လားရှိုးကျေးလက်ဒေသခံ မိုင်းနင်းမိသေဆုံး အလောင်းသယ်ထုတ်ဖို့ ရွာသားများ အခက်တွေ့
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကြတ်ကျေးရွာအုပ်စုအတွင်း သံလွင်မြစ်ကမ်းဘေး တာတင်းတန်ကူး တို့ ဆိပ်ရွာဘက် အသွားလမ်းတွင် မြေမြှုပ်မိုင်းနင်းမိကာဒေသခံတဦး သေဆုံးခဲ့ရပြီး မြေမြှုပ်မိုင်း အများအပြား ကျန်ရှိနေသေးသဖြင့် အလောင်းသယ် ထုတ်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည် ။
သံလွင်မြစ် တာတင်းတန်အနီးရှိ မိုင်းကြတ်အုပ်စုပြမြေပုံ |
"ဘယ်သူထောင်လဲတော့မသိဘူး။ ကွန်လုံဘက်က ဆင်းလာ တဲ့ ဗမာ့တပ်မတော် တော့ တာတင်းတန်မှာ စခန်းလာချတယ်။ မိုင်းတွေကများတော့ သူ့ညီက မိုင်းထပ်နင်းမိမှာစိုးလို့သူ့အစ်ကိုဆီ မသွားရဲဘူး မကယ်ထုတ်နိုင်ခဲ့ဘူး။ ရွာပြန်လာပြီး ရွာသားတွေကိုလာခေါ်တာ။ အခုကျနော်တို့ ရပ်ရွာအကြီးအကဲတွေနဲ့ အာဏာပိုင်တွေ၊ လွှတ်တော်အမတ်တွေခေါ်ပြီးအလောင်းသွားသယ်မလို့ " - ဟု ဒေသခံ (ဦး)လုံးစိုင်းက သျှမ်းသံတော်ဆင့် သို့ပြောသည် ။
စိုင်းယီဟော သေဆုံးမှုနှင့်ပတ်သက်၍ ရွာအကြီးအကဲများက အဆိုပါဒေသ အတွင်းစခန်းချနေထိုင်နေသည့် တပ်မတော်အခြေချ လှုပ်ရှားသည့် စစ်ကြောင်းမှူး နှင့် ရဲစခန်းသို့အား တိုင်တန်းထားသည်ဟု ဆိုသည် ။
၎င်းနှင့်ပတ်သက်ပြီး လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းခမ်းက - "စစ်မက်ဖြစ်ပွါး တဲ့နယ်မြေမှာ လွှတ်တော်အမတ်ဖြစ်ရတာ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလုပ်နိုင်သေးတဲ့အပြင် ဘယ်နေရာမှာစစ်ပွဲဖြစ်မလဲ။ ဘယ်နေရာမှာမိုင်းနင်းမိဦးမလဲဆိုပြီး အမြဲစိုးရိမ်စိတ်ပူနေရတဲ့ ဘဝဖြစ်နေတယ် ။ ကျနော်တို့ကတော့ အစိုးရကိုတိုက်တွန်းချင်တယ်။ စစ်ပွဲအမြန်ဆုံးရပ်နိုင်ဖို့ စစ်တပ်နဲ့အမြန်ဆုံး ဆွေးနွေးညှိနှိုင်းပါ။ ထိုးစစ်ဆင်နေတာကို ရပ်တန့်ပေးပါ " - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည် ။
အဆိုပါလမ်းပင် ဖေဖော်ဝါရီလ ၈ ရက်နေ့က နောင်ကော့လွယ်ရွာမှ တအာင်းရွာသား အိုက်ယီ့၏ ကျွဲ ၃ ကောင် လည်း မိုင်းနင်းမိကာ ကျွဲမကြီးနှင့် ကျွဲလေး နှစ်ကောင်နေရာတွင်ပင်သေဆုံးပြီး ကျန်ကျွဲတကောင်မှာရှေ့ခြေ ၂ ချောင်း ဒဏ်ရာ အပြင်းအထန်ရသွားဟု ရွာသား စိုင်းနော် ကပြောသည် ။
အဆိုပါဒေသ (သံလွင်အနောက်ခြမ်း) ဘက်တွင် အစိုးရ တပ်မတော် ခြေမြန်တပ်ရင်းအမှတ် ခမရ ၃၁၂ ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့၊ ကောင်းခါး ကေဒီအေ ပြည်သူ့စစ်တပ်ဖွဲ့ တို့ အပြင်မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ သွားလာလှုပ်ရှားပြီး သံလွင်အရှေ့ခြမ်းတွင်မူ ၀ တပ်ဖွဲ့ လှုပ်ရှားနေထိုင်ပါသည် ။
Tags: General, News