ဦးကိုနီ လုပ်ကြံခံရမှု တရားဥပဒေစိုးမိုးမှုမရှိတဲ့ အနေအထားဟု SNLD ပြော



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်   NLD  ပါတီ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ  ဦးကိုနီ  လုပ်ကြံ သတ်ဖြတ်ခံရမှုအတွက် သျှမ်းတိုင်း ရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD  ပါတီအနေဖြင့် အစားထိုး မရနိုင် သည့် ဆုံးရှုံးမှု တစ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်သည် ။

Photo: SNLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ
“ဦးကိုနီဟာ ဗမာတိုင်းရင်းသား အစ္စလမ် ဘာသာဝင် တစ်ယောက်ဖြစ်တယ်၊ တိုင်းရင်းသားအရေးနဲ့ ပတ် သက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ SNLD အနေနဲ့ဆိုလို့ရှိရင် ရွေးကောက် ပွဲ ဝင် ခါနီးမှာ ဥပဒေရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ် ၊ အဲ့ဒါထက်ကို ပိုပြီး အဓိက ကျတာ က နိုင်ငံသား အားလုံး ဒီမိုကရေစီအခွင့်အရေးတွေခံစားရရှိအောင် နောက် တရားမျှတတဲ့ ဥပဒေ တရပ်ပေါ်ပေါက်အောင် သူ့အနေနဲ့ တတ်အားရှိသ၍ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းဆောင် ရွက်ခဲ့တယ်၊ အထူးအားဖြင့်တော့ ဒီမိုကရေစီတော်လှန်ရေးမှာ သူက တပ်ဦးခေါင်းဆောင် တစ် ယောက်ဖြစ် တယ်၊အဲ့ဒါကြောင့်မလို့ ကျနော်တို့ အနေနဲ့က ဦးကိုနီ ကွယ်လွန်ဆုံးရှုံးရတဲ့ အတွက် ကြောင့် အင်မတန်ဝမ်းနည်းပြီးတော့မှ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတစ်ရပ် လို့ဘဲယူဆပါတယ်”  ဟု SNLD  ပါတီ ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


အင်ဒိုနီးရှားခရီးစဉ်မှ အပြန် ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ NLD  ပါတီ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ  ဦးကိုနီ မှာ သေနတ်သမား တစ်ဦး၏ ပစ်ခတ်သတ်ဖြတ် မှုကြောင့် နေရာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့ရ သည် ။


၎င်းအပေါ် SNLD  ပါတီ က - ဦးကိုနီသည် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဥပဒေ ကြောင်းနှင့်ပတ်သက်ပြီး အကြံဉာဏ်များ အကူအညီများစွာပေးခဲ့သူတဦးဖြစ်သည့်အတွက် အထူး ကျေးဇူး တင်ထိုက်သူဖြစ်ကြောင်း - မှတ်တမ်းတင်ထားသည့် ၀မ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတစောင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည် ။


“သတ်ဖြတ်လုပ်ကြံခံရတာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အနေအထားလို့ ယူဆတယ်။ အဲ့ဒီအပြင်ကို အခုလက် ရှိ ဒီမိုကရေစီအစိုးရရဲ့ ရှေ့ဆက်မယ့် ခရီးကိုအဟန့်အတား ပြုရာလည်းရောက်တယ်။ လက်ရှိအစိုးရရဲ့ပုံရိပ် ကျဆင်းအောင် တမင်ဖန်တီးတဲ့လုပ်ရပ်လို့ ယူဆမယ်ဆိုလည်း ယူဆလို့ရပါတယ်” ဟု ကျားခေါင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ကပြောသည် ။


ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စစ်မှန်သောပြည်ထောင်စုစနစ်၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီလမ်းစဉ် သို့ လျှောက်လှမ်းနေသည့်ကာလတွင် ယခုကဲ့သို့ အကြမ်းဖက်ဆောင်ရွက်သူများနှင့်  နောက်ကွယ်မှ ကြံစည်စေခိုင်းသူများအား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ ပြင်းထန်စွာရှုတ်ချကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည် ။


ဦးကိုနီသတ်ဖြတ်ခံရမှုတွင် သေနတ်သမားအား ၀င်ရောက်ဖမ်းဆီးရန်ကြိုးစားသည့် ယာဉ်မောင်းကိုနေဝင်းအသက် ၄၂ နှစ် မှာလည်း သေနတ်သမား၏ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။ ၄င်းသည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်တဦးဖြစ်ကြောင်း SNLD ၏ သဝဏ်လွှာတွင်ဖော်ပြထားသည် ။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates