊ ဤအချင်းအရာ သဘောထားများကို ပြုသူများသာ သိကြပေလိမ့်မည် ။


တိုင်းရင်းသားလူမျိုးများကို အရေးပေးသည့် အလေးအနက်ထားသည့် သဘောဆိုပါက ကောင်းလေစွ။ ထိုထက်မှာမူ တိုင်းရင်းသား လူမျိုးအရေးကို အပေါ်ယံရွှေမှုံ့ကြဲ အဆောင်အယောင်သဘောမျှဖေါ်ပြနေခြင်းထက် တိုင်းရင်းသားလူမျိုးများ၏အရေးကို ကိုယ်ပိုင် ပြဌာန်းခွင့် အခြေခံဖြင့် ဖြေရှင်းလျက် အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြမည်ဆိုပါမူ ပို၍ ကောင်းလေစွဟူ၍ ဆင်ခြင်တွေးတောမိပေသည် ။


၎င်းအပြင် “ပြည်ထောင်စုစိတ်ဓာတ်”ဟူသော ဝေါဟာရဆိုင်ရာ အပြောအဆို၊ အရေးအသား၊ အသုံးအနှုံးများသည်လည်း ယခင်ခေတ်အခါများမှာထက် ပိုမိုတွင်ကျယ်လာ၏။ ရွှေရည်စိမ် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးများကို “ပျားရည်နှင့် ဝမ်းချခြင်း” ပေလော၊ သို့မဟုတ် “အများယောင်၍ ယောင်ရ၊ အမောင် တောင်မှန်း မြောက်မှန်းမသိပါ” ဆိုသကဲ့သို့ မိမိကိုယ်၌က ပြည်ထောင်စု၏ အခြေခံသဘောနှင့် ပြည်ထောင်စုမူများကို ခံယူသိမြင်ခြင်းမရှိပါဘဲလျက် အများက ပြောဆိုသုံးနှုံးခြင်းကြောင့်သာ ပြောဆိုသုံးနှုန်းကြခြင်းပေလော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောပြည်ထောင်စုကို တည်ထောင်မှသာ တိုင်းရင်းသားလူမျိုးများကို စည်းရုံးနိုင်မည်ဟူ၍ ခံယူချက်ဖြင့်ပင် ပြောဆိုသုံးနှုန်းနေခြင်း ပေလော။ ဤ အချင်းအရာ သဘောထားများကိုလည်း ပြုသူများသာသိကြပေလိမ့်မည် ။


“ရွှေရည်စိမ်ပြည်ထောင်စုစိတ်ဓာတ်” များကိုဖယ်ရှားပြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သော ပြည်ထောင်စုမူ၊ ပြည်ထောင်စုစိတ်ဓာတ်ကို သိမြင် ခံယူလျက် ပြောဆိုသုံးနှုန်းပါမူ ကောင်းလေစွ ။


ထိုထက်မှာမူ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်ပြုပြီး လူမျိုးစုပြဿနာကို ဖြေရှင်းကာ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြပါမူကား အတိုင်းထက်အလွန် ကောင်းလေစွဟူ၍ တွေးမြင် ခံစားမိပေသည် ။


လမ်းစဉ်ပါတီခေတ်၌ “တောင်သူလယ်သမားဦးကြီးများ” ဆိုသော ဝေါဟာရသည် တွင်ကျယ်စွာ အသုံးပြုခြင်း ခံခဲ့ရသည်။ သို့ရာတွင် တောင်သူလယ်သမားများ၏ ဘဝမှာမူ အထူးအခွင့်အရေးများ ဗလာနတ္ထိ၊ ယ္ခင်ခေတ်များမှာထက်ပင် ခါးသီးသောခံစားချက်များကို ခံစားခဲ့ကြရ၏ ။


ပြည်ထောင်စုစိတ်ဓာတ်နှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းကြရာတွင်လည်း ဤသို့မဖြစ်ရန်လိုသည်။ မည်သည့် ပြဿနာကိုမဆို အပေါ်ယံ အပြောသက်သက်ဖြင့်မပြီးပေ။ ရွှေရည်စိမ်စိတ်ဓာတ်နှင့် သဘောထားများကို ဖယ်ရှားပြီး ပြဿနာကို အခြေခံကျကျ ရှုမြင်သုံးသပ်ရန်လိုသည်။ လောက၌ ဖြစ်ပျက်တတ်သော သဘာဝနိယာမတရားများသည် လူတို့၏ဆန္ဒနှင့် ကင်းလွတ်၏။ ထို့ကြောင့် ပြဿနာတရပ်ကို ရှုမြင်သုံးသပ်ရာတွင်လည်း ဆန္ဒစွဲ၊ လူမျိုးစွဲများ ကင်းရှင်းရန်လိုပေသည်။ ထို့အပြင် ဓမ္မဓိဋ္ဌာန် ကျကျသုံးသပ်၍ ရလာသော အခြေခံသဘောတရားများကို အသိအမှတ်ပြု လက်ခံရန်လို၏။ ၄င်းအပြင် ပြေလည်စွာ ဖြေရှင်းမှသာ ပြီးမြောက်နိုင်ပေမည်။ ထို့ကြောင့် ပြည်ထောင်စုအတွင်းမှ တိုင်းရင်းသားလူမျိုးများ ပြဿနာကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ရမည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုရမည်။ လူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးကို အလေးနက်ထား လက်ခံမည်။ ဤအခြေခံသဘောတရားများပါသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖြေရှင်းမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ်ရရှိနိုင်ပေမည် ။


“ပြည်ထောင်စု”ဟူသည် ပြည်ထောင်များကို ပေါင်းစည်းထားခြင်းဖြစ်၏။ လူမျိုးအသီးသီးတို့ မှီတင်း နေထိုင်ရာများကို စုပေါင်းထားခြင်း လည်းမည်၏။ ပေါင်းစည်းကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘုံရန်သူကို စုပေါင်းကာကွယ်ရန်နှင့် ဘုံအကျိုးစီးပွါးကို တည်ဆောက်ကြရန်ဖြစ်၏ ။


ရှေးပဝေသဏီခေတ်၌လူသားတို့သည်မိသားစု၊ ဆွေမျိုးစု၊ သွေးတူ များအဖြစ်သာစုဖွဲ့နေထိုင်ခဲ့ကြသည်။ အန္တရာယ်များနှင့် ရန်သူများကိုလည်း မိမိတို့အင်အားဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့်သာ များသောအားဖြင့် ဖြေရှင်း ခဲ့ကြဟန်ရှိသည်။ သို့ရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ဆွေမျိုးစု၊ သွေးတူစုများ၏ ပိုင်ဆိုင်မှု (ကျွဲ၊ နွား၊ သိုး၊ တိရိစ္ဆာန်များနှင့် စိုက်ပျိုးမြေယာများ)ကို ပိုင်ဆိုင် လာသောအခါ မြေယာလုစစ်ပွဲများ၊ အုပ်စုစစ်ပွဲများ ဖြစ်ပွါးလာ၏။ ဤသို့ဖြင့် ကြီးနိုင်ငယ်ညှဉ်းသဘော၊ အုပ်စုကြီးများက အုပ်စုငယ်များကို အနိုင်ပြုတိုက်ခိုက် လုယက်သိမ်းပိုက်မှုများ ရှိလာခဲ့၏။ မိမိအုပ်စုကို ရန်ပြုမည့် ရန်သူများရှိလာ၏။ စိန်ခေါ်မှုများ ရှိလာ၏။ ဤသို့ဖြင့် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစုများအချင်းချင်း ပေါင်းဖွဲ့သည့်အစုအဖွဲ့များ ပေါ်ထွန်းလာ၏။ ဤသည်မှာ ယနေ့ ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်စွာ ကျင့်သုံးနေကြသော ပြည်ထောင်စုများ၏ အခြေခံသဘောပင် ဖြစ်ပေသည် ။


လူသားတို့သည် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစု အသိုင်းဝိုင်းမျိုးစုံမှ တဖြည်းဖြည်း နိုင်ငံတော်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ဘာသာစကား၊ ဓလေ့ ထုံးတမ်းယဉ်ကျေးမှု၊ ဆွေမျိုးတော်စပ်မှုအရဖွဲ့စည်းနေထိုင်ခဲ့ရာမှ တခုတည်း သော အာဏာပိုင်မှု (အကြီးအကဲ)အောက်တွင် နေလိုခြင်းကြောင့် မျိုးတူစုများ စုဖွဲ့လာကြသည်။ လူ့ယဉ်ကျေးမှုစတင်လာခြင်းနှင့် စိုက်ပျိုးရေးစနစ်ပိုမို ထွန်းကားလာခြင်းကြောင့်လည်း ဆွေမျိုးစုများ ပိုမိုစုစည်းလာကြသည်။ အုပ်စုတစုနှင့်တစုအကြား ရန်လိုမှု၊ စိန်ခေါ်မှုများနှင့် နယ်မြေလုစစ်ပွဲများကြောင့် အင်အားကြီးသော အုပ်စုကအင်အားငယ်သောအုပ်စုအပေါ် လွှမ်းမိုး တိုက်ခိုက်သိမ်းပိုက်မှုများ ရှိလာသည်။ ဤကဲ့သို့သော စုဖွဲ့မှုများမှအုပ်ချုပ်ရေးယန္တယားနှင့် နိုင်ငံတော်များပေါ် ပေါက်လာခဲ့ပေသည် ။


မူလနိုင်ငံတော်များသည် ဒီမိုကရေစီကျသော၊ လူထုအားဖြင့်ရွေး ချယ်သည့် လူထုကိုတိုက်ရိုက်ကိုယ်စားပြုသော နိုင်ငံတော် များသာ ဖြစ်ခဲ့ကြ၏။ သို့ရာတွင် ပစ္စည်းဥစ္စာနှင့် ဓနအင်အားကို ရှာဖွေစုဆောင်းရာတွင် ထွန်ယက် စိုက်ပျိုးလုပ်ကိုင်၍ ရှာဖွေသည်ထက် လုယက် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပိုမိုရရှိနိုင်သည့်သဘောကို မြင်လာသောအခါ လုယက်သိမ်းပိုက် သည့် စစ်ပွဲများမှသည် ပဒေသရာဇ်အင်ပါယာများ ထူထောင်ခဲ့ကြသည် ။


နပိုလီယံ၏ အင်ပါယာကိုအကြောင်းပြုပြီး အမျိုးသားရေးစိတ်နှင့် အမျိုးသားနိုင်ငံကိုကာကွယ်ရန် စိတ်များ ပြင်းပြလာခဲ့ကြသည်။ နပိုလီယံ သည် ဥရောပ၌ အင်္ဂလန်မှလွဲပြီး ကျန်ပဒေသရာဇ်နိုင်ငံများကို သိမ်းပိုက်ခဲ့သည်။ ထိုနိုင်ငံများတွင် အမျိုးသားဘုရင်များကို ဖယ်ရှားပြီး နပိုလီယံ၏ ဆွေတော်မျိုးတော်များကို ဘုရင်များအဖြစ် ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ထို အချိန်မှစ၍ နိုင်ငံများစွာတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်လူမျိုး ဘုရင်များကို တမ်းတလာကြ၏။ အမျိုး၊ ဘာသာ၊ သာသနာနှင့် မိမိနိုင်ငံကိုထူ ထောင်လိုသော ကာကွယ်လိုသော စိတ်များပေါ်ပေါက်ကာ တော်လှန်ပုန်ကန် ခဲ့ကြသည်။ ထိုကဲ့သို့ တော်လှန်ပုန်ကန်မှုများကြောင့် နပိုလီယံ၏ အင်ပါယာ ပြိုကွဲရပြီး အမျိုးသားနိုင်ငံများပေါ်ပေါက်လာ၏ ။


စက်မှုတော်လှန်ရေးနောက်ပိုင်း၌ နယ်ချဲ့စနစ်ပေါ်ပေါက်လာရာ ထို နယ်ချဲ့စနစ်မှမွေးဖွားပေးလိုက်သော ကိုလိုနီဝါဒနှင့် ကိုလိုနီနိုင် ငံများ ပေါ်ပေါက်လာခဲ့၏။ ယင်းကိုလိုနီနိုင်ငံများတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတည်းဟူသော အမျိုး သားရေး စိတ်ဓာတ်နှင့် အမျိုးသားရေး ဝါဒသည်လည်း ပီပြင်စွာ ပေါ်ပေါက်လာခဲ့ပေသည်။ အမျိုးသားနှင့်နိုင်ငံတော်၊ နိုင်ငံတော် နှင့် အမျိုးသား၊ အပြန်အလှန်ဆက်စပ်နေသည့် အမျိုးသားနိုင်ငံတော်သဘောတရားများ၊ လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားနိုင်ငံ ထူထောင်ခွင့် စသည့် အမျိုးသားဝါဒသည် ပထမကမ္ဘာစစ်ကြီးအပြီးတွင် ထင်ရှားစွာပေါ်ပေါက်လာခဲ့ပေသည်။ (အမေရိကန်သမတ ဝုဒ်ရိုးဝီ(လ်)ဆင် ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆိုဗီယက်ယူနီယံ၏ခေါင်းဆောင်လီနင်၏ ကိုယ်ပိုင် ပြဌာန်းခွင့် သဘောတရားများ)ပထမကမ္ဘာစစ်ကြီးအပြီး ပေါ်ပေါက်လာသော နိုင်ငံတော်များသည် များသောအားဖြင့် လူမျိုးတမျိုးတည်းဖြင့် ဖွဲ့စည်းသော နိုင်ငံတော်များထက် လူမျိုးအများအပြားကို စုပေါင်းပါဝင်ဖွဲ့စည်းထားသော နိုင်ငံတော်များသာ ဖြစ်ကြပေရာ ပြည်ထောင်စု သဘောတရားများသည်လည်း ပေါ်ထွန်းလာခဲ့ပေသည်။ (ဆွစ်ဇာလန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန် ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားပြည်ထောင်စု၊ ချက်ကိုစလိုဗက်ကီးယား ပြည်ထောင်စုတို့သည် ပြည်ထောင်စုသဘောတရား အမျိုးမျိုးကိုပေါ်လွင်စေ သည်။)


မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ်ဦးဖြစ်သော (၁ဝ၄၄)ခုနှစ်မှ စ၍ နန်းတက်သည့် အနော်ရထာမင်းသည် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပဒေသရာဇ်လက်နက်နိုင်ငံတော်ကို တည်ထောင်ခဲ့၏။ သို့ရာတွင် အနော်ရထာ၏ နိုင်ငံတော် မပေါ်ထွန်းမှီ မြန်မာနိုင်ငံ၏ နယ်မြေဒေသအတွင်းတွင် ပျူလူမျိုးတို့၏ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာနိုင်ငံတော်များ၊ မွန်တို့၏ သုဝဏ္ဏဘူမိနိုင်ငံတော်၊ ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ နိုင်ငံတော်များ၊ ရှမ်းတို့၏ နန်ရှောင်နိုင်ငံတော်စသည့် နိုင်ငံများသည် အုပ်ချုပ်ရေး၊ စာပေယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်ဝဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်ကို တွေ့ရပေမည် ။


ပျူလူမျိုးတို့သည် တိဘက်တိုဘားမင်းအုပ်စုဝင်များဖြစ်ကြပြီး တိဘက်ကုန်းမြင့်မှ ဆင်းသက်လာသည်။ မြန်မာပြည်ဒေသသို့ ရောက်သော အခါ ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ ကြသည်။ မွန်လူမျိုးတို့သည် မွန်ခမာ အနွယ်ဝင်များဖြစ်ကြပြီး သုဝဏ္ဏဘူမိ နှင့် ဟံသာဝတီနိုင်ငံများကို တည်ထောင်ခဲ့ကြသည်။ ရခိုင်လူမျိုးများသည် ရခိုင်ဒေသသို့ ရှေးဦးရောက်နှင့်လာကြသော ကမ်းယံလူမျိုး၊ သက်လူမျိုးများ နှင့် နောက်ပိုင်းမှ ဝင်ရောက်လာသော အာရီယံလူမျိုးများရောနှော နေထိုင် ခဲ့ကြပြီး ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်းကြတ်၊ မြောက်ဦး နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည် ။


ရှမ်းလူမျိုးတို့သည် ဆီနိုထိုင်း အနွယ်များဖြစ်ကြပြီး နန်ချောင်နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။ နောက်ပိုင်းတွင် စော်ဘွားနယ်များဖြင့် အုပ်စိုးနေထိုင်ခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် တိဘက်မြန်မာ အနွယ်များ ဖြစ်ကြပြီး ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ အမရပူရ၊ မန္တလေးနိုင်ငံတော်များကို တည်ထောင်ခဲ့ကြသည် ။


မြန်မာပဒေသရာဇ်ခေတ်သည် အေဒီ (၁ဝ၄၄)ခုနှစ်၊ အနော်ရထာ နန်းတက်သောနှစ်မှ သီပေါမင်းနန်းကျသော သက္ကရာဇ်(၁၈၈၅)ခုနှစ်ထိ ရှည် ကြာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လာမည့် သမိုင်းကြောင်း ကို လေ့လာမည်ဆိုပါက ထိုသမိုင်းကြောင်း ဖြစ်ပေါ်ရာ ပထဝီအနေအထားကို လည်း အနည်းငယ် သိမြင်ထားရန် လိုပေသည်။ ပထဝီအနေအထားများသည် ထိုတိုင်းပြည်၏ ရာဇဝင်သမိုင်းကြောင်းကို စီမံဖန်တီးရာတွင် အဓိကအချက်တချက်အနေဖြင့် ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်စွန်း၌တည်ရှိသည်။ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံတောင်ဘက်တွင် မုတ္တမကွေ့နှင့် ဘင်္ဂလား ပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မဏိပူရနယ်၊ အာသံနယ်နှင့် မြင့်မောက်သော တောင်တန်းကြီးများ၊ မြောက်ဘက်တွင် တိဘက်နိုင်ငံများ ရှိခဲ့ကြပေသည် ။


ရှေးမြန်မာမင်းတို့၏ လက်ထက်တန်ခိုးကြီးသော မင်းများသာလျှင် ဤမျှ ကျယ်ပြန့်သောဒေသနှင့် ၄င်းထက်ပိုသော ဒေသများကို သိမ်းပိုက် ပိုင်ဆိုင်ခဲ့ကြပြီး ကျန်အချိန်များမှာ တစိတ်တဒေသကိုသာပိုင်ဆိုင်ကာ ထီးပြိုင် နန်းပြိုင် တိုင်းငယ်ပြည်ငယ်ကလေးများ အဖြစ်သာ တွေ့မြင်ကြရပေသည်။
မြန်မာနိုင်ငံကို အကြမ်းအားဖြင့် သုံးသပ်ရလျှင် ပင်လယ်ကမ်းခြေ ဘက်တွင် ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်း ကြပ်၊ မြောက်ဦး။ မွန်တို့၏ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ(ပဲခူး)။ အလယ်ပိုင်း၌ သရေခေတ္တရာ(ပြည်)နှင့် ၄င်း၏ အရှေ့ဘက်၌ ကေတုမတီ (တောင်ငူ)၄င်း၏ မြောက်ဘက်၌ ပုဂံ၊ အင်းဝ၊ စစ်ကိုင်းစသည်တို့၏ တည်ရာဖြစ်သောဧရာဝတီ မြစ်ဝှမ်းအလယ်ပိုင်း၊ ထိုမှ မြောက်နှင့်အရှေ့ဘက်တို့တွင် ရှမ်းပြည်များတည်ရှိ ခဲ့ကြပေသည်။
စစ်ကိုင်း၊ အင်းဝ၊ ပုဂံပြည်ကြီး၏တည်ရာ ဧရာဝတီမြစ် အနောက်ဘက်ကို သုနာပရန္တတိုင်း၊ အရှေ့ဘက်ကို တမ္ပဒီပတိုင်းဟူ၍ ခေါ်ပြီး မြန်မာ တို့၏ဒေသဖြစ်သည်။ ပုသိမ်၊ မြောင်းမြ၊ ပဲခူး၊ ဟံသာဝတီ၊ မုတ္တမ၊ တနင်္သာရီ စသည်တို့ကား မွန်လူမျိုးတို့၏ ဒေသဖြစ်ခဲ့ကြသည် ။


မြန်မာနိုင်ငံ၏ မြေပုံကို ကြည့်လျှင် ရခိုင်ပြည်ကိုချန်လှပ်ထားသော မြန်မာနိုင်ငံကို တောင်နံရံတံတိုင်းကြီး ဝိုင်းရံလျက် ရှိသည်ကို တွေ့ရပေလိမ့်မည်။ နောက်ဘက်တွင် ပတ်ကွိုင်တောင်၊ နာဂတောင်၊ ချင်းတောင်၊ ရခိုင် ရိုးမတောင်တို့ပါဝင်သော တောင်တန်းမြင့်ကြီးသည် ကျော်ဖြတ်ရန်ခဲယဉ်းလှ၏။ ၄င်းတောင်တန်းနံရံကြီးကို ဖြတ်ကျော်၍ ဝင်ရောက်ရန် ခရီးလမ်းများမှာ စင်စစ်အားဖြင့် မြစ်ငယ်များစီးဆင်းနေသော တောင်ကြားများသာ ဖြစ်ကြ၏။ ဗြဟ္မပုတ္တရမြစ်ရှိရာ ဟူးကောင်းတောင်ကြားလမ်း၊ မဏိပူရမြစ်စဉ် အတိုင်း မဏိပူရလမ်း၊ အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်း၊ အရှေ့ဘက်တွင် တာပင်မြစ်ကြောင်းလမ်း (ဗန်းမော်)ကသာမှ ရွှေလီ မြစ်ကြောင်းလမ်း၊ မြစ်ငယ်ကြောင်းအတိုင်း ကွမ်းလုံကူးတို့ဆိပ်လမ်း၊ တောင်ဘက်တွင် ဂျိုင်းမြစ်ကိုလျှောက်၍ ကော့ကရိတ်လမ်း၊ မော်လòမိင်အရှေ့ဘက် တောင်ကုန်းများမှာ မမြင့်လှ၍ ကျော်ဖြတ်ရန် လွယ်ကူသည်။ ဤလမ်းများသည် မြန်မာတို့က နိုင်ငံခြားသို့ စစ်ချီရာလမ်းနှင့် နိုင်ငံခြားသားတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာလမ်းများဖြစ်ကြသည် ။


မြန်မာနိုင်ငံနှင့် ရခိုင်ပြည်တို့သည် ရခိုင်ရိုးမတောင်တန်းကြီး၏ အတားအဆီးကြောင့် စစ်မက်ရေးရာများကို ကာဆီးထားသကဲ့သို့ ရှိသည်။ ထို့ကြောင့်ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက်သောအကြိမ်ပေါင်း အလွန်နည်း သည်။ အနော်ရထာမင်းလက်ထက်တွင်တကြိမ်၊ အလောင်းစည်သူ လက်ထက်တွင် တကြိမ်၊ အင်းဝမင်းခေါင် လက်ထက်နှင့် တပင်ရွှေထီးတို့ လက်ထက်တွင် တကြိမ်စီ တိုက်ခိုက်ပြီး ရခိုင်ဘုရင် မင်းရာဇာကြီး လက်ထက်တွင် မြန်မာပြည်ဘက်သို့ တကြိမ်သာလာရောက်တိုက်ခိုက်သည်ကိုတွေ့ရပေသည်။ အမရပူရခေတ် ဘိုးတော်ဘုရားလက်ထက်ကျမှသာ မြန်မာတို့သည် ရခိုင်ပြည်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ။


အင်းဝ(မြန်မာ)နှင့် ဟံသာဝတီ(မွန်)တို့အကြားတွင် သွားလာရ လွယ်ကူသော ဧရာဝတီမြစ်ကြောင်းရှိခြင်းကြောင့် အကြိမ်များစွာ စစ်မက် ဖြစ်ပွါးကြသည်ကိုတွေ့ရပေသည်။ (အနှစ် ၄ဝ စစ်)။ ပြည်နှင့်တောင်ငူတို့သည် ဟံသာဝတီနှင့် အင်းဝတို့အကြား တွင်ရှိသော်လည်း ပြည်မှာ ဧရာဝတီမြစ်ကြောင်းလမ်းတွင်ကျပြီး တောင်ငူမှာမူ ပဲခူးရိုးမတောင် တန်းဖြင့် ပိုင်းခြား ကာကွယ် ထားသကဲ့သို့ရှိသည်။ ဟံသာဝတီနှင့် အင်းဝတို့ အပြန်အလှန် စစ်ပြုကြရာတွင်လည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရေကြောင်းချီ သည်က များပေသည်။ ထို့ကြောင့် သရေခေတ္တရာ(ပြည်)သည် ရှေးအခါက လွတ်လပ်ခဲ့သော်လည်း နောင်တွင် မြန်မာလူမျိုးနှင့် မွန်လူမျိုးတို့၏ လက်အောက်တွင် တလှည့်စီကျရောက်ခဲ့ရပေသည်။ ကေတုမတီ(တောင်ငူ)မှာကား စစ်မက် ဘေးမှ လွတ်ကင်းခဲ့ပေသည်။ ထို့ကြောင့် တဖြည်းဖြည်း အင်အားတောင့်တင်း လာပြီးလျှင် နောင်တွင် အင်းဝနှင့်ပဲခူး(ဟံသာဝတီ)တို့ စစ်ပန်းလာသောအခါ ထိုပြည်နှစ်ပြည်လုံးကိုပင် သိမ်းယူနိုင်ခဲ့ပေသည် ။


ရှမ်းပြည်ကား မြန်မာပြည်နှင့် တရုတ်တို့၏ ကြားတွင်ရှိ၍တခါတရံ သီးခြားလွတ်လပ်နေပြီး ရံဖန်ရံခါတွင် မြန်မာတို့၏ လက်အောက်ခံ ဖြစ်ကာ တခါတရံ တရုတ်တို့၏ လက်အောက်ခံလည်းဖြစ်ခဲ့သည်။ ထားဝယ်၊ တနင်္သာရီ၊ မုတ္တမတို့မှာလည်း ပဲခူး(မွန်)နှင့် ယိုးဒယား တို့အကြားတွင်ရှိပြီး မွန်တို့၏ လက်အောက်ခံဖြစ်ပြီး ရံဖန်ရံခါတွင် ယိုးဒယားလက်အောက်သို့ ကျရောက်ခဲ့ပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းကို ရေးသားဖေါ်ပြရာတွင် မြန်မာလူမျိုးတမျိုးတည်း၏သမိုင်းကိုဖေါ်ပြခြင်းထက်အခြားလူမျိုးများ၏ သမိုင်းအပါအဝင် ပြည်ထောင်စုသမိုင်းကိုသာ ဖေါ်ပြသင့်ပေသည်။ ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတွင် သမိုင်းကို ရေးသားဖေါ်ပြရာ၌ မွန်လူမျိုးများ၏ သမိုင်းနှင့် မွန်နိုင်ငံတော်များအကြောင်းကိုလည်းကောင်း၊ မွန် မင်းဆက်ကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ရှမ်းလူမျိုးတို့၏သမိုင်းနှင့် ရှမ်းနိုင်ငံတော်အကြောင်းကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ထိုနည်းတူစွာ ရခိုင် လူမျိုးတို့၏သမိုင်းနှင့် ထင်ရှားသောနိုင်ငံတော်များကိုလည်းကောင်း၊ ထင်ရှားသော ဘုရင်များအကြောင်းကိုလည်းကောင်း ဖေါ်ပြမှု၊ သင်ကြားမှုနည်းပါး ခြင်းကြောင့် သိရှိသူ အလွန်ပင် နည်းပေသည်။ အချို့မှာ ဥက္ကလာပမင်း၊ ရှင် စောပုဘုရင်မနှင့် ဓမ္မစေတီမင်းစသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ ဒါယကာများဖြစ်ကြသော ဘုရင်များကိုပင် မွန်ဘုရင် ဟူ၍လည်းကောင်း၊ သီဟသူ၊ အုန်းဘောင်ခုံမှိုင်း စသည့်မင်းများကိုလည်း ရှမ်းမင်းများဟူ၍ လည်းကောင်းသိကြသူနည်းပေသည်။ ထိုနည်းတူစွာ ရခိုင်မင်းဆက်မှထင်ရှားသောမင်းများဖြစ်ကြသည့် စန္ဒာသူရိယ၊ မင်းထီး၊ မင်းဘာကြီး၊ မင်းရာဇာကြီး စသည့်မင်းများအကြောင်းကိုကား သိရှိသူ အလွန်နည်းပါးလှပေသည်။ ဤသို့ဖြစ်ရသည်မှာ သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်း အနေဖြင့် ဖေါ်ပြခြင်းထက် မြန်မာသမိုင်းကိုသာ ဖေါ်ပြနေခြင်းကြောင့် ဖြစ်ပေသည်။ ထို့ ကြောင့် သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်းအနေဖြင့်သာ ဖေါ်ပြသင့် ပေသည်။ လူမျိုးတို့၏ သမိုင်းဟူသည် မေ့ပျောက်ချန်ထားသင့်သော အကြောင်းအရာများမဟုတ်ပေ ။


ထိုနည်းတူစွာ သမိုင်းကိုဖေါ်ပြရာ၌လည်း ဖြစ်ရပ်မှန်များအတိုင်း ရေးသားဖေါ်ပြရန်လို၏။ ဤသို့ ဖေါ်ပြခြင်းသည် ပဒေသရာဇ်ခေတ်တွင် ဖြစ်ခဲ့သည်များကို အကြောင်းပြု လူမျိုးအချင်းချင်း အမုန်းပွါးရန် မဟုတ်ပေ။ လူမျိုးတို့၏ သမိုင်းမှတ်တမ်းကို သုံးသပ်ပြီး သင်ခန်းစာယူကာ အနာဂတ် နိုင်ငံတော်တည်ဆောက်ကြရန်သာဖြစ်၏။ (အတိတ်ကာလက ဂျပန်လူမျိုးများသည် ဖက်ဆစ်စနစ်ဖြင့် မြန်မာနိုင်ငံကို အုပ်စိုးခဲ့ခြင်းကြောင့် ယနေ့ ခေတ်ဂျပန်လူမျိုးများအား မုန်းတီးမှုများမထားသင့်ပေ၊ သို့ရာတွင် စစ်ဝါဒီ ဖက်ဆစ်တို့၏ သဘောကိုမူ သုံးသပ်ဆင်ခြင်အပ်ပေသည်)။ ရှည်ကြာများ မြောင်လှသောသမိုင်းကြောင်းသည် လူမျိုးတမျိုး၏ရှေ့ခရီးအတွက် အင်အား တရပ်လည်းဖြစ်ပေသည် ။


မြန်မာတို့သည်အနော်ရထာမင်းလက်ထက်မှစ၍ ရှမ်းတို့ကို သိမ်း သွင်းနိုင်ခြင်း၊ မဏိပူရနှင့်အာသံနယ်များကို သိမ်းပိုက်နိုင်ခြင်း၊ လင်းဇင်း၊ ဇင်းမယ်နှင့် ယိုးဒယားကို အောင်နိုင်ခြင်း၊ မွန်မြန်မာ အနှစ် (၄ဝ)စစ်ပွဲကို အပြီးသတ် အောင်မြင်ခြင်း တရုတ်တို့၏ ကျူးကျော်မှုများကိုတွန်းလှန်နိုင်ခြင်း၊ ရခိုင်ပြည်ကိုသိမ်းယူနိုင်ခြင်း (ဘိုးတော်ဘုရားလက်ထက်) ပန်းဝါစစ်ပွဲကို အောင်နိုင်ခြင်းစသည်တို့ကြောင့် မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်များ ထက်သန်ခဲ့ကြသည်။ မွန်လူမျိုး၊ ရခိုင်လူမျိုးတို့မှာမူ ပဒေသရာဇ်နိုင်ငံတော်များ ပျောက်ပြီး ဇာတိသွေးဇာတိမာန်များ ညှိုးနွမ်းခဲ့ကြရပေသည် ။


သို့ရာတွင် မြန်မာတို့သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ရှုံးနိမ့်ခြင်း၊ ဗြိတိသျှတို့၏ နိုင်လိုမင်းထက်ပြုမူမှုကို ခံရခြင်း၊ ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲနှင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲများတွင် ရှုံးနိမ့်ပြီး ထီးနန်းပါ ပျောက်ရသောအခါ အမျိုးသားဇာတိမာန်များ ညှိုးကျခဲ့ရပြန်သည်။ သူ့ကျွန်မခံလိုသောမြန်မာတို့၏ တော်လှန်ရေးသည်လည်း စည်းလုံးညီညွတ်မှု မရှိခြင်း၊ လက်နက်အင်အား၊ လူအင်အား မမျှခြင်းကြောင့် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး (၁ဝ)နှစ်ခန့်အကြာတွင် ကျရှုံးကာ အားမတန်မာန်လျှော့၍ မီးခဲပြာဖုံး ကြိမ်မီးအုံးဘဝသို့ ရောက်ရပြီး အင်္ဂလိပ်တို့၏အုပ်ချုပ်မှုအောက်တွင် ငြိမ်ဝပ်ပိပြား ခဲ့ရပေသည်။ အချို့မှာမှု အင်္ဂလိပ်တို့ကိုပင် အထင်ကြီးကာ အင်္ဂလိပ်တို့ပေးသော ရာထူးဌာနများ၌နှစ်ခြိုက်ပျော်ပိုက်လျက်ရှိကြပေသည်။ ပြည်သူအများမှာကား ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းကို တမ်းတ၍ မင်းလောင်းနှင့် တန်ခိုးရှင်များကိုသာ မျှော်လျက် ရှိကြပေသည် ။


မြန်မာတို့၏ ညှိုးနွမ်းခဲ့သော ဇာတိမာန်သည် မီးခဲပြာဖုံးဘဝမှ ရုရှား-ဂျပန်စစ်ပွဲကို အကြောင်းပြု၍လည်းကောင်း၊ ပထမ ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍လည်းကောင်း ပြန်လည်နိုးကြားလာခဲ့ပေသည်။ ဤသို့ဖြင့် ဝိုင်အမ်ဘီအေ အသင်းကြီး ပေါ်ပေါက်လာခဲ့ပြီး ထိုအသင်းကြီးမှ ချမှတ်လိုက်သော အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတည်း ဟူသော ဝံသာနုရက္ခိတ တရားများပေါ်ထွန်းလာခဲ့ပေသည်။ ထိုတရားများသည် ဦးဥတ္တမ၏ “ကြောက်သွေးပါရင် ဇာဂနာနှင့် နှုတ်ပစ်”၊ “ခရက်တောက်ထွက်သွား”စသည့် ရဲရဲတောက် ဟောပြော စည်းရုံးမှုများကြောင့် အမျိုးသားရေးစိတ်ဓာတ်များနိုး ကြားလာခဲ့ပေသည်။ (၁၉၂ဝ)ခုနှစ် ကျောင်းသားသပိတ်ကြီးမှာမူ အမျိုးသားရေး စိတ်ဓာတ်ကို တရှိန်ထိုး တွန်းတင်ပေးသကဲ့သို့ရှိပေသည်။ ဒို့ဗမာအစည်း အရုံးခေတ်သို့ရောက်သောအခါ “ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့ စာ၊ ဗမာစကားသည် ဒို့စကား၊ ဗမာပြည်ကို ချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့ စကားကို လေးစားပါ”ဟူသော အမျိုးသားရေးဝါဒသည် ငွါးငွါးစွင့်စွင့် ပေါ်ထွက်လာခဲ့ပေသည်။
“ဗမာ့ထွက်ရပ်ဂိုဏ်း”ခေတ်သို့ရောက်သောအခါ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး စသည့် အမျိုးသားရေးဝါဒဖြင့် အမျိုးသား လွတ်မြောက်ရေးလက်နက်ကိုင် တိုက်ပွဲကို ဆင်နွှဲခဲ့ကြပေသည် ။


(၁၉၄၆-၄၇) ခုနှစ်များဖြစ်သော လွတ်လပ်ရေး အကြိုကာလသို့ ရောက်သောအခါ မြန်မာတို့၏ အမျိုးသားရေးဝါဒသည် အလှည့်အပြောင်း တခုသို့ ရောက်လာပြီး အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စု သဘောတရားများကို ပေါင်းစပ်ကာ “ပြည်ထောင်စု စိတ်ဓာတ်” တည်းဟူသော အမျိုးသားများ ပေါင်းစည်းရေးဝါဒ (သဘောတရား)သည် ပေါ်ထွန်းလာခဲ့ပေသည်။ ထိုသို့ ဖြစ်ပေါ်ရန် စေ့ဆော်သည့် နိုင်ငံရေး အခြေအနေများလည်း ရှိခဲ့ပေသည် ။


ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို မြန်မာဒေသ၊ ရခိုင်ဒေသ၊ မွန် ဒေသများကိုပေါင်းလျက် “မြန်မာပြည်မ” ဟူ၍ အုပ်ချုပ်ပြီး ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းဒေသများကိုမူ တောင်တန်းအထူးဒေသများအဖြစ် သီးခြားခွဲ၍ အုပ်ချုပ်ခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ မြန်မာ အမျိုးသားများ၏ နိုင်ငံရေးအရ နိုးကြားမှု ကမ္ဘာ့နိုင်ငံတကာ နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားလွတ်မြောက်ရေး လူပ်ရှားမှုအရှိန်အဟုန် ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရမည့် အခြေအနေ ရောက်ရှိသောအခါ ဗြိတိသျှအစိုးရသည် ရှမ်းပြည်နှင့် တောင်တန်းနယ်များကို ချန်ထားလိုသောသဘောထားများရှိခဲ့ကြပေသည်။ ထိုသဘောထားများ ကို (၁၉၄၅)ခု မေလ(၁၇)ရက်နေ့တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် အထင်အရှား တွေ့ရပေသည် ။


ယင်း စက္ကူဖြူစာတမ်းတွင်- “ရှမ်းပြည်အပါအဝင် တောင်တန်းဒေသများကိုမူ မြန်မာပြည်မနှင့် အဆိုပါဒေသများ တလုံးတစည်းတည်း ပူးပေါင်းရန် တောင်တန်းဒေသများက ဆန္ဒမရှိသရွေ့ ထိုဒေသများကို ဘုရင်ခံက သီးခြားအုပ်ချုပ်သွားမည်”ဟု ဖေါ်ပြထားသည် ။


ဤအချက်အရ မြန်မာပြည်မကို လွတ်လပ်ရေးပေးသည့်တိုင်အောင် တောင်တန်းဒေသများကို ချန်ထားမည့် ဗြိတိသျှအစိုးရ၏ သဘောထားမှာ ထင်ရှားပေသည်။ ထို့ကြောင့် ပြည်မနှင့်တောင်တန်းဒေသများသည် လွတ် လပ်ရေးယူရာတွင်ပူးပေါင်းရေး/မပူးပေါင်းရေးသည် ပြဿနာတရပ်အနေဖြင့် ပေါ်ပေါက်လာခဲ့ပေသည်။ တနည်းအားဖြင့် တောင်တန်းဒေသများ အနာဂတ်ရေးသည်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြဿနာတရပ် ဖြစ်လာတော့သည်။ တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင်လည်း လူဦးရေအားဖြင့် အတော်အသင့်များပြီး နယ်မြေအားဖြင့် ကျယ်ဝန်းသော ရှမ်းပြည် နှင့် ပူးပေါင်းရေးသည် အဓိကအခန်းကဏ်ဏ္ဍမှ ပါဝင်လာရပေသည် ။


တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင် ဖဆပလ၏ သဘော ထားကို(၁၉၄၅)ခုသြဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပသော နေသူရိန်အစည်းအဝေးကြီး၌ ကြေညာခဲ့သည့် ကြေညာချက်တွင် အောက်ပါအတိုင်း တွေ့ရပေသည်။ “ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ကသာ ဖန်တီးနိုင်ပြီး အားလုံး၏ သဘောနှင့်ညီညွတ်စွာထူထောင်သော နိုင်ငံတည်ထောင်ရန်။ ဤသို့တည်ထောင်ရာ၌ ပါဝင်သော လူမျိုး အသီးသီးအား မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သော အခွင့်အရေးပေး ထားရန်”

ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ရေးနှင့်ပတ်သက်၍ -

၁) ဗမာများကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရသကဲ့သို့ တခြားတိုင်းရင်းသားများလည်း ရရမည်ဆိုသည့် သဘောမှ ဗမာများနှင့် အခြားတိုင်း ရင်းသားများ တန်းတူအခွင့်အရေး ရရမည် ။

၂) လွတ်လပ်လာမည့်မြန်မာနိုင်ငံကိုလည်း တိုင်းရင်းသားအားလုံး၏ သဘော ဆန္ဒနှင့်အညီသာ ဖွဲ့စည်း တည်ထောင်သွားမည် ဆိုသည့် သဘောထားများကို တွေ့ရသည် ။

(၁၉၄၅)ခု နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံကြီးတွင် တင်သွင်းသည့် အဆိုအမှတ်(၆) တိုင်းရင်းသား လူနည်းစုအရေးအဆိုနှင့် အဆို အမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်းရေးအဆိုများတွင်လည်း အထက်ပါသဘောထားများကို အထင်အရှားတွေ့ရပေသည် ။


အဆိုအမှတ်(၆)တွင်- “လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်း သားလူနည်းစု၊ လူမျိုးစုအားလုံး သဘောတူတဲ့ နည်းနဲ့ လွတ်လပ်စွာတည် ထောင်ရန် ကျနော်တို့က သဘောတူကြောင်း ကတိပေးပါသည်။ မည်သည့် တိုင်းရင်းသားလူနည်းစုမဆို မိမိတို့ကြမ္မာကို မိမိတို့ ဘာသာ ဖန်တီးခွင့်ပေး ပါမည်။ ကျနော်တို့နှင့် ခွဲလိုတဲ့ အခါမှာ ခွဲခွင့်ရှိကြောင်း ကတိပြုပါသည်။ လူမှန်လျှင် အခွင့်ရေးတူရှိရမည်ကို သဘောပေါက်ပြီးသားဖြစ်သော (၄၆) ခုနှစ် မြန်မာတို့အပေါ်၌ လူနည်းစုကို ချုပ်ချယ် လိမ့်မည်ဟု သံသယရှိဖွယ် မဟုတ်တော့ပါ”


အဆိုအမှတ်(၇)တွင်- “မြန်မာတို့နှင့် ခွဲရေးတွဲရေးကို ဗြိတိသျှတို့က မဆုံးဖြတ်ပဲ မြန်မာ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ် အချင်းချင်းသာ လွတ်လပ်စွာ ဆွေးနွေးဆုံးဖြတ်ရန်” ရှမ်းတို့၏ သဘောထားများကိုလည်း အောက်ပါအတိုင်း တွေ့ရပေမည် ။


“ရှမ်းစော်ဘွားအချို့က ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးရယူပြီး ဗြိတိသျှဓနသဟာယနယ်အတွင်း ပါဝင်လိုကြသည်။ စော်ဘွားအချို့ကမူ ရှမ်းပြည်ကို မြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်နှင့် မလေးနိုင်ငံများကဲ့သို့ပေးရန် တောင်းဆိုလိုကြသည်။ (ရပလ) ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ကြီး အဖွဲ့ဝင်များကမူ ဗမာပြည်နှင့် ပေါင်း၍ လွတ်လပ်ရေးကို ရယူလိုကြသည်။ သို့ရာတွင်-

၁) ပြည်ထောင်စုမူအရ ပေါင်းရမည်။
၂) အခွင့်အရေးနှင့် အဆင့်အတန်းတူ ဖြစ်ရမည်။
၃) ရှမ်းပြည်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရမည်။
၎) ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးရမည်။”


မည်သို့ပင်ရှိစေ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံတွင်တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး “မြန်မာပြည်နှင့်ပေါင်း၍ လွတ်လပ်ရေးကိုယူမှသာ ရှမ်းပြည်နှင့် ကချင်၊ ချင်း အစရှိသော တိုင်းရင်းသား တို့သည် လွတ်လပ်ရေးကို အလျင်အမြန်ရမည်” ဟူသော အဆုံးအဖြတ်ပေါ် မူတည်၍ ပူးပေါင်းကြရန် သဘောတူခဲ့ကြသည်။ ဤသို့ဖြင့် ပင်လုံသဘောတူစာချုပ် ပေါ်ပေါက်လာခဲ့ရပေသည် ။ ပင်လုံစာချုပ်သည် ရိုးရိုးရှင်းရှင်း စာချုပ်တခုမျှသာဖြစ်သည် ။


ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာမူများကို ဖေါ်ပြထားခြင်းမရှိပေ။ သို့ရာတွင်ပင်လုံ စာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးချက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များ၊ အပြန်အလှန် နားလည်သဘောပေါက်ပြီးသဘောတူ ညီချက်များနှင့် ကတိကဝတ်များအနေဖြင့်သာ တည်ရှိပေသည်။ ဤအချက်များမှာ ပင်လုံစိတ်ဓာတ်ခေါ် ပြည်ထောင်စုစိတ်ဓာတ် ပင်ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ခဲ့ကြသော ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ တန်းတူခြင်း၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီကျခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုခြင်း၊ လူနည်းစု လူမျိုးစုများ၏ အခွင့်အရေးကို အလေးအနက်ထားခြင်းများလည်း ဖြစ်ပေသည်။ တနည်းအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားများအားလုံး လွတ်မြောက်ရေးတည်းဟူသော ဘုံအကျိုးစီးပွါးအတွက် အကျိုးတူ၊ သဘောတူ ပူးပေါင်းခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်၏ အဓိကမျှော်မှန်းချက် ဖြစ်ပေတော့သည် ။


အပိုင်း (ခ)

တိုင်းရင်းသားလူမျိုးများအပေါ် သဘောထား သို့မဟုတ် ပြည် ထောင်စုစိတ်ဓာတ်ကို ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းခဲ့သော အဆိုများ၌ ပီပြင်စွာတွေ့မြင်ရသည့်အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ဖြစ်တည်မှုအခြေခံနှင့်လည်း အလွန်ကိုက်ညီမှုရှိသည်ကို တွေ့ ရပေသည်။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် အဆို (၁၄)ချက်ကိုတင် သွင်းခဲ့ရာ အပိုဒ် (၃)တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်။

၃(၁) အောက်ပါ အင်္ဂါလက္ခဏာအားလုံးနှင့်သော်လည်းကောင်း၊ အချို့ သော်လည်းကောင်း၊ ပြည့်စုံ၍ (ခ)(ဂ)(ဃ)(ခ)တို့၌ ဖော်ပြထားသော နယ်မြေများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်သတ်မှတ်၍ နောင်အခါ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် ထိုသို့ ဆုံးဖြတ် သတ်မှတ်သောတရားဥပဒေနှင့်အညီပြည်ထောင်စုပြည်နယ် အဆင့်အတန်းကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်အဆင့်အတန်းကိုဖြစ်စေ လူမျိုးစုပြည်နယ် အဆင့်အတန်းကိုဖြစ်စေရရှိမည်။


အင်္ဂါလက္ခဏာများကား-

၁) ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း။
၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း။
၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း။
၎) ရာဇဝင်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း။
၅) စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးနှင့်စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း။
၆) လူဦးရေ အတော်အတန်ရှိခြင်း။
၇) သီးခြားပြည်ထောင်စု အဖွဲ့ဝင်တခု အဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်းနေလိုသော ဆန္ဒရှိခြင်းတို့ဖြစ်လေသည်။
ထိုနယ်မြေများသည် မိမိတို့အားအပ်နှင်း၍သော်လည်း ကောင်းခွဲဝေ လွှဲအပ်၍သော်လည်း ရရှိသောအာဏာနှင့် အလုပ်ဝတ္တရားများကို သုံးစွဲ ဆောင်ရွက်ရမည်။
၃(၂) ထိုအာဏာနှင့် အလုပ်ဝတ္တရားများသည်ပဏာမပြင်ဆင်မှုညီလာခံ သဘင်ကခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဘက် သဘောတူညီချက်ကိုရပြီးမှ ဆုံးဖြတ်သတ်မှတ်ရမည့် အာဏာနှင့်အလုပ်ဝတ္တရားများဖြစ်ကြသည်။ အထက်ပါ ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိလာသော သဘောတူညီချက်သည် ဖဆပလ အမှုဆောင်အဖွဲ့၏အတည် ပြုချက်ကို ခံယူရမည် ။


အထက်ပါဖေါ်ပြခြင်များကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်ပြည်နယ်များ၏ အဆင့်အတန်းကို အခြေခံအင်္ဂါရပ်(၇)ရပ်သတ်မှတ်ပြီး ထိုအင်္ဂါရပ်များပေါ်မူတည်၍ ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစု ပြည်နယ်ဟူ၍ ပြည်နယ်များ၏ အဆင့်ကို ခွဲခြားသတ်မှတ်ဖေါ်ပြထားသည်ကို တွေ့ရသည်။ ဤသည်မှာ မြန်မာနိုင်ငံရှိ လူမျိုးများ ဖြစ်ပေါ်တိုးတက်မှုအားဖြင့် အဆင့်ဆင့်ကွဲပြားလျက်ရှိရာ ထိုအခြေအနေများနှင့် လွန်စွာကိုက်ညီမှု ရှိသည်ဟု ဆိုရပေမည်။ အပိုဒ်ငယ်(၂)တွင်လည်း ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများကို ဆွေးနွေးညှိနှိုင်းပြီး နှစ်ဦးနှစ်ဘက် သဘောတူမှ ဆုံးဖြတ်မည်ဟူ၍ ပါရှိသည်မှာ ဒီမိုကရေစီကျပြီး လူမျိုးများ၏ အခြေခံအခွင့်အရေးများကို လေးစားရာရောက်ပေသည်။
အပိုဒ်(၄)တွင် အောက်ပါအတိုင်းဖေါ်ပြထားပေသည် ။


၎။ (ဤနေရာမှစ၍အောက်တွင်ပြည်ထောင်စုဥပဒေပြုအဖွဲ့ဟုခေါ်ဆိုအပ်သော)ဗဟိုဥပဒေပြုအဖွဲ့၏ စီရင်ပိုင်ခွင့်အာဏာသည် ပြည်ထောင်စု နိုင်ငံ တဝှမ်းလုံး၌တည်ရမည်။ ပြည်ထောင်စုပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ရပြည်နယ် သို့မဟုတ် လူမျိုးစုပြည်နယ် တို့၏ ဥပဒေအဖွဲ့များကို လုံးဝခွဲဝေ လွှဲအပ်ပေးသည့် ဌာနအမျိုးအစားထဲတွင်မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားစေကာမူ ပြည်ထောင်စုဥပဒေအဖွဲ့၏ ဥပဒေပြုအမိန့်အာဏာသည် အောက်၌သီးခြားဖေါ်ပြထားသော ဌာနအမျိုးအစားများတွင် ပါဝင်သည့် ကိစ္စအားလုံးတို့ အပေါ်၌ တည်ရမည် ။

၁) ပြည်ထောင်စုအစိုးရဌာနများကိစ္စ။
၂) ပြည်နယ်အချင်းချင်းကိစ္စများ။
၃) ကျန်ကိစ္စများ။
၎) ပြည်ထောင်စုတစ်နိုင်ငံလုံးနှင့်ချီ၍ စီးပွားရေးတိုးတက်အောင်ပြုရန်ရှိသော ကိစ္စများ။
၅) ပြည်ထောင်စုနယ် ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ် လူမျိုးစု ပြည်နယ် တို့မှတပါး ကျန်နယ်မြေများနှင့် စပ်လျဉ်းသောကိစ္စများ။
(မှတ်ချက်။ အထက်ပါပုဒ်မ(၄)ပုဒ်မခွဲ(၅)တွင်ဆိုထားသောကျန်နယ်မြေများအတွက် ဥပဒေပြုအဖွဲ့များသတ်သတ်ထားရှိမည်မဟုတ်ချေ။)
အထက်ဖေါ်ပြပါအချက်များကို သုံးသပ်မည်ဆိုပါက ပြည်ထောင်စု ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစု ပြည်နယ်များသည် လုံးဝ ဥပဒေပြုအာဏာများရှိကြပြီး၊ ကျန်ဒေသများတွင်ကား ဥပဒေပြုအာဏာပေးထားမည် မဟုတ်သည်ကို တိတိကျကျ ဖေါ်ပြထားပေသည်။


၇(၁) တိုင်းရင်းသားလူနည်းစုများ ၏ အခွင့်အရေးများဖြစ်သော
၁) လူတို့၏ အခွင့်အရေး။
၂) လူမျိုးတို့၏ စရိုက်၊ ထုံးစံဓလေ့၊ စသည်တို့နှင့် ဆိုင်သော သို့မဟုတ် ယဉ်ကျေးမှုနှင့်ဆိုင်သော အခွင့်အရေးများ။
၃) ကိုယ်ပိုင်ယဉ်ကျေးမှုပြဌာန်းနိုင်ခွင့်ကိုမထိခိုက်စေပဲ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး
၎) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သောကိုယ်စားလှယ်ဦးရေပါဝင် နိုင်ရေး။


ထိုအခွင့်အရေးများကို လူမျိုးရေးအားဖြင့်လည်းကောင်း၊ ဘာသာ စကားအားဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့် လည်းကောင်း၊ ရာဇဝင် အစဉ်အလာများအားဖြင့်လည်းကောင်း၊ လူများစုနှင့်ကွဲပြားခြားနားသော သူများလည်းဖြစ်၍ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့ဝင်တခုတွင် လူဦးရေ ဆယ်ပုံတပုံထက်မနည်းရှိသည့် သူများလည်းဖြစ်သော ပြည်သူတစုသည် ခံစားနိုင်သည်ဟု အာမခံချက် ရှိရမည်။


ဤအပိုဒ်တွင်မူ လူနည်းစုလူမျိုးစုအရေးကို အလေးပေးဖေါ်ပြထားသည်ကို တွေ့ရပေမည် ။
၈။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် လူမျိုးစု ပြည်နယ်တို့အား ပိုင်းခြား ခွဲဝေလွှဲအပ်ထားသောအာဏာများမှတပါးလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမတမြန်မာနိုင်ငံတော်၏ ဥပဒေပြု အာဏာကိုလည်းကောင်း၊ အုပ်ချုပ်မှုအာဏာကိုလည်းကောင်း၊ တရားစီရင်မှုအာဏာကိုလည်းကောင်း စိုးပိုင်ရမည်။ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကတည်ထောင်ထားသောပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရဌာနများက သော်လည်းကောင်း၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။ ပြည်ထောင်စုအာဏာနှင့် ပြည်နယ်၏အာဏာကို ခွဲဝေသတ်မှတ်ထား မည်ကို အတိအကျဖေါ်ပြထားခြင်းဖြစ်ပေသည်။


၉။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိပြည်သူအားလုံးတို့၏ အထွဋ်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော်၏ အကြီးအမှူးဖြစ်သည့် နိုင်ငံတော် သမတနှင့်တကွ ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော် နှစ်ရပ်ပါသော ပြည်ထောင်စု မဟာလွှတ်တော်သည် ပြည်ထောင်စု ဥပဒေပြု အာဏာကိုစိုးပိုင်ရမည်။ နိုင်ငံတော်သမတအား ပြည်ထောင်စု မဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော် အမတ်များကို လျို့ဝှက်သော မဲဆန္ဒပေးစနစ်ဖြင့် အရွယ်ရောက်သူတိုင်းက ရွေးကောက်တင်မြှောက်ရမည်။

လူမျိုးစုလွှတ်တော်တွင် ပြည်ထောင်စုပြည်နယ်မှလည်းကောင်း တိုင်းရင်းသားလူနည်းစုမှ လည်းကောင်း ပြည်ထောင်စုအဖွဲ့ဝင်တခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်းအပ်သော ကျန်နယ်မြေများ မှလည်းကောင်း၊ ကိုယ်စားလှယ်အမတ်များ ပါဝင်ရမည်။


ဤအပိုဒ်သည်လည်း ပြည်ထောင်စု နိုင်ငံတနိုင်ငံအတွက် အဓိကကျသည့်အပြင် လူမျိုးများတန်းတူရေးအတွက် အရေးပါသည့် လွှတ်တော်နှစ် ရပ်ထားရှိရေးကို ထင်ထင်ရှားရှားဖေါ်ပြထားခြင်းဖြစ်သည်။ အားလုံးကို ခြုံ၍ ပြောပြရမည်ဆိုပါက ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော ပြည်ထောင်စုမူသည် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေနှင့် ကိုက်ညီသော မူတရပ်ဖြစ်သည်ဟုဆိုရပေမည်။


၎င်းအပြင် မြန်မာနိုင်ငံအတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များနှင့်၎င်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားချက်များတွင် ဗိုလ်ချုပ်၏ ပြည်ထောင်စု သဘောတရားနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမို၍ ရှင်းလင်းစွာ တွေ့နိုင်ပေသည်။


လမ်းညွှန်မူ(၇)ချက်မှာ-

၁။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။

၂။ ပြည်ထောင်စုနိုင်ငံတော်တွင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကသတ် မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက်၊ သို့သတ်မှတ် ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာရရှိစေရမည်။

၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။

၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လူနည်းစုအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။

လမ်းညွန်ချက်များအရဆိုပါက မြန်မာနိုင်ငံတော်ကို ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပေသည်။ ထိုပြည်ထောင်စုတွင် တသီးပုဂ္ဂလ ပြည်နယ်များ(သို့မဟုတ်)သီးခြားပြည်နယ်များပါရှိရမည်။ ၄င်းအပြင် ပြည်နယ်မရရှိသော လူမျိုးများအတွက်လည်း တိုင်းရင်းသားလူနည်းစု လူမျိုးစု အခွင့်အရေးများ သတ်မှတ်ထားရှိပြီး လုံလုံလောက်လောက် ကာကွယ်ပေးရမည်ဟူသည့် အချက်များအထင်အရှားပါရှိပေသည်။ ရှင်းလင်းချက်များ၌ဖေါ် ပြရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ် အခြေခံများကို ထင်ဟပ်စေပါသည်။


မြန်မာ ပြည်ထောင်စုနိုင်ငံတော်ဆိုတာကို ကျနော် အထူးရှင်းပြ နေစရာမလိုပါဘူး။ သည်နိုင်ငံတော်ကို ပြည်ထောင်စုတွေ စုထားမည်ဆိုတဲ့ သဘောလောက်ပါပဲ။ ပြည်ထောင်စုနိုင်ငံတော်ဆိုကတည်းက ကျနော်တို့ အခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ (Unitary Constitution) လူတမျိုး တည်းဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနှင့် လူမျိုးပေါင်းစုံပြည်ထောင်စုနိုင်ငံဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပါတယ်။ အဲသည်တော့ ကျနော်ကနေပြီးပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ့စည်းအပ်တယ်လို့ အဆိုသွင်းတဲ့ကိစ္စမှာ ယခု ကြွရောက်လာကြတဲ့ အမတ်မင်းများက ဗမာနိုင်ငံတော်ကို သည်လိုပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်နှင့် ဖွဲ့စည်းအပ်တယ်လို့ဆိုတဲ့ အခြေခံမူဟာ သင့်မသင့်ကို သည်လွှတ်တော်ကြီးက စဉ်းစားဘို့ပါပဲ ။


ကျနော်တို့အခုဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေတွေကို ထောက် လို့ကြည့်လျှင် ကျနော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ်နှင့် ဖွဲ့စည်း တည်ထောင်မှသာလျှင် သင့်လျော်လျောက်ပတ်လိမ့်မယ်လို့ ယူဆတဲ့အတိုင်း သည်အခြေခံသဘောကို သည်အဆိုထဲမှာ ထည့်သွင်းပြီး သည်လွှတ်တော်ကြီးမှာတင်သွင်းခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတော်ဆိုသည်မှာ တင်ပြထားခြင်းအားဖြင့် ယခု သည်တိုင်းပြည်ပြု လွှတ်တော်မှာကြွရောက်လာကြတဲ့ တောင်တန်းဒေသများ ကိုယ်စားလှယ် အမတ်မင်းများဟာ ပြည်ထောင်စု နိုင်ငံတော်တွင် သူတို့သက်ဆိုင်ရာနယ်များက ပါဝင်ပြီးသားဖြစ်သွားမည်လားဆိုပြီး သံသယရှိနေတယ်လို့ ကျနော်သိရပါတယ် ။


အဲသည်တော့ ဒီကစ္စနှင့်ပတ်သက်လို့ ကျနော် တိတိလင်းလင်း ရှင်းလင်းချင်တာကတော့ ဗမာပြည်ထောင်စုနိုင်ငံတော် လို့ခေါ်တွင်ဖို့ဆိုပြီး တော့ သည်အဆိုထဲမှာတင်ပြထားပေမည့်သည်ပြည်ထောင်စုနိုင်ငံတွေထဲမှာ ဘယ်နယ်တွေပါလို့၊ ဘယ်နယ်တွေပါရမည်လို့၊ သတ်မှတ်ထားခြင်း မရှိသေး ပါဘူး။ သည်တော့ တောင်တန်းဒေသကနေပြီးတော့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမျှသည်ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်စရာအလျှဉ်း မရှိပါဘူး။ သည်ပြည်ထောင်စုနိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ် ဆိုင်ရာမှနေပြီးတော့ ပါချင်မှပါနိုင်တာပဲ။ သည်တိုင်းပြည်ပြုလွှတ်တော် မဖွဲ့ စည်းမီအခါမှာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းရန်အလို့ငှါ ကျနော်တို့သဘော တူညီချက်တွေ စာချုပ်အမျိုးမျိုးချုပ်တဲ့အခါတုန်းက တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် ကျနော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဆိုလို့ရှိရင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံးစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များကို ကျနော်တို့ လက်ခံလာခဲ့သည့် အတိုင်းဖြစ်စေ၊ အဲသည်လို လက်ခံထားခဲ့သည့် စာသဘောတွင်မကဘဲ (Not only the letter of agreement) သည်စာသဘောကို ကျနော်သဘောတူညီလာခဲ့တာတွင် မကဘဲ၊ ကျနော်တို့အဘို့မှာဆိုလိုရှိရင် (The spirit of agreement) သဘောတူညီလာခဲ့တဲ့ တကယ့်အရင်ခံ သဘောတရားကို လက်ခံပြီးတော့၊ သည် အတိုင်းဘဲ သည်တိုင်းပြည်ပြု လွှတ်တော်မှာ လုပ်မှာပါဘဲဆိုတာ၊ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်း နားလည်စေချင်ပါတယ်။ ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကို၊ နယ်ချဲ့သမားတွေလို ကျနော်တို့ ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။ သည်လို ပေးပြီးသား ကတိနှင့် နားလည်ပြီးသား သဘောတူညီချက်ကို ဖေါက်ဖျက်မည်လားလို့ သံသယရှိတဲ့လူတွေဟာ ဥက္ကဋ္ဌမင်း ခွင့်ပြုချက်အရပြောရလျင် ကျနော်တို့ ရဲ့ (Sensne of honour, Sense of self-respect, Sense of pride) တို့ကို စော်ကားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲသည်တော့ ကျနော်တို့ ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူညီချက်တို့အရ၊ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ပြု လွှတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာနားလည်စေချင်တာက ဘယ်နည်းနှင့်မျှ ကျနော်တို့ဗမာ လူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ကို အတင်းအားဖြင့် ကျနော်တို့ ပြည်ထောင်စုထဲမှာ မသွင်းပါဘူး။ သဘောမတူဘဲနေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးကြား လိမ်တဲ့နည်းနှင့်လည်း ကျနော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေချင်ပါတယ် ။


ဤရှင်းလင်းချက်များက ပေါ်လွင်စေသည်မှာ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့် အားလျော်စွာ လူမျိုးပေါင်းစုံ ပြည်ထောင်စု နိုင်ငံသာဖြစ်ရမည်။ ပြည်ထောင်စုများကို ပေါင်းထားသည့် ပြည်ထောင်စု ဖြစ်ရမည်ဟူ၍ ထပ်မံ ရှင်းလင်းထားသည်ကို တွေ့ရပေသည်။ ပြည်ထောင်စုတွင် ပါဝင်မည့် ပြည်နယ်များအနေဖြင့်လည်း လွတ်လပ်မူရှိပြီး မိမိ၏ ဆန္ဒသဘော အလျောက်သာ ပါဝင်ရမည်။ အတင်းအကျပ်အားဖြင့် ပါဝင်စေခြင်းပြုလုပ်ရမည် မဟုတ်သည်ကိုလည်း ရှင်းလင်းထားပေသည်။ တဖန် ပင်လုံတွင်ချုပ်ဆိုခဲ့သော စာချုပ်စာတမ်း၏သဘောအရ၊ ၄င်းတောင်တန်းဒေသဆိုင်ရာ အစီရင်ခံစာမှ ထောက်ခံချက်များကိုသာမက၊ နှစ်ဦးနှစ်ဖက် သဘောတူညီ ချက်များကိုပါ ဖေါက်ဖျက်မည်မဟုတ်ကြောင်း၊ ရှင်းလင်းဖေါ်ပြထားပေသည် ။


ဤရှင်းလင်းချက်၏အခြေခံအကြောင်းတရားများကိုနားလည်နိုင်ရန်အတွက် ပင်လုံစာချုပ်နှင့်တကွ ပင်လုံစာချုပ်တွင် မပါသော်လည်း ဗိုလ်ချုပ်နှင့် တိုင်းရင်း သားခေါင်းဆောင်များ ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များ၊ အပြန်အလှန် သဘောတူညီချက်များ ကတိကဝတ်များကိုပါ နားလည် သဘောပေါက်ရန်လိုပေသည် ။


ဗိုလ်ချုပ်နှင့် ရှမ်း၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံစားချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် သာမန် ရိုးရိုးရှင်းရှင်းစားချုပ်တခုမျှသာဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာ အခြေခံအချက်အလက်များနှင့် လုပ်ပိုင်ခွင့်အာဏာများကိုမူ ပြည့် ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိပေ။ ၄င်းစာချုပ်တွင် ဖေါ်ပြထားသည်မှာ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်း တို့သည် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာရလိမ့်မည်ဟု ယုံကြည်ကြသည် ဟူ၍ လည်းကောင်း၊ နယ်စပ်ဒေသများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်တန်းဒေသများကိုယ်စားလှယ်တဦးခန့်ထားရေး၊ ထိုကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ၊ ကချင်ပြည်နယ်ဖွဲ့စည်းရေးကိစ္စနှင့် ဤစာချုပ်ကို အကြောင်းပြု၍ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးများကို မထိခိုက်စေရန်စသည့် အချက်များလောက်သာ ဖေါ်ပြထားပေသည် ။


သို့ရာတွင် ပြည်ထောင်စုဖွဲ့စည်းရေးနှင့် သက်ဆိုင်သောအချက်များကိုကား တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြချက်များ၊ ဆွေးနွေးချက်များနှင့် အပြန်အလှန်သဘောတူနားလည်မှုများ၊ ကတိကဝတ်များ အနေဖြင့်သာ ရှိနေကြပေသည်။ ထိုကြောင့် ဗိုလ်ချုပ်၏ ရှင်းလင်းချက်တွင်- ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသော သဘောတူညီချက်တွေကို နယ်ချဲ့သမားလို ကျနော်တို့ ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ သဘောမတူဘဲ နေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးကြားလိမ်တဲ့နည်းနှင့်လည်း ကျနော် တို့မလုပ်ပါဘူး- ဟူ၍ပင် ထပ်လောင်း ကတိပြုခဲ့ပေသည် ။


ပြည်ထောင်စု ပြည်နယ်များနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ရှင်းလင်းထားသည်ကို တွေ့ရပေသည် ။


အဲသည် နိုင်ငံဟာလည်းသမတနိုင်ငံဖြစ်ရမယ်။ သမတစနစ်အရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖြစ်ရမယ်ဆိုတဲ့မူတွေ ထည့်ထားပါတယ်။ သည် နိုင်ငံတော်ဟာလည်း ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမယ် ။


ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွန်ပြ ဌာန်းချက်(၂)တွင်- ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက် ဟု ပါရှိပါသည်။ ထိုအချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ရှင်းလင်းခဲ့သည်မှာ- ကျနော်တို့သည် ပြည်ထောင်စုထဲမှာ ဘယ်နယ်ပယ်တွေ ပါမလဲဆိုတာကို သတ်မှတ်ရမည်။ အခု မသတ်မှတ်ရသေးဘူး၊ ပါချင်တဲ့နယ်တွေသာသတ်မှတ် ရမည်။ အခုမသတ်မှတ်ရသေးဘူး။ ပါချင်တဲ့နယ်မှ ပါကြပါဆိုတာ ရှင်းပါတယ်။ သို့သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိစေရမည် ။


ထိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နောက် ကျနော်တို့ အချင်းချင်း ဆွေးနွေး၊ တိုင်ပင်၊ ညှိနှိုင်းဆုံးဖြတ်ပြီးတဲ့နောက် သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများလည်း ရှိလိမ့်မည်။ အဲသည်တော့သည်ကိစ္စမှာ ရှင်းလင်းနားလည်စေချင်တာက သည်လို ပြည်ထောင်စုနိုင်ငံတော်ထဲမှာ တသီးပုဂ္ဂလ ပြည်နယ်များဟာ ဘယ်ပြည်နယ်တွေလဲ ဆိုတာသည်အထဲမှာ မပါသေးဘူး။ ဘယ်နယ်တွေက ပါချင်လို့ ဘယ်နယ်တွေက မပါချင်ဘူးဆိုတာ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည့် ပြည်နယ်များဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများ ရှိစေမယ်ဆိုတဲ့အတိုင်း၊ အဲသည် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာတွေကို သတ်မှတ်ဖို့ လိုတယ်။ အထူးသဖြင့် တောင်တန်းနယ်ပယ် ကိုယ်စားလှယ်များနှင့် တိုင်ပင် ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စဖြစ်ပါတယ် ။


အဲသည်လိုလုပ်ပြီးမှ သဘောတူသည်ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ် ချက်ကျသည်ဖြစ်စေ၊ အဲသည်လို ဆုံးဖြတ်ကြတဲ့အခါမှာ၊ သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများကို သဘောတူကျေနပ်လို့၊ ဝင် လာတဲ့ပြည်နယ်များသာ ပါလိမ့်မယ်။ ပြည်ထောင်စုနိုင်ငံဆိုပြီး အဲသည်လို သဘောလောက်သာထည့်ထားတယ်။ ဘယ်နယ်ကိုမှ ကျနော်တို့ အတင်း ထည့်ထားတာ မဟုတ်ပါဘူး ။


ဤရှင်းလင်းချက်များအရဆိုပါက ပြည်ထောင်စု ဖွဲ့စည်းရာတွင် တသီးပုဂ္ဂလပြည်နယ်များနှင့် ဖွဲ့စည်းရမည်။ ထိုပြည်နယ်များတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိရမည်။ ထိုအာဏာများကိုပင်လျှင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေး ဆုံးဖြတ် မည်။ ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဆုံးဖြတ်ချက်ကျပြီးပါမှ ထိုအချက်ပေါ်မှာ နှစ်သက်မှုရှိမှသာ ပြည်ထောင်စု အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်သည်။ မိမိသဘောဆန္ဒအရ မပါဝင်ဘဲလည်း နေနိုင်သည်များကို ရှင်းလင်းထားပေသည်။ ဤအချက် များကို ကြည့် ခြင်းအားဖြင့် ပြည်ထောင်စုပြည်နယ်များ ပါဝင်ရေးသည် အတင်းအကျပ် ပါဝင်စေခြင်းမရှိ၊ လွတ်လပ်ပြီးသဘော တူညီမှုရှိမှသာ ဝင်ရောက်နိုင်သည်ကို တွေ့ရပေမည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်သည် လွတ်လပ်မှု၊ တန်းတူမှု၊ ဒီမိုကရေစီကျမှု၊ လူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိမှု၊ လူမျိုးစုလူနည်းစု၏ အခွင့်အရေးများကို အလေးအနက်ထား အသိအမှတ်ပြုမှု စသည့် အခြေခံမူများပေါ်တွင် တည်ပေသည် ။


ဤသို့အားဖြင့် ဗိုလ်ချုပ်သည် မှန်ကန်သော အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါင်းစပ်ကာ အမျိုးသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်ခဲ့၏။ တိုင်းရင်းသားလူမျိုးများပြဿနာကို ရှုမြင်သုံးသပ်ရာ တွင် လူမျိုးစွဲ၊ ဆန္ဒစွဲကင်းရှင်း၏။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေများကို နိုင်ငံတကာအတွေ့အကြုံများနှင့် ပေါင်းစပ်ကာ စစ်မှန်သော ပြည်ထောင်စုမူတရပ်ကို ချမှတ်နိုင်ခဲ့၏ ။


တိုင်းရင်းသားလူမျိုးများ၏ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအသိအမှတ်ပြု၏။ စိတ်တူ၊ သဘောတူ၊ တန်းတူ ရည်တူမှုဖြင့် ပြည်ထောင်စုကိုတည်ဆောက်ခဲ့၏။ ဗိုလ်ချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီးလည်း ဖြစ်ပေသည်။ ဗိုလ်ချုပ်၏ ပြည်ထောင်စုစိတ်ဓာတ်ကား ချီးကျူးလေးစားအပ်သည်။ စံပြုအတုယူလောက်ပေသည်။ ယနေ့ကာလသည်ကား ဗိုလ်ချုပ်၏ ကောင်းမြတ်သောစံနမူနာနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို လက်ကိုင်ထား ပြီး၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို ပြန်လည်တည်ဆောက်ကြရမည့် အချိန်သမယဖြစ်ပေသည် ။


CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates