ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲစာရင်းလာကြည့်သူ နည်းပါး၊ မဲစာရင်းကြည့်ရန် UEC နှင့် ကျားခေါင်း ပါတီနှိုးဆော်
ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ကပ်ထားခဲ့ရာ ကြည့်ရှုသူအလွန် နည်းပါးနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကြေငြာ ချက်ထုတ်ပြန်သည် ။
မဲစာရင်းလာကြည့်သူ အရေအတွက်မှာကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်အရေအတွက်၏ ၆ ဒဿမ ၀၁ ရာခိုင်နှုန်းသာရှိကြောင်းလည်း ကော်မရှင်က ဆိုပြီး မိမိနာမည် မပါသဖြင့်အမည် စာရင်းထည့် သွင်းရန် ပုံစံ (၃) တောင်းသူ ၂ ဒဿမ ရ ရာခိုင်နှုန်း ၊ မဲစာရင်းတွင် မပါသင့်သူပါဝင်နေမှုအား ပုံစံ(၄)ဖြင့် ကန့် ကွက်သူ ၀.၅ ရာခိုင်နှုန်း၊ မဲစာရင်းတွင် အချက်အလက်များမှားယွင်းနေသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် တင် သွင်းသူ ၁.၆ ရာခိုင်နှုန်း သာရှိနေကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည် ။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်ပေါ်စေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် တစ်ဦး မပျက်မကွက် ကြည့်ရှု့ပြီး မဲစာရင်းတောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို ပြုလုပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှိုးဆော်ထားသည် ။
‘ရန်ကုန်မှာက အခုက ပြည်သူတွေက အဆင်မပြေဘူး။ ဒေါ်လာဈေးတက် ကုန်ဈေးနှုန်းတက် ၊ အလုပ်အကိုင် မပေါသလို အန်အယ်လ်ဒီအစိုးရက မြို့တွင်း ဘတ်စကားတွေ ပြုပြင်ပြောင်း လဲရေးလုပ်တော့လည်း သာမန် ပြည် သူတွေအဆင်မပြေပဲ အဲဒီဒဏ်ကိုပါခံလာရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သွားမကြည့်ဖြစ်ဘူး။’ ဟု အမျိုးသားလွှတ်တော် ကြားဖြတ် လစ်လပ်မဲဆန္ဒနယ်ရှိသည့် ကမာရွတ်မြို့နယ်မှ ကိုဆန်းက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။
သျှမ်းပြည်တွင်မူ သျှမ်းတိုင်းရင်းသားပါတီဖြစ်သည့် ကျားခေါင်းပါတီမှ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက မဲဆွယ်စည်းရုံးမှုများလုပ်နေပြီး မဲဆွယ်မှုနှင့်အတူ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများပါ လူငယ်များနှင့် ပူးတွဲလုပ်ဆောင်နေသည်ဟု ပါတီ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်ကပြောသည် ။
မိုင်းရှူးဘက်မှာလည်း လူတွေက သိပ်လာမကြည့်ဘူး။ တအားအဆိုးကြီးမဟုတ်ပေမဲ့ပြဿနာက မဲစာရင်းက မြန်မာစာနဲ့ ရေးထားတော့ ရွာတွေမှာ က မဖတ်တတ်တော့အဲဒါလည်း ပြဿနာရှိတယ်။ မဲပေးရမဲ့ သူတွေ မဲပေးနိုင်အောင်လို့ မဲစာရင်းသွားကြည့်ဖို့ တိုက်တွန်းလိုတယ်။ ဒါမှကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ လမ်းစတွေ ပေါ်လာမှာဖြစ်တယ်။ ဟုစိုင်းကျော်ညွှန့်က ပြောသည် ။
သျှမ်းပြည်တွင် လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိနေပြီး ကျားခေါင်းပါတီမှ ရ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ သျှမ်းပြည်ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ်များတွင် အနိုင်ရရန် ယုံကြည်ထားကြောင်းလည်း ကျားခေါင်းပါတီ ဥက္ကဌခွန်ထွန်းဦးက ပြောသည် ။
ကိုယ့်ကိုကိုယ်အထင်ကြီးလို့ မဟုတ်ဘူး။ ကျွန်တော်တို့ အခြေနေကောင်းမယ်လို့မျှော်လင့်ထားတယ်။ ဟု ခွန်ထွန်းဦးက ပြောကြောင်း The Ladies News သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထား သည်။ မဲစာရင်းကပ်ထားမှုကိုဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိပြုလုပ်မည်ဟုရွေးကောက်ပွဲကော်မရှင်မှ ယခင်က ကြေငြာထားသည် ။
Tags: News, politic