မြစ်ကြီးနား၊ မုဒုံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုဒေသခံ ကန့်ကွက်
ကချင်ပြည်နယ် မြစ်ကြီးနား နှင့် မွန်ပြည်နယ် မုဒုံ မြို့များတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား စိုက်ထူရန် NLD ပါတီ ၏အစီအစဉ်အား ကချင်နှင့် မွန်တိုင်းရင်းသားများက ကန့်ကွက်နေကြပါသည် ။
မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံအနီးရှိ မြေနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူခြင်းကို ဗိုလ်ချုပ်၏ ပင်လုံ ကတိကဝတ်များ အကောင်အထည် ဖော်ပြီးမှသာ စိုက်ထူရန် ကချင်နိုင်ငံရေးပါတီ များဖြင့် ဖွဲ့စည်းထားသည့် ကချင်နိုင်ငံရေး ဦးဆောင်မှု ကော်မတီ KPCC မှ ကချင်ဝန်ကြီးချုပ်ထံ တောင်းဆိုထားသည်ဟု သိရသည်။
‘ အခုက တိုက်ပွဲတွေလည်း ပြင်းထန်တယ်။ ဒုက္ခသည်တွေလည်း အများကြီးပဲ၊ ဗိုလ်ချုပ်ကတိကဝတ်က သမီးလက်ထက်မှာလည်း အကောင်ထည်ဖော်မလာသေးဘူး။ လူထုကလည်း ဗိုလ်ချုပ် ကတိကဝတ်ကို အကောင်ထည်ဖော်ပေးဖို့လိုလားတယ်။ ဗိုလ်ချုပ် ကတိကဝတ် အကောင်ထည်ဖော်ပြီးမှ ဆက်လုပ်ဖို့ တောင်းဆိုကြတယ်။ အခု အစိုးရသစ်တက်တာ တစ်နှစ်လောက်ရှိတော့ အခြေအနေသိနေတာလည်း ပါတာပေါ့လေ။ ‘ ဟု မြစ်ကြီးနားဒေသခံ နော်ဆန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ ကြေးရုပ်အား မူလက အောင်ဇေရန်အောင် ဘုရားအနီးတွင် ထားရှိရန် စီစဉ်ခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် စိမ်းမြဧရာ ပန်းခြံအနီးတွင် စီစဉ်လာခြင်းဖြစ်သည်။
မွန်ပြည်နယ် မုဒုံမြို့လယ်ပန်းခြံအတွင်းတွင်လည်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုအပေါ် မွန်ဒေသခံများက ကန့်ကွက်နေပြီး ယခုရက်ပိုင်းအတွင်းမှာပင် မွန်အစိုးရနှင့် တွေ့ဆုံကာ ကန့်ကွက်ခဲ့သည်ဟု သိရသည်။
အဓိကက မုဒုံ မွန်လူငယ် အသင်းက ဦးဆောင် ကန့်ကွက်နေတာ- ဟု ဒေသခံ နိုင်မင်းထူးက ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည်ဟု သတင်းများ စတင်ထွက်ပေါ်ခဲ့သည့် လွန်ခဲ့သည့် ၃ လ ခန့်မှ စတင်ကာ ကန့်ကွက်နေခြင်းဖြစ်ပြီး လတ်တလော ရက်ပိုင်းအတွင်းတွင် ဗိုလ်ချုပ်ကြေးရုပ်အား ကန်သာယာပန်းခြံတွင် ထားရှိရန်စီစဉ်နေသည့်အပေါ် မုဒုံမွန်လူငယ်အသင်းမှ ဦးဆောင်ကာ ထပ်မံကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ပင်လုံကတိကဝတ်များအကောင်ထည်ဖော်ပြီးမှသာ ပန်းခြံအတွင်းထားရှိရန် ( သို့မဟုတ် ) အာဇာနည်ကျောက်တိုင်အနီးရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ကြသည်ဟု မွန်လူငယ် မင်းလတ်က ပြောသည်။
‘ဦးနေဝင်းကလည်း သူအာဏာ ယူထားတာ တရားဝင်အောင် ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွားဆိုပြီး လုပ်ခဲ့တယ်။ တိုင်းရင်းသားတွေ သမိုင်းမှေးမှိန်သလိုဖြစ်နေချိန်မှာ ဗိုလ်ချုပ်ကြေးရုပ်တွေ တိုင်းရင်းသားနယ်တွေကို ပို့နေသလို ဖြစ်နေတယ်။ အစိုးရအနေနဲ့ လက်ရှိအနေထားကို ပြန်သုံးသပ်သင့်တယ် ’ဟု မင်းလတ်က ပြောသည်။
မွန်သတင်းဌာနမှ နိုင်ဗညားအောင်ကမူ မွန်ပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်သာမက အသစ်တည် ဆောက်မည့် သံလွင်မြစ်ကူးချောင်းဆုံ တံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးမည့် အသံများထွက်နေသဖြင့် စိုးရိမ်မိကြောင်း သျှမ်းသံတော်ဆင့် သို့ ပြောဆိုသည်။
Tags: General, News