ဂျွန်ပေါလ် လီဒါအက်ခ်ျ ၊ ပြန်လည်သင့်မြတ်ရေးနဲ့ လတ်တစ်လောမြန်မာအခြေအနေ



(၁) ဂျွန်ပေါလ်လီဒါအက်ခ်ျရဲ့ ရင်ကြားစေ့မှု သဟဇာတ ဖြစ်ရေး အယူအဆ


ပါမောက္ခ ဂျွန်ပေါလ် လီဒါအက်ခ်ျဟာ နိုင်ငံရေး သိပ္ပံ ၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းမှု ၊ နိုင်ငံတကာ ဆက်ဆံရေးလို ဘာသာရပ်တွေမှာ သြဇာတိက္ကမရှိတဲ့  ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အဆိုအရတော့ ပြန်လည် ရင်ကြားစေ့ရေး ဆိုတာမှာ မှန်ကန်မှု ၊ စာနာမှုနဲ့ တရားမျှတမှု ပေါင်းဆုံရာလို့ဆိုတယ်။ ရင်ကြားစေ့ဖို့ အကြောင်းအချက်တွေ ရှိနေပြီဆိုရင် မည်မျှပင်လူမျိုးစုံ ၊ ဘာသာစုံ ၊ အတွေးအခေါ် စုံလင်စေကာမူလူမှုသဟဇာတမျှတရေးဆီကိုဦးတည်နိုင်မယ်လို့ သူက ဆိုတယ်။


မြောက်အိုင်ယာလန် ၊ နစ်ဂွာရာ ၊ နီပေါ ၊ ကိုလံဘီယာ ၊ ဆိုမာလီယာငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်ရင် လူမျိုးရေးနဲ့ လူ့အခွင့် အရေးကြောင့်ဖြစ်တဲ့ ပဋိပက္ခ ၊ နိုင်ငံရေး အယူအဆကြောင့် ဖြစ်တဲ့ပဋိပက္ခ ၊ ဘာသာရေးအရ တင်းမာ မှုတွေကြောင့်ဖြစ်တဲ့ ပဋိပက္ခ စသဖြင့်  ပဋိပက္ခနဲ့စစ်ပွဲမျိုးစုံ စုံလင်လှတာတွေ့ ရပါတယ်။


သူဟာ အစဉ်အလာအရ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုင်ရာ အယူအဆတွေကို တွန်းလှန် ဖယ်ရှား နိုင်ခဲ့သူ လည်းဖြစ်ပါတယ်။ လူသား တွေအတွက် ကံကောင်း မှုဟာဘယ်ဘာသာပဲဖြစ်ဖြစ် ဘာသာ တရားတိုင်းမှာ လူမှုသဟဇာတ မျှတရေး ဦးတည်ဖို့ အတွက်အပြုသဘောဆောင်သော မျှဝေတန်ဖိုး positive share  value ရှိနေတယ်။


သည်းခံခြင်း ၊ သဘောထားကြီးမှု ၊ ချစ်ခင်လေးစားမှု ၊ သနားဂရုဏာသက်မှု ၊ရိုးသားမှု ၊ နောက်မျိုးဆက်အတွက် ရည်ရွယ်တဲ့ အမြော်အမြင် ရှိတဲ့ကောင်းရာကောင်းကြောင်း ဆောင်ရွက်မှုတွေက ဘာသာတရား တိုင်းရဲ့ဆိုဆုံးမ မှုတိုင်းမှာ တွေ့နိုင်တယ်လို့ သူက ဆိုတယ်။ အမှန်တရား ၊ တရားမျှတမှု ၊သနားကြင်နာမှု ၊ ငြိမ်းချမ်းမှုကို အခြေခံမှ ပဋိပက္ခဒဏ်ခံ လူ့အဖွဲ့အစည်းကပြန်လည် ရင်ကြားစေ့နိုင်မယ်လို့ သူက ဆိုတယ်။


‘ ငါ့ကိုပေါက် တဲ့ ကျောက်ခဲ တွေနဲ့ အိမ်ဆောက်ပြလိုက်မယ်။ ‘တဲ့ Gandhi ရဲ့ဒဿန ဟာ မတူ ကွဲပြား လူမျိုး ဘာသာပေါင်းစုံလင်တဲ့ တည်ငြိမ်တဲ့ Indiaနိုင်ငံဖြေစ်ထွန်းရေးအတွက် အခြေခံကျတဲ့ အယူအဆ ဖြစ်တယ်။ ဘာသာလူမျိုးစုံလင်တိုင်းပြည်ကို ပြည်ထောင်စုအဖြစ် ညီညီညွတ်ညွတ် နေနိုင်အောင် လွတ်လပ်ရေးမရခင်နှစ်ပေါင်း ၂၅ နှစ် လောက် ၁၉၂၀ ကျော် ကတည်းက ကွန်ကရက်ပါတီက သုတေသနပြုခဲ့တယ်လို့ ဆိုကြတယ် ဗမာတွေဗမာစာသည်ဒို့စာအော်နေ ဘာသာရေးအဖွဲ့အမည်ခံပြီး အမျိုးသားရေး စိတ်ဓါတ်တက်လာအောင်လုပ်နေခဲ့ချိန် လောက်ဖြစ်နိုင်ပါတယ်။ စဖို့ ၊ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်အဖြစ်ထား ခဲ့ဖို့နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းကာကွယ်ဖို့ ဆိုတဲ့ကိစ္စတွေဖြစ်တယ်။


ဒီလို မျှဝေ  တန်ဖိုး တွေကို လက်ခံကျင့်သုံးနိုင်ပြီဆိုရင်ဘယ်လို ပြဿနာမျိုးကို ဖြစ်စေ တဝက်ကျော်လောက် ရှင်းပြီးသား ဖြစ်တယ်လို့သူကဆိုတယ်။


(၂ ) ဂန္ဒီရဲ့ ဒဿနနဲ့ တည်ငြိမ်တဲ့ အိန္ဒိယ စတိတ်နေးရှင်း


‘ ငါ့ကိုပေါက် တဲ့ ကျောက်ခဲ တွေနဲ့ အိမ်ဆောက်ပြလိုက်မယ်။ ‘တဲ့ Gandhi ရဲ့ဒဿန ဟာ မတူကွဲပြား လူမျိုး ဘာသာပေါင်းစုံလင်တဲ့ တည်ငြိမ်တဲ့ India နိုင်ငံဖြစ်ထွန်းရေးအတွက် အခြေခံကျတဲ့ အယူအဆ ဖြစ်တယ်။ ဘာသာလူမျိုးစုံလင်တိုင်းပြည်ကို ပြည်ထောင်စုအဖြစ် ညီညီညွတ်ညွတ်နေနိုင်အောင် လွတ်လပ်ရေးမရခင်နှစ်ပေါင်း ၂၅ နှစ် လောက် ၁၉၂၀ ကျော်ကတည်းကကွန်ကရက်ပါတီကသုတေသနပြုခဲ့တယ်လို့ ဆိုကြတယ် ဗမာတွေဗမာစာသည်ဒို့စာအော်နေ ဘာသာရေးအဖွဲ့ အမည်ခံပြီး အမျိုးသားရေး စိတ်ဓါတ်တက်လာအောင်လုပ်နေခဲ့ချိန်လောက်ဖြစ်နိုင်ပါတယ်။


ဂန္ဒီအကြောင်းပြန်ရိုက်ထားတဲ့ ဇာတ်ကားမှာ ဂန္ဒီနဲ့ သူ့ရဲ့ မြေးဖြစ်သူစကားပြောနေခန်းကို အမှတ်ရမိတယ်။ မြေးဖြစ်သူက အဘိုးဘာလုပ်နေလဲဆိုတာမေးတော့
‘ ကိစ္စနှစ်ခုကို စဉ်းစားနေတာမြေးရဲ့ ။ တစ်ခုက အင်္ဂလိပ် ဆီ ကနေလွတ်လပ်ရေးယူဖို့ ၊ တစ်ခုက ဒီလောက် အသွင်ကွဲပြား မျိုးနွယ်စု မတူကိုးကွယ်မှု ဘာသာမတူညီမှု များပြားတဲ့ နိုင်ငံကို လွတ် လပ်ရေး ရပြီးရင်ဘယ်လို စုစုစည်းစည်း ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း နေနိုင် အောင် လုပ်မလဲလို့ အခုကတည်းကစဉ်းစားနေတာလို့ မြေးဖြစ်သူကိုကျောပွတ် သပ်ပြီး ဖြေပါတယ်။ ကလေးဖြစ်သူကနားလည် မလည် မသိပေမဲ့ဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာကတော့ အသွင်မတူ တဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ယနေ့ အိန္ဒိယ ပေါ်ထွက်လာဖို့ ဘယ်လို ကြိုးစားခဲ့ရတယ် ဆိုတာကိုပြသချင်ပုံပါပဲ ။


ဒါတောင် အိန္ဒိယက လွတ်လပ်ရေး ရပြီးပြီးချင်း ပါကစ္စတန်ခွဲထွက်မှုနဲ့ ကြုံခဲ့ရပါတယ်။ ပါကစ္စတန် ခွဲ ထွက်မှုကြုံခဲ့ပေမဲ့ အင်္ဂလိပ်ဆီကလွတ်လပ်ရေးရကတည်းက သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ခါမှ ဖျက်သိမ်းတာမျိုး မလုပ်ခဲ့ပဲ စစ်အုပ်ချုပ်ရေးလုပ်ခဲ့တဲ့ ၁၉၇၅ ခုနစ်တစ်နှစ်ကလွဲလို့ ကျန်တဲ့ အကြိမ်တိုင်းမှာ အသွင်ကွဲပြားမှု အပေါ် အခြေခံတဲ့ပြည်တွင်း ပဋိပက္ခတွေကို စေ့စပ်ဆွေးနွေးလိုက်လျောမှု နည်းလမ်း တွေ နဲ့သာဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေကိုလည်း လိုအပ်တဲ့ အချက်တွေကိုပြင် ဆင်ပြီး ဗဟိုကနေ အာဏာချုပ်ကိုင်မှုတွေကို လျှော့ချပြီးသွားနေခဲ့တာဖြစ်ပါတယ်။


ကက်ရှ်မီးယားနဲ့ နာဂ အပါအဝင် အရှေ့ မြောက်ပြည်နယ် တွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ယနေ့ အထိ ရှိနေဆဲဖြစ်ပေမဲ့ အိန္ဒိယအခြေခံ ဥပဒေ အရ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် အများဆုံးရတဲ့ ဒေသတွေက အဲဒီဒေသတွေ အဖြစ် ယနေ့ အချိန်မှာ ရှိနေပါတယ်။ ဟိန္ဒူများတဲ့ နိုင်ငံမှာဘာသာရေးအရ ရုံးပိတ်ရက်တွေနဲ့ ပတ်သက်လို့တော့ အစ္စလာမ်ဘာသာရေးဆိုင်ရာရုံးပိတ်ရက်က ကျန်တဲ့ ဘာသာတွေထက်တောင်များနေပါသေးတယ်။ နာဂလန်းဆိုရင်မြို့တော် ကိုဟီးမားမှာ နာဂ မဟုတ်သူတွေများနေပေမဲ့ အိမ်ဝယ်ခွင့်မြေဝယ်ခွင့်က တခြားဒေသက လာတဲ့သူတွေမှာ မရှိပါဘူး။


ဒါပေမဲ့လာရောက်အလုပ်လုပ်သူတွေအနေနဲ့ မြေဝယ် ၊ အိမ်ဝယ်ခွင့် မရှိတဲ့အတွက်ကုန်သွယ်ခွန် သက်သာခွင့်လိုကိစ္စတွေ တော့ ရှိနေပါတယ်။ အခြားဒေသ ကအခြေချသူတွေအနေနဲ့ အလွယ်တကူ ဒေသခံ ဖြစ်ခွင့်လည်း မရပါ။ ဒါကလည်းအမှတ်သရုပ် လက္ခဏာ အရ မိမိလူမျိုးအလိုက် လက်ရှိ စုစည်းထားမှု လက်ရှိရနေတဲ့အနေအထားဟာ မလုံလောက်ဘူးလို့ ယူဆတဲ့ အင်အားစု အချို့ ရှိနေတဲ့အတွက်ဒေသခံတွေအပေါ် ဗဟိုက အကာကွယ်ပေးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ရွှေ့ပြောင်းအခြေချနေထိုင်မှု များပြားမှုတွေကနေ ယဉ်ကျေးမှုခြင်းတိုးတိုက်မှုတွေကို ရှောင်ရှားလိုတာကြောင့်လည်း ဖြစ်ပါတယ်။


(၃) မင်ဒဲလားရဲ့ အောင်မြင်တဲ့ သင့်မြတ်ရေး အယူအဆ


သင့်ရဲ့ ရန်သူနဲ့ ငြိမ်းချမ်းရေး ရချင်ရင် သူနဲ့ အလုပ်တွဲလုပ်ပါ။ အဲဒါဆိုသူက သင့်ရဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်လာပါလိမ့်မယ် ဆိုတာကမင်ဒဲလားရဲ့ ငြိမ်းချမ်းရေးနဲ့
ပတ်သက်တဲ့ ဖွင့်ဆိုမှုဖြစ်ပါတယ်။ တောင်အာ ဖရိက အသွင်ကူးပြောင်းရေးအောင်မြင်မှုနဲ့ ပတ်သက်လို့တော့ဇာမချဲ့လိုတော့ပါဘူး။ ဒါပေမဲ့ တောင်အာဖရိက
အသွင်ကူးပြောင်းမှုကလည်းနိုင်ငံရေး အီလစ်တွေအချင်းချင်း ပြေလည်မှု တစ်ခုတည်းသာမကပဲ ပြည်သူ ဗဟိုပြုအသွင်ကူးပြောင်းရေးဖြစ်ခဲ့တဲ့အတွက် အောင်မြင်
တယ်လို့ ဆိုနိုင်ပါတယ်။


ကူးပြောင်းရေး ကာလ တရားမျှတမှုအတွက် အတိတ်က ကျူးလွန်ခဲ့သူတွေက တန်ပြန် ပြစ်ဒဏ်ကျခံ စေတာမျိုးမဟုတ်ပဲ၊ ကျူးလွန်ခံခဲ့ရသူတွေထံသွားရောက်
ဝန်ချတောင်းပန်မှုတွေ ပြုလုပ်စေတာ ၊ မြေယာစွန့်လွတ်တာ ၊ လျော်ကြေးပေးတာစတဲ့ ကိစ္စတွေအပေါ် အခြေခံခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကာလတွေမှာအစော
ပိုင်းက တစ်ဘက်နဲ့ တစ်ဘက် အသာရလိုမှုတွေ ( Zero Sum Game ကို ဦးတည်မှု)နဲ့ အင်အားစု အားလုံး ပါဝင်ခွင့်ပုံသဏ္ဍာန် ဆိုင်ရာ အားနည်းမှုတွေကြောင့် သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့ပေမဲ့ အားလုံးပါဝင်မှု အပေါ် အခြေပြုပြီးဆွေးနွေးမှု ပုံစံတွေကို ပြန်လည် ဆန်းစစ်ပြင်ဆင်ခဲ့ကာ နှစ်ဘက်စလုံးကလည်းWin-Win အနေထားကို ဦးတည်ခဲ့တာကြောင့် အောင်မြင်မှု ရခဲ့တယ်လို့ဆိုနိုင်ခဲ့ပါတယ်။


ဆွေးနွေးပွဲကာလ အဆင်မပြေဖြစ်ခဲ့တဲ့ အချိန်တွေမှာနိုင်ငံရေးဆွေးနွေးမှု ဂယက်ကြောင့် အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်တဲ့ အခါမှာလည်း မင်ဒဲလားဟာ ပြည်သူဘက်ကအမြဲရပ်တည်ပြောဆိုခဲ့တယ်။ သူ့ပါတီ အာဏာရလို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့စည်းတဲ့အခါမှာ ယခင် အာဏာရှင်ဟောင်းတွေကောတခြား အင်အားစု ပေါင်းစုံက ကိုယ်စားလှယ်တွေပါဝင်တဲ့ နိုင်ငံရေးအရသဘောတူညီထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရကိုဖွဲ့စည်းခဲ့ပါတယ်။  အဲဒီ အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရကြောင့်ပဲ မင်ဒဲလား တာဝန်ယူတဲ့ လေးနှစ်တာကာလအတွင်း တည်ငြိမ်မှု အတွက် အရေးပါခဲ့သလိုပဋိပက္ခတွေ သိသိသာသာမရှိတော့ သလောက်ကို နည်းသွားခဲ့ကာလူမျိုးရေးခွဲခြားတဲ့ ခေတ်ကာလတုန်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဒက်စမွန်တူးတူး ဦးဆောင်တဲ့ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မတီကတစ်ဆင့် ဖြေရှင်းနိုင်ခဲ့တယ်။


သူသမ္မတအဖြစ် လက်ခံရယူခဲ့ချိန်မှာပြောဆိုခဲ့တဲ့ မိန့်ခွန်းကတော့ သူ့ရဲ့ တွေးခေါ်မျှော်မြင်နိုင်မှု ၊ခေါင်းဆောင်မှု အရ ပြတ်သားမှု ၊ ကြင်နာသနားတတ်မှုတွေကို ပြနေနေတယ်။


‘ ဒီလှပတဲ့နိုင်ငံတော်အကြီးအတွင်းမှာ တစ်ဦးနဲ့တစ်ဦး  ဖိနှိပ်မှုတွေဂုဏ်သိက္ခာ မရှိသယောင် ဖိနှိပ်မှုတွေက ဘယ်တော့မှ မဖြစ်စေရတော့ဘူး။ ‘ဆိုတာကတော့မှတ်သားစရာ အဆို အဖြစ် သူကွယ်လွန်ခဲ့ပေမဲ့ ကျန်ရှိနေဆဲဖြစ်တယ်။


ဂျွန်ပေါလ် လီဒါအက်ခ်ျရဲ့ ငြိမ်းချမ်းရေး အယူအဆနဲ့ ကြည့်မယ်ဆိုရင် လူမှုသဟဇာတ မျှတရေးဦး တည်ဖို့ အတွက် အပြုသဘောဆောင်သော မျှဝေတန်ဖိုး positive  share value  သည်းခံခြင်း ၊ သဘောထားကြီးမှု ၊ ချစ်ခင်လေးစားမှု ၊သနားဂရုဏာသက်မှု ၊  ရိုးသားမှု ၊ နောက်မျိုးဆက်အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်နဲ့အလေ့အထ လက်ဆင့်ကမ်းသွားနိုင်မှု စတဲ့အချက်တွေက အောင်မြင် တဲ့ တောင်အာဖရိက အသွင်ကူးပြောင်းမှု ကာလတွေမှာ တွေ့နိုင်တဲ့ အချက်တွေဖြစ် ပါတယ်။


(၄) မှန်းချက် နှမ်းထွက်မကိုက်တဲ့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေး


လက်ရှိ မြန်မာနိုင်ငံရဲ့ အနေထားအရ ပြောမယ်ဆိုရင် တပ်မတော်အစိုးရကနေဦးသိန်းစိန် အစိုးရ၊ ၄င်းမှာ တစ်ဆင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာလွှဲပြောင်းရ ယူထားတဲ့ အစိုးရလက်ထက်တစ်နည်းအားဖြင့်တော့ သာမန် လူထုထောက်ခံမှုမရှိတဲ့ စစ်တပ်အသွင်ပြောင်းအစိုးရ ကနေ လူထု ထောက်ခံသူတွေတက်လာတဲ့ အစိုးရဖြစ်လာတဲ့အတွက် ဒီမိုကရက်တိုက်ဇေးရှင်းက ခြေလှမ်း တစ်လှမ်းတိုးတဲ့အဆင့်လို့ ဆိုထားတဲ့ အစိုးရလက်ထက်လို့ ဆိုနိုင်ပါတယ်။


ဒီမိုကရက်တိုက်ဇေးရှင်းမှာ နောက်ပြန်လျှောကြဖို့ အလားအလာများတဲ့အဆင့်ကလည်း ဒီအဆင့်လို့ အကဲခတ်တွေက ဆိုကြပါတယ်။ တပ်မတော်ရဲ့ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်တွေကြောင့် စပ်ကြားစနစ်လို့ ဆိုနိုင်ပေမဲ့ အရပ်သားအုပ်ချုပ်မှု ဖြစ်လာတဲ့အတွက် ခြေလှမ်းတစ်လှမ်း တိုးတယ်လို့ ဆိုကြတာပါ။


မြန်မာမှာလည်း အသွင်ကူးပြောင်းရေး တည်ငြိမ်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့စည်းဖို့ ဆိုတဲ့ ကိစ္စကို ၂၀၁၅ ခုနစ်မတိုင်ခင်ကတည်းက အကြံပြုခဲ့တာတွေ ရှိပါတယ်။ အီဂေါဘလာဇီဗစ်ရဲ့  ၂၀၁၅ရွေးကောက်ပွဲပြီး ဖြစ်လာနိုင်တဲ့ အခင်းအကျင်း ၄ ရပ်ခန့်မှန်းချက်မှာဆိုရင် အတိုက်အခံတွေနိုင်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ရင်ပြည်တွင်းငြိမ်းချမ်းရေး ၊ လယ်သိမ်းမြေသိမ်းလို လူ့အခွင့်ရေးကိစ္စတွေအပါဝင် ကျန်တဲ့ ကိစ္စတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ဆက်သွားနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။


ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တစ်ပြိုင်နက်တည်း တည်ဆောက်နေရတာဖြစ် တာ ကြောင့် မျိုးနွယ်စု တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကိုအသိအမှတ်ပြု ၊ တစ်ဘက်က ကာလရှည် အာဏာယူခဲ့တဲ့ အသိုင်းအဝိုင်းကိုလည်းနိုင်ငံရေးအရ အသိမှတ်ပြုမှုတွေပေးပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးအရသဘောတူထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့ဖို့အကြံပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဒါပေမဲ့ အောင်မြင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရမဖွဲ့နိုင်ခဲ့ပါ။အထူးသဖြင့် အမျိုးသား အလံ မြဲမြံစွာကိုင်ထားတဲ့ ရခိုင်၊ ရှမ်းပါတီတွေနဲ့ အစိုးရအဖွဲ့ စဖွဲ့ကတည်းက အက်ကွဲသံတွေ ထွက်လာခဲ့တာ ပဲဖြစ်သလို တပ်မတော် အပေါ် သြဇာရှိတဲ့ ယခင် သမ္မတ ဦးသိန်းစိန် ရဲ့ အဖွဲ့တွေနဲ့လည်း မပြေလည်ခဲ့ပါဘူး။


ဧပြီလအတွင်းကအန်အယ်လ်ဒီနှင့် နီးစပ်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးရဲ့ ‘အခုဆိုရင် လူမျိုးစုတွေအနေနဲ့ အန်အယ်လ်ဒီကို အားကိုးလို့ မဖြစ်တော့ဘူး၊ကိုယ့်ကိုကိုယ်ပဲ အားကိုးမှ ဖြစ်တော့မယ်’ ဆိုတဲ့ စကားက အစိုးရသစ်တက်ပြီးမကြာမှီပင် ပွက်လောရိုက်ခဲ့တဲ့ စကားဖြစ်ခဲ့ပါတယ်။  ၂၁ ပင်လုံကျင်းပမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မေလမှာ ပြောခဲ့ပြီးအားလုံးဘာပေးရမယ် ဘာပေးနိုင်တယ်ဆိုတဲ့ စိတ်နဲ့ လာခဲ့ပါဆိုတဲ့ အပေါ်တိုင်းရင်းသား နယ်မြေတွေက ပျက်စီးကုန်ပြီး တိုင်းရင်းသား အများစုမှာနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကုန်ပြီ ဖြစ်တဲ့
အတွက် တိုင်းရင်းသားတွေမှာဘာမှ ပေးစရာမရှိတော့ဘူးဆိုတဲ့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်ရဲ့မီဒီယာတွေမှာ ပြောဆိုမှုကလည်း သတိပြုစရာဖြစ်ခဲ့ပါတယ်။


လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ သံသယရှိနေတဲ့ကြားကပဲ ၂၁ ပင်လုံကိုပထမအကြိမ် ကျင်းပခဲ့ပြီး အဲဒီ ပထမအကြိမ်အပြီးမှာပဲ တိုက်ပွဲတွေကအရှိန်မြင့်လာခဲ့ပါတယ်။တစ်ကယ်တော့ ကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ပင်လုံကနိုင်ငံရေးဆွေးနွေးပွဲတောင် မဟုတ်သေးပါဘူး။ နိုင်ငံရေးအရ  သဘောမတူလို့ပဋိပက္ခဖြစ်တတ်တဲ့သဘာဝတွေဟာအပြန်အလှန်ဆွေးနွေးဆုံးဖြတ်မှုတွေမှာအပေးအယူအလျှော့အတင်း မလုပ်နိုင်တဲ့ အခြေနေတွေမှာသာ အဖြစ်များတတ်ပြီးကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ပင်လုံက စာတမ်းဖတ်ပွဲသာဖြစ်ပါတယ်။

၂၁ ပင်လုံမကျင်းပခင်ကတည်းက အိုင်စီဂျီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပြုချက်စာတမ်းမှာဆိုရင် အစိုးရ အနေဖြင့် ကနဦးအပိုင်းမှာပင်ခြေလှမ်းအမှားတစ်ချို့ရှိခဲ့ပြီး  အဆိုပါခြေလှမ်းများတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ၊ ရခိုင် ပြည်နယ်အရေးတို့မှာ အကျုံးဝင်ပါတယ် လို့ဖော်ပြထားပါတယ်။ ၂၀၁၆ အမေရိကန် ခရီးစဉ်အတွင်းမှာဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဟားဗတ်တက္ကသိုလ်ကချီးမြှင့်တဲ့လူသားချင်းစာနာမှုဆိုင်ရာဆုကို လက်ခံရယူခဲ့ပါတယ်။ မြစ်ကြီးနားမှာ အောက်တိုဘာလက ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ကျွန်ုပ်တို့ အစားအစာလိုအပ်သည်။လူသားချင်းစာနာမှု ဆိုင်ရာ ဆုရှင် ကူညီပေးပါ။ ဘာကြောင့် အသံတိတ်နေသလဲ။ - ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ဆောင်တာတွေ ရှိခဲ့ပါတယ်။


အောက်တိုဘာလအတွင်းက ထုတ်ဝေခဲ့တဲ့ Institute For Strategy and Policy Myanmar အဖွဲ့က မဟာဗျူဟာလေ့လာမှုဆိုင်ရာ စာစောင်မှာ တစ်ချိန်က အတိုက်အခံဖြစ်ခဲ့တဲ့ အစိုးရသစ်ဟာ အာဏာရှင် စနစ်အပေါ် တိမ်းညွှတ်လာမှုတွေမြင်တွေ့လာရတယ်လို့ လာရီဒိုင်းမွန်းက ရေးသားလာတာတွေ့ရပါတယ်။ နာမည်ကျော်ပုဒ်မ ဖြစ်လာတဲ့ ၆၆ ဃ ကတော့ ထင်ရှားတဲ့ ပုဒ်မဖြစ်နေပြီး တောင်သူ ရ၂ ဦးကို အမှု တစ်မှုထဲနဲ့ ထောင်ချခဲ့တဲ့ အမှုကတော့ ယခင်အစိုးရလက်ထက်တွေမှာပါ မရှိခဲ့ဘူးလို့ တောင်သူလယ်သမား အရေးလှုပ်ရှားသူတွေကဆိုကြပါတယ်။


အခု ၂၀၁၇ နှစ်ဦးပိုင်းမှာတော့ ၂၀၁၇ ခုနစ်အတွက် ကမ္ဘာနဲ့ အဝှမ်းစောင့်ကြည့်ရမဲ့ ပဋိပက္ခဖြစ်ပွားလာနိုင်မှု စာရင်းမှာ မြန်မာက နံပတ် ၈ နေရာရောက်လာပါတယ်။ပဋိပက္ခတွေက ဖြစ်လာရင် ဆပွားဖြစ်လာတတ် တာကြောင့် နိုင်ငံရေးမဆွေးနွေးခင် ပဋိပက္ခရပ်အောင် လုပ်ရမှာ အရေးကြီးတဲ့ ကိစ္စဖြစ်ပေမဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်က လုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်ထားတဲ့ အဖွဲ့အရေအတွက်ဟာ အစိုးရသစ်လက်ထက်မှာ အရေအတွက် တက်မလာတဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်မှုတွေ ၊ အရပ်သားအစိုးရ အပေါ် မယုံကြည်မှုတွေ များလာခဲ့ပါတယ်။ ဒါ့အပြင် ရွှေတိဂုံဘုရား ရှေ့ ပြည်သူ့ရင်ပြင်ထဲမှာ လူတွေသိန်းချီတက်ရောက်တဲ့ တရားပွဲတွေ ကျင်းပနေပြီး ဒေါ်အောင်ဆန်းစုကြည် နေ့တိုင်းတရားထိုင်တယ်ဆိုတဲ့ မီဒီယာ ဖော်ပြချက်တွေ ရှိနေပေမဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့အခမ်းအနားတွေကို လူအုပ်နဲ့ လာရောက်ဟန့်တားမှုတွေ ရှိနေဆဲပါပဲ။


ဒေါ်အောင်ဆန်းစုကြည်သာ ပဋိပက္ခတွေမှာ ဘက်မလိုက်တဲ့ ဖြန်ဖြေသူအဖြစ်ရှိခဲ့ရင် အဲလို ဖြန်ဖျေသူ ရှိတဲ့အတွက် သဘောတူညီမှု ရနိုင်မှု ၊ဘက်လိုက်မှုကင်းတဲ့ ကြားနေ အနေထား မှ ဖြန်ဖြေစေ့စပ်ပေးနိုင်မှု ၊ပဋိပက္ခတွင် ပါဝင်နေသည့် အုပ်စုများနှင့် ဆက်နွယ်သူအကျိုးရှင်အားလုံး ဆွေးနွေးမှုတွင် ပါဝင်လာနိုင်ရေး ကို ဆောင်ရွက်ပေးနိုင်ခြင်း ၊ဆွေးနွေးမှုကို အမျိုးသား လက္ခဏာ ဆောင်လာစေခြင်း (Sense of National Ownership ) ၊ ဆွေးနွေးပွဲအစိတ်အပိုင်းများ အချိတ်အဆက်ရှိစေနိုင်မှု ၊ ပေါင်းစပ်ညှိနှိုင်းစေရန်နှင့် အပြန်အလှန်ဖြည့်ဆည်းပေးနိုင်ရန် (Coherence, coordination  and complementary ) အတွက် အပေးအယူ ညှိနှိုင်းစေ့စပ် မှုဖြစ်စဉ်အောင်မြင်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းများ အားလုံး ရယူပေးနိုင်မယ် လို့ သြစတြေးလျ မှာ ပါရဂူဘွဲ့အတွက်စာတမ်းပြုစုနေတဲ့ မင်းခင်မောင်ရင်က သူ့ရဲ့ မြန်မာ့ဝိရောဓိအသွင်ကူးပြောင်းရေး ဖြစ်စဉ်နှစ်ခု ဆိုတဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။


ကချင်ပြည်နယ်နေ့ သဝဏ်လွှာမှာ သမ္မတ ဦးထင်ကျော်ပြောဆိုခဲ့တဲ့ ‘ရေရှည်တည်တံ့မယ့် စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးက စိတ်ရင်းအမှန်နဲ့ ကြိုးပမ်း အကောင်ထည်ဖော်ရမဲ့ အချိန်အခါလည်းဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရဖို့ စိတ်ရင်းစေတနာ အမှန်နဲ့ကြိုးစားကြမှသာ ပဋိပက္ခနွံထဲက ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။


‘တိုင်းရင်းသား အများစု အမြင်မှာ တစ်မျိုးဖြစ်စေနိုင်ပါတယ်။ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုအတွက် အာမခံ ခွင့်တွေ ဖြစ်တဲ့မြေယာပိုင်ဆိုင်ခွင့်အတွက် မြေယာပေါ်လစီတွေကလည်း မပြီးပြတ်သေးသလို တိုင်းရင်း သား နယ်မြေတွေက မြေသိမ်း လယ်သိမ်း ၊ စီမံကိန်း အကြောင်းပြမြေဦးမှု ၊ အငြင်းပွားဖွယ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းတိကျတဲ့အဖြေ တွေလည်း မရသေးပါဘူး။ ကြားထဲမှာပဲ အစိုးရသစ် ပထမနှစ်မှာ ကုန်သွယ်မှုနဲ့လုပ်ငန်းတွေ တုံ့ဆိုင်းမှုတွေ ကြုံတွေ့ခဲ့ရပြီးရာဇဝတ်မှုတွေကိုလည်း မြင်တွေ့လာရပါတယ်။ ဒီမိုကရက်တိုက်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူဖြစ်တဲ့ သောမတ်စ် ကရိုသာကတော့ ဒီမိုကရက်တိုက်ဇေးရှင်း မှာနောက်ပြန်သွားနိုင်တဲ့ အလားအလာရှိတဲ့ အခြေနေ ၅ရပ်ကို ယခုလို ပြောထားပါတယ်။

(၁)- စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ပါးလွန်းခြင်း
(၂)- နိုင်ငံ၏ ဓနမှာ ၊ တစ်ခုတည်းသော အရင်းအမြစ်ပေါ်တွင် အမှီပြုနေခြင်း
(၃)- အမှတ် သရုပ် လက္ခဏာ အခြေခံ အကွဲအပြဲများရှိနေခြင်း
(၄) - နိုင်ငံရေးအရ ဗဟုဝါဒ ( လူမျိုးစု ဘာသာဝင် နိုင်ငံရေးအရမတူကွဲပြားမှု
ရှိသော်လည်း ငြိမ်းချမ်းစွာ အတူယှာဉ်တွဲနေထိုင်နိုင်မှုရှိခြင်း ) အတွေ့အကြုံနှင့်
ကျင့်သုံးမှု အားနည်းခြင်း
(၅) မိမိဝန်းကျင်တွင် ၊ ဒီမိုကရက်တစ် မဟုတ်သော အိမ်နီးချင်းနိုင်ငံများ
(အထူးသဖြင့် ဒီမိုကရက်တစ် မဟုတ်သော အင်အားကြီးနိုင်ငံ ရှိနေခြင်း ) စတဲ့
အချက်တွေဖြစ်ပါတယ်။


စာရေးသူကတော့ မြန်မာရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာဂျွန်ပေါလ်လီဒါ အက်ခ်ျရဲ့ ငြိမ်းချမ်းရေး ၊ သင့်မြတ်ရေး အခြေခံမူတွေကိုအစားထိုးကြည့်စေချင်ပါ
တယ်။


စိုင်းထွန်းအောင်လွင်

Ref; John Paul Lederach ‘s The Heart of Reconciliation Allister Sparks’ Tomorrow Another country Crafting State Nation ; Indiaand Multinational Democracies ICG Report

ဦးကျော်ဝင်း ( မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန် )
မင်းခင်မောင်ရင် ( မြန်မာ့ဝိရောဓိ အသွင်ကူးပြောင်းရေးဖြစ်စဉ်နှစ်ခု )




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates