ကျောင်းကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရ ကျောင်းသား/သူ များကို စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပေးမည် - လွိုင်လင်ခရိုင် ပညာရေးမှူးပြော



ကျောင်းကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရထားသည့် ကျောင်းသား/သူ များကို  ဒဏ်ရာ သက်သာ လာသည့် အချိန်ထိ စောင့်ပြီး စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပေးမည်ဟု လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းဌေး ကပြောသည်။


ဖေဖော်ဝါရီ ၂၀ ရက် မနက် ၉ နာရီခွဲ က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ စာစစ် ဌာနသို့ အစိုးရစစ် စာမေးပွဲဖြေဆိုရန် အတွက် ဟမ်းငိုင်းကျေးရွာအုပ်စုမှ အလယ်တန်းကျောင်းသား ၂၄ ဦးမှာ ၄ လုံးထိုး ထိုလာဂျီဖြင့်ဆင်းလာရာ ဟမ်းငိုင်း နှင့်ပန်ကေတုကြားတွင်ယာဉ် တိမ်းမှောက်သဖြင့် ကားဆရာ အပါအဝင် အလယ်တန်းကျောင်းသား/သူများ ၅ ဦး ပွဲချင်းပြီး သေဆုံး ၁၇ ဦး  ဒဏ်ရာရ ရှိကြောင်း သိရသည်။


“ဆရာမကြီးတို့က ဆေးရုံမှာ တက်နေတဲ့ကလေးတွေကို သူတို့နေကောင်းလာတဲ့အထိ စာမေးပွဲကို သီးသန့် မေးခွန်းတစ်ခုနဲ့ ပြန်ပြီးဆောင်ရွက်ပေးဖို့ အစီစဉ်ရှိပါတယ်၊  အခြခံပညာဦးစီးဌာန ကလည်း ညွှန်ကြားထား ပါတယ်၊ ပြည်နယ် ပညာရေးမှူးကလည်း ညွှန်ကြားထားပါတယ်၊သူတို့နေကောင်းတဲ့ အချိန်မှာ သီးသန့်စာမေးပွဲ ပြန်လုပ်ပေးမယ် အဲ့လိုစီစဉ်ထားပါတယ်” လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းဌေး ကပြောသည်။


ဒဏ်ရာ ရရှိထားသည့်   ကျောင်းသား၊ မိဘ နှင့် ဆရာမ စုစုပေါင်း ၁၇ ဦးရှိပြီး  သာမာန်ဒဏ်ရာရသူ ၃ ဦးမှာ  မိုင်းကိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။ ဒဏ်ရာ အနည်းငယ်ပြင်းထန်သည့်  ကျောင်းသား/သူ ၆ ဦး နှင့် ဆရာမ တစ်ဦး အပါအဝင် ကျောင်းသား/သူ မိဘ ၂ ဦး ၊ ယာဉ်နောက်လိုက် ၁ ဦး တို့မှာ လွိုင်လင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ၊ တောင်ကြီး စဝ်စံထွန်းဆေးရုံတွင်မူ ၈ တန်း ကျောင်းသူ နှစ်ဦး ၊ ဒဏ်ရာအထူးစိုးရိမ်ရသူ ၄ တန်း ကျောင်းသားတစ်ဦး နှင့် ကျောင်းသူ တစ်ဦးမှာမူ မန္တလေး ဆေးရုံသို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပို့ဆောင်လိုက်ရသည်။


“မန္တလေးပို့လိုက်တဲ့ကျောင်းသား စိုင်းသီဟ ရဲ့ အခြေအနေက ဆရာဝန်တွေပြောပြချက်အရကတော့ ဦးနှောက်မှာရှိတဲ့အရိုးတွေ သွေးခဲတာတွေမရှိဘူးတဲ့၊ ဘယ်ဘက်ထိပ်မှာရှိတဲ့ သွေးကြောလေးက အရောင်ဖျော့နေတယ်။ သူ အလုပ်မလုပ်နိုင်ဘူးပေါ့ ။ အောက်စီဂျင်ပေးထားရတယ်။ အသက်တော့ ရှုနေတယ်။ သတိတော့ မလည်ဘူးပေါ့။ ဖြစ်တဲ့နေ့ကနေ စပြီးတော့ ဒီနေ့ထိပေါ့ ။ သတိမလည်သေးဘူး ။ ဒါကြောင့် ဒီမနက်ပိုင်းမှာ မန္တလေးဆေးရုံ ကို လွဲပေးလိုက်ရတယ်” ဟု စဝ်စံထွန်းဆေးရုံတွင် လိုက်ပါပံ့ပိုးကူညီဆောင်ရွက်ပေးနေသည့် လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းဌေး က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောသည်။


ဒဏ်ရာရထားသည့် ကျောင်းသား/သူ များကို ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အထိ သျှမ်းပြည်နယ်အစိုးရမှ တာဝန်ယူသွားမည်ဟု ကမ္ဘောဇတိုင်း ဂျာနယ်တွင် ဖော်ပြထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates