လွတ်လပ်ရေးနေ့မှာ ဖေါက်ခွဲဖို့ ထောင်ဗုံး တလုံး မူစယ်မြို့တွင်တွေ့ရှိ
သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့ ပေါက်စန်းရပ်ကွက် စိန်ပန်းဘုရင်နေကြာစေ့စက်ရုံအနီး ချိန်ကိုက်ဗုံးတလုံးတွေ့ ရှိသဖြင့် ဒေသခံလူထု အလှန့်တကြားဖြစ်ခဲ့ရကြောင်းသိရပါသည် ။
ဇန်နဝါရီလ ၃ ရက်နေ့က အဆိုပါချိန်ကိုက်ဗုံးကိုဒေသခံလူထုမှတွေ့ရှိမိရာမှ ဒေသတွင်းရဲများလာရောက် သိမ်းသွားကြောင်း မူစယ်ဒေသခံ စိုင်းလိတ်ကပြောသည်။
ဗုံးက ဇန်နဝါရီလ ၄ ရက်မှာ ပေါက်ကွဲအောင်ချိန်ထားတာ။ နမ့်ပိုင်ဖိုင်းချောင်းနား နေကြာစေ့စက်ရုံအနောက် ဘက်မှာရပ်ကွက်လူထုသွားတွေ့တာ။ အဲတာနဲ့ရဲကိုသွားတိုင်တော့ရဲလာသိမ်းသွားတယ်။ တော်သေးတယ် မပေါက်ကွဲလို့ - ဟု စိုင်းလိတ်ကပြောသည် ။
မူစယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မိုင်းယု ၁၀၅ မိုင်၊ မုံးကိုးမြို့နယ်ခွဲ ၊ ပန်ဆိုင်းမြို့နယ်ခွဲတို့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် အစိုးရတပ်မတော်ကြားဖြစ်ပွါးသော တိုက်ပွဲများကြောင့် စိုးရိမ်ရသည့်အခြေအနေကြားဒေသခံလူထု သွားလာလှုပ်ရှားနေကြပါသည် ။
ဒီဇင်ဘာလအတွင်း တိုက်ပွဲများ အနည်းငယ်ငြိမ်သက်သွားပြီဟုဆိုသော်လည်း နှစ်ဘက်ကြားစစ်ရေးတင်းမာ နေဆဲဖြစ်သောကြောင့်စစ်ဘေးရှောင်လူထုမှာ နေရပ်မပြန်ရဲသေးဘဲရှိနေကြောင်းသိရသည် ။
ထိုသို့သော် စစ်ရေးမတည်ငြိမ်မှုကြောင့် သျှမ်းပြည်အတွင်း နေရာတော်တော်များများ ၊ အထူးသဖြင့် သျှမ်းပြည်မြောက်ပိုင်းတွင် ၂၁၁၁ ခု သျှမ်းနှစ်သစ်ကူးပွဲတော်၊ ခရစ္စယာန်ဘာသာဝင်တွေ အလေးအမြတ် ထားသည့် ခရစ္စမတ်ပွဲတော်၊ ကောက်သစ်နှင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပနိုင်ခြင်းမရှိခဲ့ချေ ။
Tags: Crime, News