၂၁ ရာစုပင်လုံညီလာခံဒုတိယအကြိမ်နှင့် NCA လက်မှတ်ရေးထိုးမှုပြသနာ



NCA မှာလက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ  UNFC တဖွဲ့လုံးကျန်နေပါသေးတယ်။ လာမယ့် မတ်လဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ အစိုးရက စီစဉ်နေပါတယ်။ တဖက်ကလည်း NCA လက်မှတ်ရေးထိုးကြဖို့ ပြီးခဲ့တဲ့ နှစ် ရ၀ ပြည့် ပြည်ထောင်စုနေ့တုန်းက နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ဘယ်လိုအခက် အခဲ တွေရှိ နေပါသလဲ။ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) - ဒုတိယဥက္ကဌ ခူးဦးရယ် ကို သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

Photo: UNFC အထွေထွေအတွင်းရေးမှူး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP  - ဒုတိယဥက္ကဌ ခူးဦးရယ်
မေး။     ။ မတ်လ (၁) ရက်နေ့လောက်မှာ UNFC နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြမယ့်အပေါ်မှာ ရလဒ်တစ်စုံတစ်ရာ ထွက်နိုင်မလား။ ဘယ်လိုတွေ့ဆုံမှုမျိုးဖြစ်မလဲ။


ဖြေ။    ။ လာမယ့်မတ်လ (၁)ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့မယ့် တွေ့ဆုံမှုဟာ UNFC က ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်ဖော်ဆောင် နိုင်ရေးမှာ NCA လက်မှတ်ရေးထိုးမှုပိုမိုခိုင်မာအောင်လို့ အဆိုပြုဆွေးနွေးစဲဖြစ်တဲ့ အချက် (၈)ချက်နဲ့ပတ်သက်ပြီး ခုချိန်အထိ ရှေ့မတိုး၊နောက်မဆုတ် အခြေ အနေနဲ့ဘဲ တန့်နေတာကြောင့် မူပိုင်းဆိုင်ရာ ကိစ္စအချို့တွေမှာ ဖြတ်ရလွယ်အောင်လို့ အသေးစိတ်ရှင်း လင်းမှုတွေ လုပ်နိုင်ဖို့ ကျနော်တို့ ရည်ရွယ်ပါတယ်။ NCA ကို မူလကတည်းက အတူတကွ ပါဝင်ရေးဆွဲ ဆွေးနွေးမှုရှိခဲ့တယ် ဆိုပေမယ့် အားလုံးအကြေအလည်ညှိနှိုင်းမှု မပြီးပြတ်ခင်မှာ အတင်းလက်မှတ်ရေး ထိုးခိုင်းသ လို ဖြစ်တဲ့အပေါ် မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးမှု အဆင်မပြေခဲ့တာသာဖြစ်ပါတယ်။ လိုအပ်တဲ့ မူပိုင်းဆိုင်ရာကိစ္စတွေမှာ လမ်းညွှန်ပေးသွား နိုင်မယ်ဆိုရင် ဆွေးနွေးမှုမြန်ဆန်စေရေးအတွက် အဆင်ချောသွားနိုင်တယ်လို့ မျှော်လင့်ပါ တယ်။


မေး။    ။ NCA ထိုးဖို့အတွက် ခိုင်မာတဲ့အာမခံချက်ပေးဖို့လိုမယ်ဆိုရင် ဘယ်လိုအာမခံချက်တောင်းမလဲ။


ဖြေ။    ။ NCA ထိုးနိုင်ဖို့ကတော့ အဆိုပြုမှု (၈)ချက်ပြီးပြတ်မသွားသေးရင်တောင် ဘယ်လိုဆက်လက်ညှိနှိုင်း အဖြေရှာသွားမယ်ဆိုတဲ့ လမ်းကြောင်းအ ဆင့်တွေနဲ့ ဖြစ်စဉ်အဆင့်ဆင့်တွေမှာ တန်းတူရည်တူဆွေးနွေးဘက် အနေနဲ့ အသိအမှတ်ပြု သဘောတူလက်ခံပါဝင်သွားနိုင်ဖို့နဲ့ အားလုံးပါဝင်ရေးဟာ မူလကတည်းက ကျနော်တို့တစ်လျှောက်လုံးတင်ပြခဲ့ပြီး ပြဿနာအဝိုင်းအဝန်းမှာ ပါဝင်ပတ်သက်သူအားလုံးပါဝင်ပြီး အတူတကွအဖြေရှာမှ ပြဿနာတခုလုံး ဖြေရှင်းရာ ရောက်တာဖြစ်တဲ့အတွက် အရေးကြီးတယ် ။ ဒါပေမဲ့ ခုချိန်မှာ အားလုံးက တချိန်တည်းမှာ ပါဝင်နိုင်တဲ့ အခြေအနေ၊ အခင်းအကျင်းဖြစ်မ လာသေးရင်တောင်မှ တစ်ချိန်ချိန်မှာ အားလုံးပါဝင်လာနိုင်တဲ့ အခင်းအကျင်းနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေအတွက် အစိုးရဘက်က စဉ်ဆက်မပြတ် ဆောင်ရွက်နေပါ တယ်ဆိုတာကို ကျနော်တို့က အစိုးရဆီကနေ တိကျခိုင်မာတဲ့ ကတိကဝတ်နဲ့ ရယူချင်ပါတယ်။ လူတွေက တချိန်လုံး ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပါဝင်ရေးကိုဘဲ အပြောများနေကြတယ်။ တကယ်တမ်း ညီလာခံအခင်းအကျင်းနဲ့ ဆွေးနွေးအဖြေရှာမှုတွေ စနစ်တကျဖြစ်ဖို့ ကျော်ဖြတ်ရဦးမယ့် အဆင့်တွေရှိ သေးတာကို လူတွေ သိပ်မပြောကြပါဘူး။ NCA ပါ လမ်းပြမြေပုံအရ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရေးမှာတောင် အဖွဲ့ အားလုံးပါဝင် မရေးထိုးနိုင်သေး ဘူး၊ နောက်တဆင့် က နိုင်ငံရေးဆွေးနွေးမှုအတွက် မူဘောင်ကို အပြီးပြတ်ရေးပြီး အတည်ပြုရဦးမှာဖြစ်ပါတယ်။ ဒီမူဘောင်ပြဌာန်းချက်နဲ့အညီ ညီလာခံကို ကျင်းပရမှာ ဖြစ်ပါတယ်။ မူဘောင်လည်း ညှိနေတုန်း၊ ပြန်ရေးရအုံးမယ်၊ အတည်ပြုရအုံးမယ်။ ဒါကြောင့် မူဘောင်မပြီး သေးဘဲနဲ့ ညီလာခံ (၂)ကြိမ်တောင် ကျင်းပခဲ့ပြီးပြီ။ ဘာရလဒ်ကောင်းရလာသလဲ မေးရင် ဘယ်လိုဖြေကြမလည်းဆိုတာသိချင်ပါတယ်။ လူတိုင်းက အဖြေအမျိုးမျိုးရှာကြံပြီး ဖြေကြတာလည်း တွေ့ပါတယ်။ ငွေကုန်လူပန်းဘဲ ဖြစ်ခဲ့ကြတယ်လို့ မြင်ပါတယ်။ မူဘောင်မပြီးသေးပဲ နဲ့လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုတွေလည်း လုပ်နေကြတယ်။ ဒါဟာ NCA ပြန်ဌာန်းချက်အတိုင်း မဖြစ်ခဲ့ဘူးဆိုတာကို လူတိုင်းသိခွင့်ရှိဖို့ လိုပါတယ်။ UPDJC ကဘဲ အပေါ်ကနေ ဇွတ်တရွတ်ဆုံးဖြတ် လုပ်ဆောင်နေသလို တော့ ဖြစ်ပါတယ်။


မေး။     ။ ( UNFC ) တောင်းဆိုထားတဲ့ ရှစ်ချက်အပေါ်မှာ စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိညှိလို့ရရင် NCA ထိုးမှာလဲ။


ဖြေ။   ။ အဆိုပြုမှု (၈)ချက်မှာ အဓိကညှိရအုန်းမဲ့ အချက်တွေ(၂)ချက်ရှိပြီး ကျန်အချက်အချို့ကိုတော့ လက်တွေ့အကောင်အထည်ဖော်မှုမှာ၊ မြေပြင်လုပ်ငန်းခွင် မှာ တကယ်အကောင်အထည်ဖော်ဖို့ သဘောတူရမှာဖြစ်ပါ တယ်။ ဥပမာ- အကြီးစား စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်ရင် ပွင့်လင်း မြင်သာမှု၊တာဝန် ယူ၊တာဝန်ခံမှုနဲ့ ညှိနှိုင်းတိုင်ပင်သဘောတူညီမှုတွေ လိုတယ်၊ နောက်ပြီး နိုင်ငံတကာ ကနေ လူမှုကူညီပံ့ပိုးမှုရယူရာမှာ တကယ်လိုအပ်တဲ့ လိုအပ်နေသူတွေဆီ အမှန်ရောက်ရှိဖို့ ဒေသ အတွင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းသဘောတူညီမှုအပြင် ပူးပေါင်းဆောင် ရွက်မှုရှိဖို့ လို တယ်။ တချို့ကတော့ ဆက် သွားရအုံးမဲ့အဆင့်တွေမှာ ဆက်လက်ညှိနှိုင်းသွားဖို့ သဘောတူကြရမှာ ဖြစ်ပါတယ်။ ဒီကြားထဲ UNFC နဲ့အတူတကွ မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေနဲ့ ဘယ်လို ဆက်ညှိနှိုင်း မလဲဆိုတဲ့ ကတိကဝတ်တွေကိုလည်း ကျနော်တို့ လိုချင်တာပါ။


မေး။    ။( UNFC )အနေနဲ့ (NCA )မှာ လက်မှတ်ထိုးဖို့ အချိန်ကြန့်ကြာမနေသင့်ဘူးဆိုတဲ့အပေါ်မှာ ခူးဦးရယ် အမြင်ဘယ်လိုရှိပါသလဲ။


ဖြေ။     ။ NCA  လက်မှတ်ရေးထိုးဖို့ မကြန့်ကြာသင့်ဘူးလို့ပြောတာဟာ ဘယ်အချိန်မှာ မဖြစ်မနေ လက်မှတ် ရေးထိုးရမယ်လို့ ဘယ်သူကမှ အစကတည်းက ပြောမထားခဲ့ပါဘူး။ အားလုံးနားလည်ထားတာက ဆွေးနွေးမှုတွေအားလုံးသဘောတူလက်ခံနိုင်တဲ့ အချိန်မှာ လက်မှတ်ရေးထိုးဖို့ အသင့်ဖြစ်ရင် လက်မှတ်ရေးထိုးကြမယ်ဆိုတာကို မပြောလဲပဲ လူတိုင်းနားလည်ထားတဲ့ ကိစ္စပါ။ အချိန်မရှိဘူး။ မြန်မြန် ရေးထိုးရမယ်ဆိုတာကို ခုမှဘာကြောင့် ရေးကြီးခွင်ကျယ်ပြောကြသလည်းဆိုတာ နားမလည်ပါဘူး။ ဖြစ် သင့်တာ ဟိုးပြဿနာစဖြစ်စဉ် ကနဦးကတည်းက အစိုးရလုပ်ခဲ့သူတွေနဲ့ သက်ဆိုင်သူတွေ လုပ်ခဲ့သင့်တာပေါ့။ ဟိုတုန်းကလည်း တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အဆင်မပြေခဲ့လို့ မအောင်မြင်ခဲ့ဘူးဆိုတာလည်း လူတိုင်းသိပါတယ်။ ခုတခါမှာလည်းပဲ အဆင်မပြေသေးရင်တော့ ဒီလိုပဲ ကြန့်ကြာနေအုံးမှာပဲ ဆိုတာ ရှင်းရှင်းလေးနားလည်လို့ ရပါတယ်။  ဒီအချိန်မှာ ကျနော်တို့အနေနဲ့ တယောက်ကိုတယောက် လက်ညိုးထိုးအပြစ်ပြောနေရုံနဲ့ အဖြေထွက်လာမှာ မဟုတ်ပါဘူး။ ရွေး ကောက်ပွဲမတိုင်ခင်ကလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းပဲ သေချာစေ့စပ်မှုမရှိသေးပဲ အလျင်စလိုလက်မှတ်ရေးထိုးတာမျိုး မလုပ်သင့်ဘူးဆိုတာကိုလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ဖြစ်လာတဲ့အခါမှာတော့ မြန်မြန်ထိုးဖို့ မကြာခဏပြောလာပြန်တယ်။ ဖေဖော်ဝါရီ (၁၂)ရက် ပင်လုံမှာ လည်း ပြောခဲ့ပါသေးတယ်။ ရဲရဲတင်းတင်းနဲ့ ယုံယုံကြည်ကြည် လက်မှတ်ကြဖို့၊ ညီလာခံတက်ဖို့၊ ဆွေးနွေးမှုအဆင်မပြေလည်း အချိန်မရွေးပြန်လည်ထွက်ခွာသွားနိုင်တယ်လို့ ပြောပါတယ်။ ကျနော်တို့က အဲသလို အရဲစွန့်ပြီး ယုံကြည် စွာနဲ့ လက်မှတ်ရေးထိုးပီးမှတော့ ဆွေးနွေးမှုမှာ အဆင်မပြေလည်း ပြန် လည်ထွက်ခွာသွားဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါကြောင့် သဘောတူညီမှု ခိုင်မာမှ လက်မှတ်ရေးထိုးမယ်လို့ ပြောရတာ ဒီအခြေခံပါဘဲ။ ဒီတွေးခေါ်မှုဟာ ၁၉၉၀ ကာလကျော်တုန်းက စစ်အစိုးရနဲ့ ဆွေးနွေး စဉ်က ပြောခဲ့တဲ့ စကားမျိုး၊ သမတဟောင်းဦးသိန်းစိန်လက်ထက်က ပြောခဲ့တဲ့စကားမျိုးကို ပုံတူကူး ချပြောသလို ဖြစ်တယ်။ ကျနော်တို့က ဆောင်ရွက်ခဲ့မှုအဆင့်ဆင့်တိုင်းမှာ သေချာစေ့စပ်ပြီး ခိုင်မာဖို့ လိုတယ်ဆိုတာကို ဖြတ်သန်းလာရတဲ့ သင်ခန်းစာတွေနဲ့ ပြောနေတာဘဲ ဖြစ်ပါတယ်။ မယုံလို့ မဟုတ်သလို တမင်တကာဟန်ပြအကျိုးစီးပွားအတွက် ရည်ရွယ်ချက်ထားလုပ်နေတာမျိုးတွေဆိုရင် ကျနော်တို့က အစကတည်းက ဒီလိုတွေ့ဆုံမှုမလုပ်ခဲ့ပါဘူး။ အညိုးနဲ့ အမုန်းနဲ့ သာတူညီမျှအသိအမှတ်မပြုဘဲ ဆက်လက်ဆွေးနွေးနေယင်လည်း အဖြေထွက်လာမှာတော့ မဟုတ်ပါဘူး။ ဒါကို သတိချပ်ဖို့ လိုပါမယ်။
မေး။    ။ (NCA )မထိုးရသေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မြန်ပါလာအောင် အစိုးရအနေနဲ့ ဘာလုပ်ပေးသင့်လဲ။


ဖြေ။    ။  အားလုံးကနေ မြန်မြန်ဆန်ဆန် ပါဝင်လက်မှတ်ရေးထိုးစေချင်ရင်တော့ အားလုံးက စိတ်ကြေကြေ နပ်နပ်နဲ့ စိတ်အေးလက်အေး၊ သက်တောင့်သက်သာ လုံခြုံမှုရှိရှိ၊ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခင်းအကျင်းနဲ့ ပတ်ဝန်းကျင်ကို အစိုးရက ဖန်တီးပေးဖို့ လိုပါမယ်။


မေး။    ။ ၂၁ရာပင်လုံ ဒုတိယအကြိမ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး (NCA) မထိုးရင် ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်လဲ။


ဖြေ။    ။  (၂၁)ရာစုပင်လုံညီလာခံမှာ လက်နက်ကိုင်အဖွဲ့အားလုံးလက်မှတ်မရေးထိုးနိုင်သေးယင်တော့ ညီလာခံဟာ အခင်းအကျင်းသိပ်လှမှာတော့ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ ဆွေးနွေးမှု၊ အဖြေရှာမှုနဲ့ ရလာဒ် ကောင်း ရလာဖို့တော့ မမြင်ပါဘူး။


မေး။    ။ တစ်ကယ်လို့ (UNFC) အဖွဲ့ဝင်တွေကို  ၂၁ရာစုပင်လုံ ဒုတိယအကြိမ်မှာ (NCA )မထိုးနိုင်ခဲ့လို့ လေ့လာသူတွေအနေနဲ့ပဲ ဖိတ်ကြားခဲ့မယ်ဆိုရင် ဆရာတို့အနေနဲ့ တက်မလား။


ဖြေ။    ။ (UNFC)  အနေနဲ့ ပြောခဲ့တာ များပါပြီ။ (NCA) မထိုးနိုင်သေးလို့ လေ့လာသူ၊ အထူးဖိတ်ကြားသူ စတာမျိုးတွေနဲ့ ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားရင် တက်မှာမဟုတ်ဘူးဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ (UNFC) အဖွဲ့ဝင်တွေဟာလည်း ownership ဖြစ်သလို ဆွေးနွေး ဘက်တွေလည်း ဖြစ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates