ကွတ်ခိုင်မြို့နယ် သျှမ်းကျေးလက်ဒေသခံ ၂ ဦးအား မသင်္ကာမှုဖြင့် ရက် ၂၀ ကျော် တပ်မတော်ဖမ်းဆီးထား
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အခြေစိုက် စစ်ဗျူ လက်အောက်ခံ တပ်ရင်းက ကျေးလက် ရှမ်းဒေသခံ ၂ ဦးအား မင်္သကာမှု ဖြင့် ရက် ၂၀ ကျော် ကြာဖမ်းဆီးထားရာမှ ပြန်မလွှတ်ပေးသေးသဖြင့် ဆွေမျိုးမိဘများက စိုးရိမ် ပူပန်နေကြကြောင်းစုံစမ်းသိရှိရသည်။
ကွတ်ခိုင်မြို့နယ် ဒတ်ဖာကျေးရွာသား စိုင်းအောင်ဘ (အသက် ၃၂ နှစ်)နှင့် စိုင်းအိုက်ခန့် (အသက် ၂၂ နှစ်)တို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က မြို့တက်ကျွဲပို့ပြီးအပြန် မိုင် ၂၀ ခန့်သာဝေးသော ကွတ်ခိုင်မြို့နှင့် ကာလိုင်ရွာကြား တွင် တပ်မ ၉၉ လှုပ်ရှားစစ်ကြောင်းနှင့်တိုးမိရာမှ စစ်ကြောင်းက ဖမ်းဆီးသွားပြီး ၄ ရက်နေ့မှသာ ဒတ်ဖရွာအုပ်ချုပ်ရေးမှူးအား စစ်ကြောင်းကသွားရောက်အကြောင်းကြားကြောင်း ကွတ်ခိုင်ဒေသခံ စိုင်းရီဆိုင်ကပြောသည်။
အဆိုပါအရေးကူညီဆောင်ရွက်ပေးသည့် သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ်စိုင်းစိန်လူက - သူတို့အဖမ်းခံရကြောင်း ကျနော်သတင်းရရချင်း နယ်စပ်ရေးရာဝန်ကြီး ၊ ရမခ တိုင်းမှူးတွေကိုမေးပါတယ်။ နောက်ဆုံးကွတ်ခိုင်ဗျူဟာမှူးက သူတို့ ၂ ယောက်ကို မသင်္ကာမှုနဲ့ဖမ်းထားတာလို့ တိုင်းမှူးကိုပြောပါတယ်။ သူတို့ ၂ ယောက်ထဲက စိုင်းအောင်ဘကို သျှမ်းပြည်တိုးတက်ရေးပါတီနဲ့အဆက်အသွယ်ရှိတယ်လို့ ဗျူဟာက စွပ်စွဲပြီးဖမ်းဆီးထားတာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့စစ်ဆေးပြီးလို့ SSPP နဲ့အမှန်တကယ် မပတ်သက်ဘူးဆိုရင် အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ပြောတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။
စိုင်းအောင်ဘနှင့် စိုင်းခန့်တို့ ၂ ဦးမှာ ကွတ်ခိုင်မြို့သို့ ကျွဲသွားပို့ပြီးအပြန်ကာလိုင်ရွာအနီးတွင် ၄င်းတို့၏ ထော်လာဂျီစက်ပျက်သွားသဖြင့် ကာလိုင်ရွာရှိအသိတဦးထံဆိုင်ကယ်ငှားကာ စက်ပစ္စည်းဝယ်ရန်အတွက် ကွတ်ခိုင်သို့ပြန်သွားကြောင်း ကွတ်ခိုင်မှအပြန်လမ်းတွင် စစ်ကြောင်းနှင့်ဆုံမိကာ အဖမ်းခံရခြင်းဖြစ်ကြောင်း လည်း စိုင်းစိန်လူက ရှင်းပြသည်။
၎င်းနှင့်ပတ်သက်ပြီး စိုင်းစိန်လူက - ၁၇ ရက်နေ့ သူတို့ရဲ့မိဘတွေနဲ့တွေ့ခွင့်ရတယ်။ သူတို့ ၂ ယောက် အရိုက် တော့ မခံရဘူး။ စစ်ဆေးမှုတော့ခံရတယ်လို့ပြောပါတယ်။ ဒါမယ့် သူတို့ပြန်လွှတ်နိုင်ဖို့တော့ကျနော်တို့ သိန္နီ၊ လားရှိုး ကျားခေါင်းကိုယ်စားလှယ်တွေကနေ အစွမ်းကုန်ကြိုးစားပါမယ်။ ဆိုင်ရာဝန်ကြီးတွေနဲ့ဆက်သွယ်ပါမယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး အစွမ်းကုန်ကူညီပေးသွားပါမယ်။- ဟု ပြောဆိုပါသည်။
ကွတ်ခိုင်မြို့နယ်အတွင်းတွင် တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အများအပြား လှုပ်ရှားလျှက်ရှိရာ ဒေသတွင်းလူထုမှာလည်း နှစ်ဘက်စလုံး၏ သံသယမှု မသင်္ကာမှုတို့ဖြင့်မကြာခဏဖမ်းဆီးရိုက်နက် မှုခံခဲ့ရကြောင်း၊ ထို့အတွက်စစ်ပွဲများ အမြန်ဆုံးရပ်တန့်ရေးအကောင်အထည်ဖော်ပေးစေ လိုကြောင်းဒေသခံများကပြောဆိုပါသည်။
Tags: Human Right, News


